Thursday, July 24, 2014

၆၅ ပြားမှ ပြား ၄၀ ဒီမိုကရေစီသို့



၂၅ ဇူလိုင် ၂၀၁၄ တွင်ထုတ်ဝေမည့် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

၆၅ ပြားမှ ပြား ၄၀ ဒီမိုကရေစီသို့
=================
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံရရှိနေသည့် ဒီမိုကရေစီစနစ်မှာ ၆၅ ပြား ဒီမိုကရေစီစနစ်ဟုဆိုရမည်ဖြစ်သည်။ လွှတ်တော်ထဲတွင် ၇၅ ရာခိုင်နှုန်းသော လွှတ်တော်အမတ်ပမာဏသည်သာ ရွေးကောက်တင်မြှောက်ထားသော အမတ်ပမာဏဖြစ်သည်။ အကြောင်းကြောင်းကြောင့် လစ်လပ်နေသော မဲဆန္ဒနယ်များရှိနေခဲ့လျှင် ၇၅ ရာခိုင်နှုန်းထက်လည်း လျော့နည်းနိုင်ခြေရှိသည်။ ထို့ကြောင့် အမှန်တကယ်ရွေးကောက်တင်မြှောက်ခံထားရသော လွှတ်တော်အမတ်အရေအတွက်မှာ ၇၀ မှ ၇၅ ရာခိုင်နှုန်းခန့်သာရှိသည်။ ယခုလွှတ်တော်တွင်ဆိုလျှင် ရွေးကောက်ခံကိုယ်စားလှယ်ပမာဏ ၇၂ ရာခိုင်နှုန်းသာရှိသည်။ လွှတ်တော်အမတ်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်ကနေရာယူထားသည်။ ဒုတိယသမ္မတသုံးဦးရွေးချယ်ရာတွင် စစ်တပ်မှတစ်ယောက်ကို ရွေးချယ်ရသည့်အတွက် နဂိုရှိသည့်ပမာဏမှာ ၆၇ ရာခိုင်နှုန်းသာ ရွေးကောက်ခံအဖြစ်ကျန်ရှိသည်။ မြန်မာနိုင်ငံ၏ အဆင့်အမြင့်ဆုံးနှင့် အာဏာအရှိဆုံး လုံခြုံရေးအဖွဲ့အစည်းဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ၁၁ ဦးတွင် ခြောက်ဦးကို ကာကွယ်ရေးဦးစီးချုပ်ကရွေးချယ်သည်။ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတကရွေးချယ်ပိုင်ခွင့်မရှိသည့်အပြင် အရေးပါသည့်ဝန်ကြီးဌာနသုံးခုမှ ၀န်ကြီးများကိုလည်း ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ပိုင်ခွင့်ရှိနေသည်။ တရားစီရင်ရေးမဏ္ဍိုင်တွင် တပ်မတော်က သီးခြားစီရင်လျက်ရှိသည်။ နိုင်ငံတော်အာဏာကို တပ်မတော်က သိမ်းပိုက်ခွင့်ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားသည်။ ထိုကဲ့သို့ ဒီမိုကရေစီမျိုးမှာ ၆၅ ပြားဒီမိုကရေစီဟု ပြည်သူများကြားတွင် နာမည်ကျော်ခဲ့သည့် ဒီမိုကရေစီမျိုးသာဖြစ်သည်။
မြန်မာနိုင်ငံ၏ဒီမိုကရေစီစနစ်မှာ နဂိုကတည်းကပင် ၆၅ ရာခိုင်နှုန်းခန့်သာရှိခဲ့ရာမှ ယခုအခါ ပီအာစနစ်ကိုအစားထိုးဖို့ ကြိုးပမ်းနေသောအခါ ၆၅ ရာခိုင်နှုန်းပင် မရရှိနိုင်တော့သည့်အခြေအနေသို့ရောက်ရှိနေပြီး ပြည်သူလူထု၏ရွေးချယ်နိုင်ခွင့်မှာ ၄၀ ရာခိုင်နှုန်းထိ ကျဆင်းသွားရတော့မည်ဖြစ်သည်။ ထိုပုံစံအတိုင်းသာဆိုလျှင် ပြည်သူလူထုက ၎င်းတို့နှစ်သက်သည့်သူကို ရွေးချယ်နိုင်ခွင့်ရှိသည့်ပမာဏမှာ ၄၀ ရာခိုင်နှုန်းသာရှိတော့သည်။ ထိုမျှနည်းပါးသောပမာဏမှာ မည်ကဲ့သို့စွမ်းဆောင်နိုင်တော့မည်နည်း။ ပြည်သူလူထုကို မည်ကဲ့သို့ကိုယ်စားပြုကြမည်နည်း။ အခုလက်ရှိအချိန်၌ပင် လွှတ်တော်ထဲ၌ရှိနေသည့် ၂၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်အရေအတွက်သည် ကိုယ်စားပြုစရာ မဲဆန္ဒနယ်မရှိ၊ သူတို့မဲဆန္ဒနယ်များအတွက် တင်ပြစရာမရှိ အကျည်းတန်လွန်းလှသည်။ ဒီမိုကရေစီစနစ်တိုင်းတွင် လွှတ်တော်၌ရောက်ရှိနေသည့် ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့ကိုယ်စားပြုသည့် မဲဆန္ဒနယ်နှင့် မဲဆန္ဒရှင်များရှိရစမြဲပင်ဖြစ်သည်။
ထိုသို့ မဲဆန္ဒနယ်ပင်မရှိသည့် ၂၅ ရာခိုင်နှုန်းလွှတ်တော်ထဲတွင်ရှိနေရာမှ ယခုလို ပီအာစနစ်ကို ထပ်မံအသက်သွင်းရန်ကြိုးပမ်းသောအခါ ပြည်သူရွေးချယ်သည့် နောက်ထပ် ၂၅ ရာခိုင်နှုန်းပမာဏ လွှတ်တော်ထဲတွင် ထပ်မံပျောက်ဆုံးဖွယ်ရှိနေသည်။ ထိုအတိုင်းဆိုပါက ၅၀ ရာခိုင်နှုန်းသာ မဲဆန္ဒနယ်ရှိလာမည့်အနေအထားဖြစ်သည်။ ထိုကဲ့သို့ ဒီမိုကရေစီမျိုးကို ပြား ၄၀ ဒီမိုကရေစီဟုသာခေါ်ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် နိုင်ငံရေးနယ်ပယ်မှမထွက်မချင်း ပီအာစနစ်ကို အစားထိုးအသုံးပြုခြင်းသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကိုအရေခြုံထားသော အရေခြုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။
ပီအာစနစ်သည် ၁။ ဒီမိုကရေစီရင့်ကျက်လာသောအချိန်တွင်သာ အသုံးပြုသင့်သောစနစ်တစ်မျိုးဖြစ်သည် ၂။ စစ်တပ်က နိုင်ငံရေးနယ်ပယ်ထဲမှ ထွက်ခွာသွားသောအချိန်ကျမှသာ အသုံးပြုခြင်းသည် သဘာဝကျမည်ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင်သာ ပီအာစနစ်ကိုအသုံးပြုခဲ့ပါက မြန်မာနိုင်ငံ၏ဒီမိုကရေစီစနစ်မှာ ပြား ၄၀ ဒီမိုကရေစီစနစ်၊ အရေခြုံထားသော ဒီမိုကရေစီစနစ်သာဖြစ်မည့်အပြင် အာဏာရှင်ဒီမိုကရေစီနိုင်ငံတစ်ခုသို့ဦးတည်ရန် ခြေလှမ်းပြင်သကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပြီး တပ်မတော်အား မူလနေရာသို့ ပြန်လည်မရောက်မချင်း ဒီမိုကရေစီအခွင့်အရေးများကို ထပ်မံပိတ်ပင်လိုက်သော ပီအာစနစ်ကိုကျင့်သုံးရန် လုံးဝသင့်တော်လိမ့်မည်မဟုတ်ကြောင်း The Daily Eleven က အလေးအနက် တိုက်တွန်းရေးသားအပ်ပါသည်။

No comments:

Post a Comment