Tuesday, July 22, 2014

NLD ကျန်းမာရေးကွန်ရက်မှ ဆရာဝန်များကို တရုတ် သင်တန်းပေးမည်


ရန်ကုန်၊ ဇူလိုင် ၂၁
အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကျန်းမာရေးကွန်ရက်မှ ဆရာဝန် ၁၅ ဦးကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် တစ်လကြာ သင်တန်း တက်ရောက်ရန် China Foundation for Peace & Development (CFPD) ဖိတ်ခေါ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက The Voice သို့ ပြောကြားသည်။
အဆိုပါသင်တန်းကို သြဂုတ်လအတွင်း စတင်နိုင်ဖွယ်ရှိပြီး CFPD က တာဝန်ရှိသူများနှင့်လည်း ကျန်းမာရေးသင်တန်း စီမံကိန်း အသေးစိတ်ကို ဆွေးနွေးကြမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“တကယ်အရေးပေါ် လူနာတစ်ယောက် လမ်းမှာ ရှော့ဖြစ်ရင် ဆရာဝန်လည်း ကုသပေးနိုင်ဖို့ ခက်တယ်။ အရေးပေါ်ဖြစ်ရင် ကုသပေးဖို့ သင်တန်း တက်ထားတော့ ကောင်းပါတယ်။ ရန်ကုန်မြို့မှာ အရေးပေါ်ဖြစ်ရင် ကုသပေးတဲ့ အဖွဲ့တွေ ရှိတယ်ဆိုတာ သိပေမယ့် ဘယ်မှာ ဘယ်အဖွဲ့က ခုလို ကူညီနေလဲ မသိတော့ အကူအညီတောင်းရ ခက်နေတယ်” ဟု အရေးပေါ် လူနာတစ်ဦးကို ပြုစုခဲ့သူတစ်ဦးက ဆိုသည်။
အမျိုးသားကျန်းမာရေး ကွန်ရက်သည် လက်ရှိတွင် တိုင်းဒေသကြီး ငါးခုနှင့် ပြည်နယ် သုံးခုတွင် နယ်လှည့်ဆေးကု ပေးခြင်းများ ဝန်ဆောင်မှု ပေးလျက်ရှိသည်။

No comments:

Post a Comment