Monday, July 21, 2014

မန္တလေးမြို့ကို အကြမ်းဖက်သမားများလက်အောက် ယာယီကျရောက်စေခဲ့သော လီဆည်တိုင်ကြားမှုများ ပြည်ထဲရေးဖွင့်ချပြီ (Text Report)


မန္တလေးမြို့ ၂၈လမ်း၊ ၈၂လမ်းထောင့်တွင် ဖွင့်လှစ်ထားသော ဆန်းကဖေးပိုင်ရှင် ညီအစ်ကိုနှစ်ဦးက ၎င်းအား အဓမ္မပြုကျင့်ခဲ့သည်ဟု လီဆည်ကာ အမှုဖွင့်ခဲ့သူ အသက် ၃ဝအရွယ် မစိုးစိုးအမည်ခံ မဖြူဖြူမင်း(ခ) ကတုံးမ၏ ခင်ပွန်း ကိုမင်းသူရဇော် (ခ) နိုမိုဟာမက် မူးယစ်ဆေးဝါးမှုဖြင့် ထောင် ၁၆နှစ် ကျခဲ့၍ အဆိုပါအမှုအား ကူညီပေးနေသူများက ငွေကျပ် ၁ဝသိန်းပေးမည်ဆိုသဖြင့် အမှုကိုလီဆည်ဖွင့်ခဲ့သည်ဟု ပြည်ထဲရေးဌာနက အသေးစိတ် ထုတ်ပြန်ကြေညာခဲ့သည်။

၂၁ရက်ကြာ စီအိုင်ဒီ မှုခင်းရဲတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးမှုဖြင့် ကိုမင်းသူရဇော်အား ပြီးခဲ့သည့် ဧပြီ ၁ဝရက်နေ့၌ ထောင် ၁၆နှစ် ချမှတ်ခဲ့ချိန်တွင် တရားရုံးအတွင်း အော်ဟစ်ဆူပူခဲ့သော ကိုရဲထွဋ်၊ ဦးခင်မောင်ထွေးနှင့် ဒေါ်မာလာတို့ ၃ဦးကို တရားရုံးစာရေး ဦးတင်မောင်ဝင်းက ချမ်းအေးသာဇံမြို့နယ်တွင် အမှုဖွင့်တိုင်ကြားခဲ့ရာမှ စတင်ခဲ့သည်ဟု ဆိုသည်။

တရားရုံးစာရေး ဦးတင်မောင်ဝင်းအား တန်ပြန်အမှုဖွင့်ရန်အတွက် ဒေါ်မာလာ၏ သမီး မဟေမာကျော် (ကိုမင်းသူရဇော်၏ ညီမ)က တရားလိုပြုလုပ်၍ ကိုရဲထွဋ်နှင့် မနုနုမြတ်တို့က သင်ကြားပေးသည့်အတိုင်း တည်းခိုခန်းတစ်ခုတွင် ဦးတင်မောင်ဝင်းက အဓမ္မပြုကျင့်ခဲ့ကြောင်း ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပြီးခဲ့သည့် မေလ ၂၁ရက်နေ့၌ လီဆည်အမှုဖွင့်ခဲ့သည်။

မန္တလေးမြို့ စစ်ကိုင်းလမ်းခွဲတွင် နေထိုင်သော ဟာဂျီထွန်းထွန်းနှင့် ကိုရဲထွဋ်၊ မနုနုမြတ်တို့ ရင်းနှီးခဲ့ရာက ဟာဂျီထွန်းထွန်းနှင့် လူမှုရေးပြဿနာများရှိသော ဆန်းကဖေးပိုင်ရှင် ညီအစ်ကို ကိုဆန်းမောင်နှင့် ကိုနေဝင်းတို့အား လုပ်ကြံလီဆည်ရန်အတွက် ကိုရဲထွဋ်အား အကူအညီတောင်းခံခဲ့ရာမှ ခင်ပွန်းသည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျနေ၍ ငွေကြေးအကျပ်အတည်းဖြစ်နေသော မစိုးစိုး အမည်ခံ မဖြူဖြူမင်းအား ငွေ ၁ဝသိန်းပေးကာ ဆန်းကဖေး ညီအစ်ကိုနှစ်ဦးက အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သည်ဟု ပျဉ်းမနားရဲစခန်းတွင် လီဆည်အမှုဖွင့်တိုင်ကြားမှု ပေါ်ပေါက်လာသည်ဟု ပြည်ထဲရေးဌာနက ဇူလိုင် ၁၉ရက်နေ့တွင် အသေးစိတ် သတင်းထုတ်ခဲ့သည်။

ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ အကြံပြုချက်ဖြင့် လီဆည်တိုင်တန်းသူ မစိုးစိုး အမည်ခံ မဖြူဖြူမင်း (ခ) ကတုံးမ၊ လီဆည်တိုင်တန်းရန် ညွှန်ကြားသူ ကိုရဲထွဋ်နှင့် မနုနုမြတ်၊ ဒေါ်မာလာနှင့် မဟေမာကျော်တို့ကို အရေးယူဆောင်ရွက်လျက်ရှိပြီး ကိုရဲထွဋ်၊ ဒေါ်မာလာနှင့် မဟေမာကျော်တို့ ၃ဦး လွတ်မြောက်နေဆဲဖြစ်သည်ဟု တရားဝင်ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါ လီဆည်တိုင်တန်းမှုအား လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေသော အသုံးအနှုန်းများဖြင့် အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် အခြေစိုက် သစ်ထူးလွင်စာမျက်နှာက ဇွန် ၃ဝရက်နေ့တွင် ဖော်ပြခဲ့ပြီး ဇူလိုင် ၁ရက်နေ့တွင် မန္တလေးအကြမ်းဖက်မှုကို ဖြစ်စေသော ပြဿနာများ ဆက်တိုက်ပေါ်ပေါက်ခဲ့ပြီး လူ ၂ဦးသေဆုံးကာ ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ လူသတ်မှု၊ မီးရှို့ဖျက်ဆီးမှုများအတွက် သံသယရှိသူ ၄၉ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ပြည်ထဲရေးက ဆိုသော်လည်း အကြမ်းဖက်မှုဖြစ်စေရန် လူမှုကွန်ရက်စာမျက်နှာတွင် အစွန်းရောက်သွေးထိုးလှုံ့ဆော်သော ပုဂ္ဂိုလ်များကိုမူ ဖမ်းဆီးအရေးယူမှုများ မရှိသေးပေ။

No comments:

Post a Comment