Thursday, July 24, 2014

AGD ဘဏ် ရှယ်ယာလွှဲပြောင်းရေးသည် ငွေဖြူ ဟုတ် မဟုတ်


AGD ဘဏ် ရှယ်ယာလွှဲပြောင်းရေးသည် ငွေဖြူ ဟုတ် မဟုတ်နှင့် ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေအရ ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးရန် အစိုးရနှင့်လွှတ်တော်၌ တာဝန်ရှိလာ
သတင်းဆောင်းပါး
AGD ဘဏ် ရှယ်ယာလွှဲပြောင်းရေးသည် ငွေဖြူ ဟုတ် မဟုတ်နှင့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေအရ ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးရန် အစိုးရနှင့်လွှတ်တော်၌ တာဝန်ရှိလာကြောင်း တိုက်တွန်းပြောဆိုချက်များ ထွက်ပေါ်လျက်ရှိသည်။
အဆိုပါ တိုက်တွန်းပြောဆိုချက်များသည် ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်ထုတ် The Messenger သတင်းဂျာနယ် အတွဲ ၅၊ အမှတ် ၈ ၌ ဦးနေ၀င်း၏မြေး ဦးကျော်နေ၀င်းနှင့် တွေ့ဆုံမေးမြန်းခြင်းကို ဖော်ပြခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
The Messenger သတင်းဂျာနယ်နှင့် ဦးကျော်နေ၀င်းတို့ တွေ့ဆုံမေးမြန်းချက်၌ ဦးကျော်နေ၀င်းက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏စီးပွားရေးရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံရင်းနှီးမြှုပ်နှံရန် ကြိုးစားနေပြီး ဦးတေဇပိုင်ဆိုင်သော AGD ဘဏ်၏ အစုရှယ်ယာ ရာခိုင်နှုန်း ၆၀ ကို ၀ယ်ယူထားပြီး ၈၅ ရာခိုင်နှုန်းအထိဝယ်ယူရန် ပြင်ဆင်ထားသည်ဟုဆိုသည်။
"ကျွန်တော်အပါအ၀င် ကျွန်တော့် Group က ၆၀ ရာခိုင်နှုန်းအစုယူထားတယ်။ ၆၀ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းအထိ ကျွန်တော်တို့ယူဖို့ အစီအစဉ်ရှိတယ်" ဟု ဦးကျော်နေ၀င်းက The Messenger သို့ပြောကြားခဲ့သည်။
ဇူလိုင် ၂၂ ရက်ထုတ် 7 Day သတင်းစာတွင် "AGD ဘဏ်အစုရှယ်ယာကိစ္စ ဘဏ်တာဝန်ရှိသူများနှင့် ဦးနေ၀င်းမြေးတို့ကြား ပြောဆိုချက်များကွဲလွဲနေ" သတင်းဖော်ပြခဲ့ပြီး AGD ဘဏ်၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကိုသာ ဦးကျော်နေ၀င်းသို့ ရောင်းချထားခြင်းဖြစ်ကြောင်း AGD ဘဏ် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးဝေလင်းဦး၏ပြောကြားချက်ကို ဖော်ပြခဲ့သည်။ ဗဟိုဘဏ်၏သတ်မှတ်ချက်အရ ၁၅ ရာခိုင်နှုန်းသာခွင့်ပြုသဖြင့် ထိုပမာဏကိုသာ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု ဦးဝေလင်းဦးက ဆက်လက်ပြောကြားသည်။ ထိုသတင်းမှာပင် ဦးကျော်နေ၀င်းက ၆၀ ရာခိုင်နှုန်းဝယ်ထားပြီး ဖြစ်ကြောင်းနှင့် ၈၅ ရာခိုင်နှုန်းအထိ ၀ယ်ယူရန်ရှိသည်ဟု အခိုင်အမာထည့်သွင်းပြောကြားခဲ့သည်။
The Daily Eleven သို့ဖြေကြားခဲ့သော AGD ဘဏ်မှတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ AGD ဘဏ်တွင် စုစုပေါင်းအစုရှယ်ယာ ၆၁၀၀၀၀ ကျော်ရှိကြောင်း၊ လက်ရှိတွင် ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့် အစုရှယ်ယာ ၉၀၀၀၀ ကို ရောင်းချပြီးဖြစ်ကြောင်းသိရသည်။
လက်ရှိရောင်းချပြီး အစုရှယ်ယာ ၉၀၀၀၀ ကို Mikko အုပ်စုမှ ဦးယဉ်ထွေး၊ ဒေါ်ခင်ဝင်းမော်၊ ဦးသူရမြင့်တို့က အများဆုံးဝယ်ယူခြင်းဖြစ်ပြီး ဦးကျော်နေ၀င်းက ၁၀ ပုံ တစ်ပုံဖြစ်သော ပမာဏ (၉၀၀၀ ဟု စုံစမ်းသိရှိရ)ကို ၀ယ်ယူခဲ့ခြင်းဟု သိရသည်။
ဦးကျော်နေ၀င်း၏ပြောကြားချက်များအရ AGD ဘဏ်၏ အစုရှယ်ယာ ရာခိုင်နှုန်း ၆၀ ကိုဝယ်ယူထားပြီးဖြစ်သည်ဆိုပါက အဆိုပါဝယ်ယူမှု ငွေကြေးပမာဏမှာ ငွေကျပ် ၁၅၀ ဘီလျံဖြစ်သည်ဟု သတင်းထွက်ပေါ်ခဲ့သဖြင့် ထိုငွေကြေးအတွက် ရရှိသော ၀င်ငွေ၊ အခွန်ဆောင်မှုမှာ မေးခွန်းထုတ်စရာဖြစ်နေသည်။
၂၀၀၂ ခုနှစ်မှ ၂၀၁၂ ခုနှစ် ၁၀ နှစ်ကျော်ကာလအတွင်း ဦးကျော်နေ၀င်းမိသားစုအနေဖြင့် ၀င်ငွေရရှိသည့် စီးပွားလုပ်ငန်းလုပ်ကိုင်ခွင့်မရှိခဲ့ဘဲ ၂၀၁၂ ခုနှစ်နောက်ပိုင်း ခရီးသည်သယ်ယူပို့ဆောင်ရေး ဘတ်စ်ကားယာဉ်လိုင်းတစ်ခုကို လုပ်ကိုင်ခဲ့သည့်တိုင် ထိုလုပ်ငန်းမှာ အရှုံးပေါ်ခဲ့သည်။ ထိုသို့အရှုံးပေါ်ခဲ့သည့်အကြောင်းကိုလည်း ဦးကျော်နေ၀င်းက The Messenger ဂျာနယ်တွင် တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့အတူ အခြားအခြားသောလုပ်ငန်းများ၌ ရှယ်ယာထည့်ဝင်လုပ်ကိုင်ခြင်းများရှိသည်ဟုဆိုသော်လည်း ထိုလုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းအမည်များနှင့် အခွန်ဆောင်မှုပမာဏများကို တိတိကျကျ သိရှိရခြင်းမရှိပေ။
The Messenger ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းမှု၌ "ကျွန်တော်တို့မှာ ပိုက်ဆံရှိတာမဟုတ်ဘူး" ဟု ဦးကျော်နေ၀င်းက ပြောကြားခဲ့သည်။
ဦးကျော်နေ၀င်းနည်းတူ AGD ဘဏ်၏ အစုရှယ်ယာအများစုကို ၀ယ်ယူခဲ့သည်ဆိုသော Mikko အုပ်စု၏ အခွန်ငွေပေးဆောင်မှုမှာလည်း အခွန်ဆောင်မှုအများဆုံး ထိပ်တန်းကုမ္ပဏီများစာရင်း၌ ရှိမနေကြောင်း စုံစမ်းသိရှိရသည်။
AGD ဘဏ်၏ ထုတ်ဖော်ပြောဆိုချက်များအရ ဘဏ်၏ရှယ်ယာအများစုကို Mikko အုပ်စုမှ ၀ယ်ယူထားသည်ဟုဆိုသည်။ ဦးကျော်နေ၀င်းကမူ AGD ဘဏ်၏ ရှယ်ယာရာခိုင်နှုန်း ၆၀ ကို ၀ယ်ယူထားပြီး ၈၅ ရာခိုင်နှုန်းအထိ ၀ယ်ယူမည်ဟုဆိုသည်။ ထိုသို့ပြောဆိုရာတွင် ၎င်းတစ်ဦးတည်းဝယ်ယူမည်ဟု ပြောဆိုခြင်းမဟုတ်ဘဲ ၎င်းအပါအ၀င် ၎င်း၏ Group ဟုပြောဆိုထားသဖြင့် ဦးကျော်နေ၀င်းနှင့် Mikko အုပ်စုတို့၏ ဆက်စပ်မှုမှာလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။
ထိုကိစ္စများထက် ပို၍မေးခွန်းထုတ်စရာကောင်းသည့်အချက်မှာ ဦးကျော်နေ၀င်းက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍသို့ဝင်ရောက်ရန် ပြင်ဆင်နေပြီး ထိုသို့ဝင်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့မှုကို တရုတ်ကုမ္ပဏီဖြစ်သော CCOEC (China National Corporation For Overseas Economic Cooperation) က ပေးအပ်မည်ဟုဆိုသည်။ CCOEC ကုမ္ပဏီက ဦးကျော်နေ၀င်းတို့အား အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံပေးအပ်မည်ဖြစ်ပြီး ထိုငွေပမာဏအတွက် Date ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလအထိ ပေးထားသည့်အပြင် သက်တမ်းထပ်တိုးနိုင်မည့်အပြင် လိုအပ်မည်ဆိုပါက ငွေပမာဏကိုလည်း ထပ်တိုးနိုင်မည်ဟု ဦးကျော်နေ၀င်းက The Messenger သို့ပြောကြားသည်။ CCOEC ကုမ္ပဏီသည် အာဏာရှင်ဟောင်းဦးနေ၀င်းနှင့်ရင်းနှီးသည့် ကုမ္ပဏီဖြစ်သည်ဟု ဦးကျော်နေ၀င်းကဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၄၅ ဘီလျံမှ ၄၇ ဘီလျံအကြားရှိထားသည်ဟု ပြောဆိုနေချိန်၌ ထိုငွေပမာဏ၏ ရာခိုင်နှုန်း ၁၀ ကျော်ရှိသော ငွေပမာဏသစ် ထပ်မံဝင်ရောက်မည့်အခြေအနေကို ဆန်းစစ်ရန်မှာ ဗဟိုဘဏ်နှင့် အစိုးရတွင် တာဝန်ရှိနေသည်ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
"AGD ဘဏ်က ရှယ်ယာတွေကို သူတို့ဝယ်လိုက်တယ်။ ဘယ်လိုပုံစံနဲ့ဝယ်တယ်ဆိုတာ သိရတာကောင်းတယ်။ ကျန်တာကိုတော့ ဗဟိုဘဏ်ကပဲ တာဝန်ယူရတော့မယ်။ ဗဟိုဘဏ်ကို အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့အတွက် အရင်ကနဲ့တူတဲ့ လုပ်ဆောင်မှုတွေရှိမှာမဟုတ်ဘူးလို့ ယူဆရတယ်။ ဒီကိစ္စမှာ ဗဟိုဘဏ်အပြင် အစိုးရအပေါ်မှာလည်း တာဝန်ရှိတယ်" ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
"ကျွန်တော်ထင်တယ်။ အဲ့ဒီ့ကိစ္စတွေလုပ်ရမှာက ဗဟိုဘဏ်ကနေပြီး ဒီကိစ္စကို Investigate လုပ်ပြီးတော့ သူတို့ရဲ့လုပ်ဆောင်ရမယ့် ၀တ္တရားတွေကို အတိအကျ လုပ်ဆောင်သင့်တယ်လို့ ကျွန်တော်တော့မြင်ပါတယ်။ တိုင်းပြည်တစ်ပြည်မှာ အာဏာရှင်ဟောင်းမိသားစုတစ်စုက ၄ ဒသမ ၉ ဘီလျံကို သူ့အဖိုးနဲ့သိလို့ရခဲ့တယ်။ နောက် invest လုပ်မယ်လို့ပြောတယ်ဆိုတာကတော့ ဒါတော့မေးခွန်းထုတ်စရာ အများကြီးရှိသွားပါပြီ။ အဲ့ဒါကို အဓိကလုပ်ရမယ့်သူတွေကတော့ မီဒီယာတွေက တာဝန်ကျေစွာနဲ့ မေးခွန်းထုတ်ပါတယ်။ ဒါပေမဲ့ တကယ့်တကယ်အကောင်အထည်ဖော်ပြီး Investigate လုပ်ရမှာ၊ ဆောင်ရွက်စရာရှိတာတွေကိုလုပ်ရမှာက အစိုးရနဲ့ဗဟိုဘဏ်ပဲ ဖြစ်ပါတယ်" ဟု ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်က ပြောကြားသည်။
ဦးကျော်နေ၀င်းက AGD ဘဏ်မှရှယ်ယာများဝယ်ယူခြင်းအတွက် ငွေဖြူပြခြင်းကို မည်သည့်ငွေဖြင့် လုပ်ဆောင်မည်ဆိုခြင်းအား တိတိကျကျပြောဆိုထားခြင်းမရှိသော်လည်း လျှပ်စစ်ထုတ်လုပ်ရန်အတွက် လိုအပ်သောငွေကြေးကို CCOEC မှပေးသော အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံဖြင့် လုပ်ဆောင်မည်ဟုဆိုသည်။
ဦးနေ၀င်း၏မိသားစုဝင်များအနက် ဦးနေ၀င်း၏သမက်ဖြစ်သူ ဦးအေးဇော်ဝင်းနှင့်သားများဖြစ်သည့် ဦးကျော်နေ၀င်း၊ ဦးအေးနေ၀င်း၊ ဦးဇွဲနေ၀င်းတို့မှာ ၂၀၀၂ ခုနှစ်တွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်အတွင်း ၁၀ နှစ်ကျော်နေထိုင်ခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ် နှင့် ၂၀၁၃ ခုနှစ်တို့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူများဖြစ်သည်။ ထိုကာလများအတွင်း ဦးနေ၀င်း၏သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းမှာလည်း နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသူဖြစ်သည်။
၎င်းတို့အကျဉ်းကျခံနေရစဉ်အချိန်များနှင့် ပြန်လည်လွတ်မြောက်ချိန်နောက်ပိုင်း လုပ်ကိုင်ခဲ့သည့် လုပ်ငန်းများမှရရှိသောဝင်ငွေသည် ပြောစမှတ်ပြုရသည်အထိ သတင်းထွက်ပေါ်ခဲ့ခြင်းမရှိသော်လည်း ယခုကဲ့သို့ AGD ဘဏ်မှ ရှယ်ယာများကို ၀ယ်ယူလိုက်ခြင်း၊ တရုတ်ကုမ္ပဏီ CCOEC ထံမှ ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံကို "အဘိုးနှင့်ရင်းနှီးမှုရှိသည်၊ ၎င်းတို့ကိုယုံကြည်သည်" ဆိုသောအကြောင်းပြချက်ဖြင့် ရရှိခဲ့ခြင်းဆိုသည်မှာ အများပြည်သူအကြားတွင် အံ့အားသင့်စရာဖြစ်ခဲ့ရသည်။ နိုင်ငံရေးဆောင်းပါးများရေးသားနေသည့် စာရေးဆရာ ထင်လင်းဦး (Wisdom Villa) က ယခုရက်ပိုင်းအတွင်း ဦးကျော်နေ၀င်းတို့၏ လှုပ်ရှားမှုနှင့် ထုတ်ဖော်ပြောဆိုမှုများသည် မြန်မာပြည်သူများအတွက် အကြီးဆုံးပြဿ နာဖြစ်လာသည်ဟု ဆိုပါသည်။
"တိုင်းပြည်အတွက် ထောင်ကျသွားတဲ့သူတွေ အများကြီးပါပဲ။ ထောင်ကျသွားတော့ အပြင်မှာ ငတ်ငတ်ပြတ်ပြတ်နဲ့နေရတယ်။ ကိုယ်ကျိုးရှာပြီး ထောင်ကျသွားတဲ့သူတွေကျတော့ ထောင်ထဲကထွက်လာတဲ့အခါ ဘဏ်ပိုင်ရှင်တွေဖြစ်သွားတယ်။ ဒါတွေက မရိုးသားဘူးဆိုတာထင်ရှားတယ်။ ထောင်ထဲကထွက်လာပြီးမှ ဒီငွေကြေးတွေက သူတို့ဘဏ်စာရင်းထဲကို ရောက်သွားတာလား။ ဒါမှမဟုတ် သူတို့ရဲ့အဘိုး ဦးနေ၀င်း မဆလခေတ်ကလုပ်ခဲ့တဲ့ ကိစ္စတစ်ခုရှိတယ်။ ၁၉၈၇ ခုနှစ် စက်တင်ဘာလမှာလုပ်ခဲ့တာ။ တို့နိုင်ငံထဲက ပြည်တွင်းသုံးငွေတွေကို တရားမ၀င်ငွေကြေးဆိုပြီး ကြေညာတာ။ သူတို့ကဘာအကြောင်းပြလဲဆိုတော့ နိုင်ငံထဲကို ငွေစက္ကူအတုတွေဝင်လာလို့တဲ့။ ဒါပေမဲ့ နိုင်ငံထဲမှာ လှည့်ပတ်စီးဆင်းတဲ့ငွေဆိုတာက ပြည်သူတွေလက်ထဲက ဘီလျံပေါင်းများပဲ။ ဒီငွေတွေကို တရားမ၀င်ဘူးကြေညာလိုက်တဲ့အခါ ငွေတွေအားလုံး အလဟဿ ဖြစ်သွားတယ်။ ဒီငွေကြေးတွေဘယ်ရောက်သွားလဲဆိုတာ တစ်ချိန်လုံးဖြစ်နေခဲ့တဲ့ သံသယပဲ။ အခုတော့ တစ်စခန်းထလာတယ်လို့ပဲ တွေးရတာပေါ့" ဟု ဦးထင်လင်း ဦး(Wisdom Villa) ကဆိုသည်။
အမှန်တကယ်အားဖြင့်လည်း ဦးနေ၀င်းသည် တိုင်းပြည်ဘဏ္ဍာငွေများကို မိမိပိုင်ငွေကြေးသဖွယ်သုံးစွဲခဲ့ပြီး ၎င်းကိုယ်ကျိုးအတွက် အသုံးပြုခဲ့သည့်အချက်များမှာ သမိုင်းစာမျက်နှာတွင် မှတ်တမ်းများအဖြစ် ရှိနေခဲ့ပြီးဖြစ်သည်။
"ဦးနေ၀င်းကတော့ အရင်တုန်းကတော့ ဗိုလ်ချုပ်ကြီးနေ၀င်း၊ သူက ဆိုရှယ်လစ်ခေတ်ကတည်းကိုက သူတိုင်းပြည်ဆင်းရဲနေတဲ့ကြားမှာတောင်မှ လေယာဉ်ပျံငှားပြီးတော့ Charter Flight နဲ့ ဥရောပနိုင်ငံတွေသွားတယ်။ ဂျာမနီသွားတယ်။ သြစတြီးယားသွားတယ်။ လန်ဒန်သွားတယ်။ ပြီးတော့အပန်းဖြေတယ်ဆိုတဲ့ သာဓကတွေက အများကြီးရှိခဲ့တယ်လေ။ နောက်သူ့လက်ရုံး Charter Flight တွေမောင်းခဲ့ဖူးတဲ့ နိုင်ငံခြားသားတွေ၊ ပိုင်းလော့တွေနဲ့တောင်မှ ကျွန်တော်တို့စကားပြောဖူးတာပဲလေ။ အသေအချာကို တခမ်းတနားနဲ့ နိုင်ငံတော်ဘဏ္ဍာဆိုတာကို သုံးပြီးသွားတာပဲလေ" ဟု ဆိုရှယ်လစ်ခေတ် အာဏာရှင်များအကြောင်းကို အစဉ်တစိုက်လေ့လာရေးသားမှုများပြုလုပ်နေသော ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်က ပြောကြားသည်။
ဦးနေ၀င်းသည် နိုင်ငံခြားခရီးစဉ်များ သွားရောက်ချိန်တိုင်း မိမိကိုယ်မိမိ လူချမ်းသာတစ်ဦးအသွင်ပြသလေ့ရှိပြီး ဥရောပအပါအ၀င် နိုင်ငံအချို့တွင် ကျောက်မျက်ရတနာအရောင်းဆိုင်များဖွင့်ထားသည်ဆိုသော မှတ်တမ်းများမှာလည်း မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းကို ရေးသားသည့် စာအုပ်များ၌ ထည့်သွင်းဖော်ပြခဲ့သည်။
၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းကထွက်ရှိခဲ့ပြီး စာရေးဆရာအောင်စွမ်းရေးသားခဲ့သည့် "အာဏာရှင်ခေတ်ကျော်ကြားခဲ့သော ဆရာတပည့်နှစ်ဦး" စာအုပ်တွင်လည်း ဦးနေ၀င်းသည် ၎င်းလက်ထက်တွင် ကျောက်မျက်ရတနာပြပွဲများကို နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ထိုပြပွဲများသည် ၎င်းပိုင်ဆိုင်သောပစ္စည်းများကို လေလံပစ်သလိုဖြစ်ခဲ့ကြောင်း ကြားသိရသည်ဟု ဖော်ပြခဲ့သည်။
ထို့အတူ လေလံပစ်ရန်ပြုလုပ်ထားသည့် ကျောက်မျက်ရတနာများအနက် ထက်ဝက်ခန့်ကိုသာရောင်းချရပြီး ကျန်ထက်ဝက်ခန့်ကို ဆွစ်ဇာလန်မှ ဦးနေ၀င်း၏မိတ်ဆွေ ကျောက်ကုန်သည်ထံသို့ ကော်မရှင်ဖြင့်ရောင်းရန် ပို့ရကြောင်းနှင့် ထိုပစ္စည်းများ မည်မျှရောင်းချရ၍ နိုင်ငံအတွက် မည်မျှဝင်ငွေရရှိသည်ဆိုခြင်းကို ထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း စာအုပ်၌ရေးသားခဲ့သည်။
ဦးနေ၀င်းသည် ၎င်းပိုင်ဆိုင်ထားသော ငွေကြေးမြောက်မြားစွာကို ဆွစ်ဇာလန်နိုင်ငံရှိဘဏ်များတွင် စာရင်းဖွင့်ထားကြောင်း၊ ဂျာမနီကဲ့သို့ နိုင်ငံများတွင် ကျောက်မျက်ရတနာဆိုင်များဖွင့်ထားကြောင်း သတင်းများရှိနေသော်လည်း ထိုသို့မရှိကြောင်း ဦးနေ၀င်း၏မြေး ဦးကျော်နေ၀င်းက The Messenger ၌ ပြောကြားသည်။
ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်က ဆွစ်ဇာလန်ဘဏ်တွင် ဦးနေ၀င်းက ငွေစာရင်းဖွင့်ထားကြောင်း ပြောဆိုနိုင်သည့် အထောက်အထား ၎င်းတွင်ရှိသည်ဟုဆိုပါသည်။
"ဆွဇ်ဘဏ်မှာရှိတဲ့ငွေနဲ့ပတ်သက်ပြီးတော့ amount ပမာဏကို ကျွန်တော်တို့မသိရသော်လည်းဘဲ ကျွန်တော်တို့ မျက်မှန်တင်ဦး အရင်တုန်းက ထောက်လှမ်းရေးဦးစီးချုပ်ဟောင်းပေါ့။ ဦးနေ၀င်းကနေပဲ ပြန်ပြီးထောင်ချခဲ့တဲ့သူပေါ့။ သူ့ရဲ့လက်ရေးနဲ့ ရေးထားတဲ့စာတစ်ခု ကျွန်တော့်မှာရှိပါတယ်။ အဲ့ဒါသူ့ကို တရားစွဲစဉ်တုန်းက တရားရုံးလျှောက်လဲချက်တွေပါတာပေါ့နော်။ အားလုံးပေါင်း စာမျက်နှာပေါင်း ၂၀ ကျော်၊ ၃၀ လောက်ရှိမယ်ထင်တယ်။ အဲဒီအထဲမှာ စာတစ်ကြောင်းပါပါတယ်။ ဘာလဲဆိုတော့ ဦးနေ၀င်းရဲ့ အဲ့ဒီဆွဇ်ဘဏ်မှာ အပ်ထားတဲ့ငွေတွေပြန်ရဖို့ကိုလည်း မျက်မှန်တင်ဦးက ကူညီပြီးတော့ ဆောင်ရွက်ပေးခဲ့ဖူးပါတယ်ဆိုတာတွေ၊ mention လုပ်ထားတာတွေရှိပါတယ်။ ဒါဟာသာဓကတစ်ခုပဲဖြစ်ပါတယ်" ဟု ဦးအောင်ဇော်ကဆိုသည်။
ပြည်မြို့တွင် အခြေခံပညာအထက်တန်းအောင်မြင်ပြီး တက္ကသိုလ်တွင် နှစ်နှစ်နေထိုင်ကာ ရဲဘော်ဖြစ်သွားသည့် ဦးနေ၀င်းကဲ့သို့ လူတစ်ဦးသည် နိုင်ငံခြားဘဏ်တစ်ခုတွင် များပြားသောငွေများ စုနိုင်သည်ဆိုခြင်းမှာ မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။
"ပြည်သူ့အတွက် လုပ်ခဲ့တာလည်းမဟုတ်ဘူး။ သူလုပ်ခဲ့တာဆိုလို့ ပြည်သူပိုင်ပစ္စည်းတွေကိုယူခဲ့တာ၊ လုပ်ခဲ့တာပဲရှိတယ်။ ကျွန်တော်တို့သိရသလောက်တော့ ဦးနေ၀င်းသည် ဆိုရှယ်လစ်ကာလတစ်ခုလုံးမှာ ဆေးသွားကုတဲ့အခါတိုင်း ၊နိုင်ငံခြားသွားတဲ့အခါတိုင်းမှာ သူဟာအရှေ့တောင်အာရှနိုင်ငံတွေကိုသွားခဲ့တာထက်စာရင် ဥရောပနိုင်ငံအတော်များများကိုသွားပြီးတော့ လနဲ့ချီပြီးနေခဲ့တာပါ။ သြစတြီးယားတို့ ဂျာမနီတို့၊ နောက် အနောက်ဂျာမနီတို့၊ နောက်လန်ဒန်တို့ အဲ့ဒီ့ကိုသွားပြီး အဲဒီမှာရှိတဲ့ သူ့ရဲ့လေ့လာမှုတွေအကုန်လုံးကလည်း အဲဒီဘဏ္ဍာငွေနဲ့ပတ်သက်ပြီး အဲဒီထဲကနေပဲသူသုံးခဲ့တာပါ။ ဆိုတော့ ဒါဆိုရင်တော့ကျွန်တော်တို့ ခန့်မှန်းလို့ရပါတယ်။ သူဟာအာဏာရှင်တစ်ယောက်အနေနဲ့ ဘယ်လောက် corruption ရှိခဲ့တယ်ဆိုတာကို ခန့်မှန်းလို့ရတယ်" ဟု ဦးအောင်ဇော်က ဆက်လက်ပြောကြားသည်။
ခြစားမှုများဖြင့် ဦးနေ၀င်းပိုင်ဆိုင်ခဲ့သည်များကို ၎င်း၏မိသားစုဝင်များက မည်မျှအထိ ရရှိခံစားနေရသည်ဆိုသည်နှင့် လက်ရှိအချိန်တွင် ပေါ်ပေါက်လာသော ဦးနေ၀င်းမိသားစုက အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံရင်းနှီးမြှုပ်နှံမည့်အပေါ် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံနိုင်မှုရှိရမည်ဟု အသံကောင်းဟစ်ကြွေးနေသည့် သမ္မတဦးသိန်းစိန်အစိုးရက မလွဲမသွေဖော်ထုတ်ရမည်ဟု ဦးအောင်ဇော်ကဆိုပါသည်။
"နောက်တစ်ခုက သိပ်စိတ်ဝင်စားဖို့ကောင်းတာက ဆူဟာတိုခေတ်တုန်းကလိုပဲ တကယ့် oligarchy တွေပဲ သူတို့တွေပြန်ပြီးတော့ ခေါင်းထောင်လာတာကို ကျွန်တော်တို့တွေ့ရတယ်။ ဆူဟာတိုတုန်းကလည်း ဆူဟာတိုမိသားစုနဲ့ သူ့ရဲ့သားသမီးတွေပဲ အခုအချိန်အထိ ကျိကျိတက်ချမ်းသာတဲ့လူတွေအဖြစ်နဲ့ ကျန်ခဲ့တယ်။ အခုအချိန်အထိလည်းသူတို့ပဲ။ အခုလည်း မြန်မာပြည်မှာဆို နောက်ဆုံးကျတော့ ဆူဟာတိုရဲ့ မိတ်ဆွေဟောင်းဖြစ်ခဲ့ဖူးတဲ့ အာဏာရှင်ဟောင်းဦးနေ၀င်းမိသားစုက အခုလိုခေါင်းပြန်ထောင်လာတယ်ဆိုတာကတော့ ဦးသိန်းစိန်အစိုးရအနေနဲ့ ဦးသိန်းစိန်ရဲ့ transparency ရှိရမယ်။ accountability ဆိုတဲ့ခေတ်ကြီးမှာမှ ခေါင်းပြန်ထောင်လာတာဆိုတော့ ရယ်စရာကြီးဖြစ်နေတာပေါ့" ဟု ဦးအောင်ဇော်က ပြောကြားသည်။
ဦးနေ၀င်းမိသားစု တစ်ကျော့ပြန်ခေါင်းထောင်လာသည့်နည်းတူ ခေတ်အဆက်ဆက် တိုင်းပြည်ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့မိသားစုဝင်များ ရင်းနှီးမြှုပ်နှံသုံးစွဲနေသည့် ငွေကြေးများမှာလည်း ငွေဖြူ ဟုတ်၊ မဟုတ်စစ်ဆေးရန် သမ္မတဦးသိန်းစိန်အစိုးရ၌ တာဝန်ရှိနေသည်။
The Messenger သို့ပြောကြားခဲ့သည့် ဦးကျော်နေ၀င်း၏ပြောစကားများထဲတွင် ထောင်မှလွတ်မြောက်လာပြီးချိန်၌ ဦးတေဇအပါအ၀င် နာမည်ကျော် ဘဏ်လုပ်ငန်းပိုင်ရှင်များ၊ ပြည်ထောင်စုလွှတ်တော်နာယက
သူရဦးရွှေမန်း၏သား ဦးအောင်သက်မန်းတို့အပြင် ဒုတိယသမ္မတဟောင်း (ယခင်ဗိုလ်ချုပ်ကြီး) သီဟသူရတင်အောင်မြင့်ဦး၏သားတို့နှင့်လည်း ရင်းနှီးမှုရှိသည်ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံပြင်ပတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ပမာဏရှိသော ငွေစာရင်းငါးခုရှိနေကြောင်း သတင်းထွက်ပေါ်ခဲ့သည့်တိုင် ထိုကိစ္စရပ်ကို အစိုးရနှင့်လွှတ်တော်က စုံစမ်းဖော်ထုတ် ရှင်းလင်းနိုင်ခဲ့ခြင်းမရှိခဲ့ပေ။
ယခုအချိန်တွင် အဆိုပါ ၁၁ ဘီလျံငွေစာရင်း၌ ဦးနေ၀င်း၏ ငွေကြေးများပါဝင်နေသည်ဆိုသော သတင်းများထွက်ပေါ်လာပြီး ထိုကိစ္စရပ်နှင့် အာဏာရှင်ဟောင်းမိသားစုက အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ ရင်းနှီးမြှုပ်နှံမှုအပေါ် အစိုးရ၊ ဗဟိုဘဏ်နှင့် လွှတ်တော်တို့က တာဝန်ခံစိစစ်ရန် လိုအပ်လာသည်။
"တွေးမိတဲ့အချက်က သူတို့အချင်းချင်းကြားမှာ ချိတ်ဆက်မှုတွေရှိနေလိမ့်မယ်။ အစိုးရသစ်လက်ထက်မှာ ဓာတ်ငွေ့ရောင်းချရတာ ၁၀ ဘီလျံရှိတယ်လို့သိရတယ်။ ဒါက အခုမှသိရတာ။ အရင်တုန်းကလုပ်ခဲ့တာတွေလည်းရှိမယ်။ တစ်ဒေါ်လာကို ၁၀၀၀ တို့၊ ၁၁၀၀ တို့ဖြစ်နေတဲ့အချိန်မှာ အဲဒီငွေတွေအားလုံးကို ခြောက်ကျပ်နဲ့ ဘဏ်သွင်းခဲ့တာ။ နေရင်းထိုင်ရင်း ဘာမှမလုပ်ဘဲ ၁၀၀၀ မြတ်နေတယ်။ မြန်မာနိုင်ငံက ဟိုတုန်းက Common Wealth မှာရှိတုန်းက Funding အဖြစ်နဲ့ ကမ္ဘာ့ဘဏ်မှာတင်ထားတဲ့ Fund တွေရှိတယ်။ အဲဒီနောက်ပိုင်းမှာ မြန်မာက ကမ္ဘာ့ငွေကြေးဈေးကွက်က နုတ်ထွက်လိုက်တယ်။ နုတ်ထွက်တဲ့အခါ အပေါင်တင်ထားတဲ့ရွှေတွေ ဘယ်ရောက်သွားလဲ။ ပြန်ပြီးဖော်ထုတ်ဖို့ တောင်းဆိုဖို့ တာဝန်ရှိလာပြီ" ဟု ဦးထင်လင်းဦး (Wisdom Villa) က ပြောကြားသည်။
အာဏာရှင်ဟောင်းမိသားစု၏ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ခြေလှမ်းများ၊ စစ်ဗိုလ်ချုပ်ဟောင်းများ၏ ရင်းနှီးမြှုပ်နှံမှုငွေကြေးများနှင့် အခြားအမည်မဖော်ပြနိုင်သော ငွေကြေးစီးဆင်းမှုများသည် ငွေဖြူ၊ငွေမည်း ပြုလုပ်မှု၊ ငွေကြေးခ၀ါချမှုများနှင့်လည်း ပတ်သက်နေနိုင်ကြောင်း သုံးသပ်ချက်များရှိသည်။
"ငွေဖြူ၊ငွေမည်းလုပ်တဲ့အခါ ပုံစံအမျိုးမျိုးရှိတယ်။ များသောအားဖြင့် ငွေဖြူ၊ငွေမည်းလုပ်တာကို ဆင်းရဲပြီး ထုတ်ကုန်မဖွံ့ဖြိုးတဲ့နိုင်ငံတွေ၊ နိုင်ငံရေးမတည်ငြိမ်တဲ့နိုင်ငံတွေမှာ တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံထဲကိုစီးဝင်နေတဲ့ ငွေပမာဏတွေထဲမှာ တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ ဘယ်လောက်ရှိသလဲဆိုတာကို အစိုးရနဲ့ဗဟိုဘဏ်မှာ ခန့်မှန်းတွက်ချက်ဖို့ တာဝန်ရှိတယ်" ဟု ဒေါက်တာအောင်ကိုကိုကဆိုသည်။
မြန်မာနိုင်ငံ၌ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ် မတ် ၁၄ ရက်က ပြည်တော်စုလွှတ်တော်၌ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။
ထိုဥပဒေအရ ပေါ်ပေါက်လာသည့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က ငွေကြေးဆိုင်ရာကိစ္စရပ်များကို စုံစမ်းအရေးယူနိုင်မည်ဖြစ်သည်။ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သည် ငွေကြေးခ၀ါချမှု သို့မဟုတ် ငွေကြေးခ၀ါချမှုဥပဒေနှင့်သက်ဆိုင်သည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်သည်ဟု သံသယရှိလျှင် စိစစ်ချက်ရလဒ် သို့မဟုတ် အခြားသောသက်ဆိုင်ရာရရှိသည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံသို့ ဆောလျင်စွာပေးအပ်ခြင်း၊ ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းများ၏ တောင်းဆိုချက်နှင့်အညီ ပေးအပ်ခြင်းပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် ဥပဒေပါကိစ္စရပ်များကို အကောင်အထည်ဖော်သည့် ပြည်တွင်းမှ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ငွေကြေးခ၀ါချမှုနှင့် ငွေမည်းကိုင်တွယ်မှုကို အများဆုံးလုပ်ဆောင်သူများမှာ (၁) အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုလုပ်ဆောင်သော အာဏာရှင်ဟောင်းများ၏မိသားစုဝင်များ၊ ယခင်အစိုးရနှင့် ယခုအစိုးရလက်ထက် ထိပ်ပိုင်းနေရာများတွင်ရှိနေသူအချို့နှင့် ၎င်းတို့၏မိသားစုဝင်များ၊ (၂) အခွန်မဆောင်ဘဲ အခွန်ရှောင်မှုပြုလုပ်နေသော ခရိုနီနှင့် ခရိုနီမဟုတ်သောလုပ်ငန်းရှင်များ၊ (၃) မူးယစ်ဆေးဝါးရောင်းချရမှုမှ ၀င်ငွေရရှိနေသူများ ဖြစ်ကြသည်။
ထိုသုံးခုကို အစိုးရနှင့်ဗဟိုဘဏ်က ဖော်ထုတ်နိုင်ခြင်းမရှိပါက နိုင်ငံတကာနှင့်ပြည်သူများအကြားတွင် ယုံကြည်မှုရှိလာမည်မဟုတ်ဘဲ လက်ရှိအခြေအနေအရ အာဏာရှင်ဟောင်း ဦးနေ၀င်းမိသားစုဝင်များက AGD ဘဏ်တွင် ရှယ်ယာထည့်ဝင်ခြင်းနှင့် နိုင်ငံခြားငွေဖြင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အစိုးရက စံနမူနာပြအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန် တာဝန်ရှိလာခြင်းဖြစ်သည်။
ထို့ပြင် အစိုးရနှင့်လွှတ်တော်က ဖော်ထုတ်ခြင်းမပြုလုပ်ပါက ပြည်သူများအနေဖြင့် ဗဟိုဘဏ်နှင့် ဘဏ်များအပေါ် ယုံကြည်စိတ်ချမှုမရှိဖြစ်လာပြီး ၂၀၀၂ ခုနှစ် ဘဏ်များပြိုလဲခဲ့သည် ဘဏ္ဍာရေးအကျပ်အတည်း နောက်တစ်ကြိမ်ပေါ်ပေါက်လာနိုင်ပါသည်။ ထိုသို့ ဘဏ်များပြိုလဲသည်နှင့် ပြည်သူလူထု၏ ငွေကြေးများပင် ထပ်မံဆုံးရှုံးသွားမည့် အန္တရာယ်ရှိနေပါသည်။
အခြားတစ်ဖက်တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် အခြားသောဥပဒေများတွင် ပြဋ္ဌာန်းချက်များအရလည်း တိုင်းပြည်ဘဏ္ဍာငွေ အလွဲသုံးစားပြုခြင်း၊ ငွေကြေးခ၀ါချမှု၊ ငွေဖြူငွေမည်း ပြုလုပ်မှုများဖြင့် လုပ်ဆောင်သည့် မည်သည့်ကိစ္စရပ်ကို အချိန်ကာလစည်းမျဉ်းသတ်မှတ်ချက်မရှိဘဲ အရေးယူအပြစ်ပေးမှုများ ပြုလုပ်နိုင်ကြောင်း ဥပဒေပညာရှင်များက သတိပေးပြောကြားသည်။
ထို့ကြောင့် AGD ဘဏ်ကိစ္စသည် ပြည်သူများနှင့် နိုင်ငံတကာ စီးပွားရေးအသိုင်းအ၀ိုင်းအား မြန်မာနိုင်ငံ၏ ဘဏ်နှင့်ငွေကြေးစနစ်ခိုင်မာမှုကိုပြသရမည့် စမ်းသပ်မှုတစ်ခုဖြစ်သည်။

AGD ဘဏ်၏ ရှယ်ယာဝယ်ယူခဲ့သူများ၏ အခွန်ပေးဆောင်မှုအပိုင်း
ကျပ်ဘီလျံပေါင်းများစွာ တန်ဖိုးရှိသည့် ဘဏ်ရှယ်ယာများကို ဝယ်ယူရန်အတွက်ဆိုပါက အခွန်ငွေကျပ် ဘီလျံဆယ်ဖြင့်ချီကာ ပေးဆောင်ထားသည့် ဝင်ငွေရလမ်းပြနိုင်သော ငွေများရှိမှသာ ဝယ်ယူနိုင်မည်ဖြစ်သည်။
ကျပ်ဘီလျံများစွာ အသုံးပြု၍ AGD ဘဏ်ရှယ်ယာများကို အများဆုံးဝယ်ယူသူ ဦးယဉ်ထွေး၊ ဒေါ်ခင်ဝင်းမော်၊ ဦးသူရမြင့်တို့သည် Mikko Snack Industry လီမိတက်၊ Golden Key ကုမ္ပဏီလီမိတက်၊ MMC ကုမ္ပဏီလီမိတက်နှင့် Gold Roast Group ကုမ္ပဏီများဖြင့် ဆက်စပ်ပတ်သက် လုပ်ကိုင်ခဲ့သူများဖြစ်သည်။
ယခင်နှစ်က ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း ၅ဝဝ ဦး စာရင်းတွင်မူ အဆိုပါ ကုမ္ပဏီများထဲမှ Golden Key ကုမ္ပဏီနှင့် Gold Roast ကုမ္ပဏီအမည်များသာ ပါဝင်ကြောင်း၊ Golden Key ကုမ္ပဏီသည် ထိပ်တန်းဝင်ငွေခွန်ပေးဆောင်သူ ၅ဝဝ ဦးစာရင်းတွင် အဆင့် ၂၂၄ ရှိကြောင်း၊ Gold Roast ကုမ္ပဏီသည် ဝင်ငွေခွန် ၅ဝဝ ဦးစာရင်းတွင် အဆင့် ၄၉၆ ဖြင့် အောက်ဆုံးနား၌ ပေးဆောင်ထားပြီး ကုန်သွယ်လုပ်ငန်းခွန် ထိပ်တန်း ၅ဝဝ စာရင်းတွင် အဆင့် ၁၆၆ တွင် ပေးဆောင်ထားသည်ကို ထုတ်ပြန်ချက်များအရ သိရသည်။
ထိုသို့ ပေးဆောင်ထားမှုများအရဆိုပါက ၎င်းကုမ္ပဏီအမည်များဖြင့် ပေးဆောင်ထားသည့် အခွန်ငွေပမာဏမှာ ကျပ်သိန်း ထောင်ဂဏန်းသာ ရှိနိုင်မည်ဖြစ်သည်။
ယခုမူ ကျပ်ဘီလျံများစွာပေး၍ AGD ဘဏ်၏ ရှယ်ယာအများစုကို ဝယ်ယူနိုင်မှုကိုကြည့်လျှင် စားသောက်ကုန်လုပ်ငန်းများ၏ ဝင်ငွေအပေါ် ပေးဆောင်သင့် ပေးဆောင်ထိုက်သည့် အခွန်ပေးဆောင်ခြင်း ရှိ မရှိ မေးခွန်းထုတ်စရာ ရှိနေမည်ဖြစ်ပြီး ပေးဆောင်သင့် ဆောင်ထိုက်သည်ထက် ငါးဆမှ ၁ဝ အထိ လျော့နည်းပေးဆောင်နေသည့် အခြေအနေကိုလည်း ဖော်ပြလျက်ရှိသည်။

မြန်မာနိုင်ငံသားများ အစိုးရသစ်လက်ထက် မြှုပ်နှံမှုပမာဏ
၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက်အထိ နိုင်ငံအတွင်း မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံသည့် ပမာဏစုစုပေါင်းမှာ ကျပ်ဘီလျံပေါင်း ၄၄၉ဝ ကျော်အထိ ရှိလာခဲ့သည်။
၂ဝ၁၁ ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံသားများ မြှုပ်နှံခဲ့သည့်ပမာဏမှာ ကျပ်ဘီလျံပေါင်း ၁၄၃ဝ ကျော်သာ ရှိခဲ့ရာ ၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက်အထိ လပေါင်း ၃ဝ အတွင်း ထပ်မံမြှုပ်နှံခဲ့သည့် ပမာဏမှာ ကျပ်ဘီလျံပေါင်း ၃ဝဝဝ ကျော်အထိ ရှိခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိုပါ မြှုပ်နှံငွေများမှာ ဝင်ငွေရလမ်းပြနိုင်သည့်ငွေ သို့မဟုတ် အခွန်ပေးဆောင်ပြီးသောငွေများ ဟုတ်၊ မဟုတ် စိစစ်မှုမရှိဘဲ မြှုပ်နှံခွင့်ပေးခြင်းများဖြစ်သည်ဟု လုပ်ငန်းရှင်များကိုယ်တိုင် ပြောကြားသည်။
“မမေးဘူး။ ကိုယ့်ကုမ္ပဏီ ဘဏ်အကောင့်ထဲမှာ မြှုပ်နှံမယ့်ငွေပမာဏထည့်ထားပြီးသားကို ပြလိုက်တာပဲ။ ဘာရလမ်းမှတော့ မစစ်ဘူး။ ကိုယ်လုပ်မယ့်အလုပ်က ဥပဒေအရ မြှုပ်နှံလို့ရတဲ့လုပ်ငန်းဖြစ်မယ်၊ ငွေရှိကြောင်းပြနိုင်မယ်ဆိုရင် စည်းကမ်းချက်နဲ့ ကိုက်တာနဲ့ ခွင့်ပြုပေးတာပဲ” ဆိုသောစကား မှာ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံခဲ့သူကိုယ်တိုင် ပြောပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဆိုလျှင် ဘဏ်ထဲတွင် ငွေထည့်ထားသည့် အကောင့်ကိုပြနိုင်တိုင်း အဆိုပါ ငွေများငွေဖြူဖြစ်သွားသလားဟု မေးခွန်းထုတ်စရာဖြစ်နေသည်။
အကယ်၍ စိစစ်ခဲ့မည်ဆိုပါက ယခုလပေါင်း ၃ဝ အတွင်း မြှုပ်နှံသည့် ငွေပမာဏ ကျပ်ဘီလျံ ၃ဝဝဝ ကျော်စလုံး ရလမ်းမပြနိုင်သည့် ငွေများဖြစ်ခဲ့လျှင် နိုင်ငံတော်အနေဖြင့် အခွန်ပြန်စည်းကြပ်ပါက ကျပ်ဘီလျံ ၁ဝဝဝ နီးပါးအထိ နိုင်ငံတော်အခွန်ရမည်ဖြစ်သည်။
မစိစစ်ခဲ့သည့်အတွက် အခွန်ငွေကျပ်ဘီလျံပေါင်းများစွာ နစ်နာခဲ့ရသည်မှာ ထင်ထင်ရှားရှား ရှိနေသည်။

ဦးကျော်နေ၀င်းအား အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံ ငွေကြေးအထောက်အပံ့ပေးမည်ဆိုသော CCOEC တရုတ်ကုမ္ပဏီ
China National Corporation For Overseas Economic Cooperation (CCOEC) သည် ၁၉၆၅ ခုနှစ်တွင် တရုတ်နိုင်ငံတော်ကောင်စီ ခွင့်ပြုချက်ဖြင့် တည်ထောင်ခဲ့သော လုပ်ငန်းဖြစ်သည်။ အဓိကလုပ်ငန်းများမှာ သတ္တု၊သယ်ယူပို့ဆောင်ရေး ကဏ္ဍများနှင့် ရထားလမ်းကဏ္ဍများမှလွဲပြီး ကျန်ရှိသော ဆောက်လုပ်ရေးသုံး ပစ္စည်းအားလုံးတင်ပို့ခြင်းအား လုပ်ဆောင်ခဲ့သည်။
၁၉၉၈ ခုနှစ်တွင် တရုတ်နိုင်ငံခြားကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာနက China General Techno-logy (Group) Holding Ltd. ကို တည်ထောင်ခဲ့သည်။ ထိုသို့ တည်ထောင်ခဲ့သည့် လုပ်ငန်းတွင် လက်ခွဲကုမ္ပဏီလေးခုပါဝင်ပြီး CCOEC က တစ်ခုအပါအဝင်ဖြစ်သည်။ လက်ရှိအချိန်တွင် CCOEC သည် နိုင်ငံတကာစီမံကိန်းများ စာချုပ်ချုပ်ဆိုခြင်း၊ စွမ်းအင်စက်ရုံတည်ဆောက်ခြင်း၊ ပြည်တွင်း ပြည်ပကုန်သွယ်ရေး၊ နိုင်ငံခြားစီးပွားရေးအကူအညီ၊ အလုပ်သမားပူးပေါင်းဆောင်ရွက်ရေး အစရှိသည်တို့ကို ဆောင်ရွက်လျက် ရှိသည်။
ထို့ပြင် CCOEC သည် တရုတ်နိုင်ငံ၏ နိုင်ငံခြားအကူအညီအစီအစဉ်အောက်၌ နိုင်ငံပေါင်း ၁ဝဝ ကျော်တွင် စွမ်းအင်၊ အလင်း ရောင်ရရှိရေး၊ ဓာတုစက်ရုံများ၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ အားကစား၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မြို့ပြတည်ဆောက်ရေး အစရှိသည့် စီမံကိန်းပေါင်း ၆ဝဝ ကျော်ကို လုပ်ဆောင်လျက်ရှိသည်။

ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေ
ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ တွင် အောက်ပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှ ရရှိသောငွေကြေးနှင့် ပစ္စည်းများကို ငွေကြေးခဝါချမှု ပြုလုပ်ခြင်းသည် ဤဥပဒေနှင့် သက်ဆိုင်စေရမည်။ (က) ဂိုဏ်းဖွဲ့ကျူးလွန်သည့်ပြစ်မှုများ၊ (ခ) ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် သက်ဆိုင်သည့် ပြစ်မှုများ၊ (ဂ) ဥာာဏ ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ထိပါးမှုနှင့် သက်ဆိုင်သည့်ပြစ်မှုများ၊ (ဃ) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာသည့်ပြစ်မှုများ၊ (င) အခွန်တိမ်းရှောင်မှုနှင့် အခြားခွန်ဆိုင်ရာ မှုခင်းများနှင့် သက်ဆိုင်သည့်ပြစ်မှုများ၊ (စ) ပင်လယ်ဓားပြ မှုနှင့်သက်ဆိုင်သည့်ပြစ်မှုများ (ဆ) အကြမ်းဖက်မှုဆိုင်ရာပြစ်မှုများ (ဇ) သတင်းအချက်အလက်ကို ဦးစွာသိရှိနိုင်သူက မိမိရှိသည့်သတင်းအချက်အလက်ကို အသုံးပြု၍ မိမိကိုယ်တိုင်ဖြစ်စေ၊ ယင်းသတင်းအချက်အလက်ကို သူတစ်ပါးအားပေးအပ်၍ ဖြစ်စေ၊ တရားမဝင် အကျိုးအမြတ်ရရှိရေးအတွက် ဆောင်ရွက်ခြင်းနှင့် ဈေးကွက်ထိန်းချုပ်ရန် ပြုလုပ်ခြင်းဆိုင်ရာ ပြစ်မှုများ၊ (ဈ) နိုင်ငံတော်၏ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အနည်းဆုံး ထောင်ဒဏ်တစ်နှစ်နှင့်အထက် ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း၊ (ည) ဤဥပဒေနှင့် သက်ဆိုင်သည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်၍ အခါအားလျော်စွာ သတ်မှတ်သည့်ပြစ်မှုများ၊ (ဋ) ပုဒ်မခွဲ(က) မှ ပုဒ်မခွဲ (ည) ပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း သို့မဟုတ် ကျူးလွန်ရန်အကြံဖြင့် စီစဉ်ဆောင်ရွက်ခြင်းကို ပြုလုပ်မှုဖြင့်သော်လည်းကောင်း၊ ပျက်ကွက်မှုဖြင့်သော်လည်းကောင်း၊ ပူးပေါင်းပါဝင်ခြင်း၊ အကူအညီပေးခြင်း၊ ပံ့ပိုးခြင်း၊ အထောက်အပံ့ပေးခြင်း၊ စီမံခန့်ခွဲခြင်း၊ အကြံဥာဏ်ပေးခြင်း၊ ဂိုဏ်းအဖွဲ့ဝင်ဖြစ်ခြင်း နှင့် အခြားတစ်နည်းနည်းဖြင့် ဆက်စပ်ပတ်သက်သည့်ပြစ်မှုဟူ၍ ပြဌာန်းထားသည်။
ဥပဒေ၏အခန်း (၁၁) ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်းတွင် ပုဒ်မ ၄၃ မည်သူမဆို ငွေကြေးခဝါချမှုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁ဝ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်၊ ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း ကို ကျပ်သန်း ၅ဝဝ ထိ ငွေဒဏ်ချမှတ်ရမည်၊ အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်အား ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်ရမည်။
ဆက်လက်ဖတ်ရှုရန် -  http://news-eleven.com/local/agd-%E1%80%98%E1%80%8F%E1%80%B9-%E1%80%9B%E1%80%BD%E1%80%9A%E1%80%B9%E1%80%9A%E1%80%AC%E1%80%9C%E1%82%8A%E1%80%B2%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%9E%E1%80%8A%E1%80%B9-%E1%80%B1%E1%80%84%E1%80%BC%E1%80%BB%E1%80%96%E1%80%B4-%E1%80%9F%E1%80%AF%E1%80%90%E1%80%B9-%E1%80%99%E1%80%9F%E1%80%AF%E1%80%90%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%B1%E1%80%84%E1%80%BC%E1%80%B1%E1%81%BE%E1%80%80%E1%80%B8%E1%80%81%E1%81%80%E1%80%AB%E1%80%81%E1%80%BA%E1%80%99%E1%82%88%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%96%E1%80%BA%E1%80%80%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%A5%E1%80%95%E1%80%B1%E1%80%92%E1%80%A1%E1%80%9B
 

No comments:

Post a Comment