“ပြည်သူတွေကြားထဲ သာမန်အရပ်ဝတ်နဲ့ရောက်လာတာပါ၊ အခမ်းအနားမှူးက
ထီးပိတ်ပေးပါ၊ ဦးထုတ်ချွတ်ပေး ပါဆိုတော့လည်း သာမန်ပြည်သူတစ်ဦးလိုပဲ
လိုက်နာပါတယ်၊ ၁ဝနာရီ၃၇ မိနစ်မှာ ဥဩဆွဲပြီး အလေးပြုကြတော့ လည်း
လိုက်ပြုပါတယ်”လို့ လုံခြုံရေးတာဝန်ကျ ရဲအရာရှိတစ်ဦးကဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၊ကန်သာယာကွင်းမှာရှိတဲ့ အာဇာနည်ကျောက်တိုင်မှာ (၆၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တခြားမြို့တွေ နည်းတူ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်ဟာ အရပ်ဝတ်ဝတ်ပြီး တခြားပြည်သူတွေနဲ့အတူ လာရောက်အလေးပြု ခဲ့တယ်လို့ သိရပါတယ်။
၈၈ မျိုးဆက်အဖွဲ့ဝင်တစ်ဦးက တိုင်းဒေသကြီးဝန်ကြီးချုပ်ကို ခုလို ပြည်သူကြားမှာ အရပ်ဝတ်နဲ့ တွေ့ရမယ်လို့ မထင်မိဘူးလို့ ဆိုပါတယ်။ ၀န်ကြီးချုပ်ဦးသိန်းအောင်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အောက်မေ့ဖွယ် ဓာတ်ပုံပြခန်းကိုလည်း လေ့လာခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ အာဇာနည်နေ့ မတိုင်မီ ဇူလိုင် ၁၆ ရက်နေ့က စပြီး မြို့တော်ခန်းမနဲ့ ကန်သာယာကွင်းတို့မှာ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေ၊ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ သီချင်းတွေဖွင့်လှစ်ခဲ့ပါတယ်။ အာဇာနည်ကြီးတွေရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ဆောင်ရွက်ချက်တွေ၊ အတ္ထုပတ္တိတွေ၊ မိသားစု ဓာတ်ပုံတွေကို ပြခန်းဖွင့်ပြီး ပြသတာတွေနဲ့ အာဇာနည်နေ့မှာ ဥသြဆွဲဂုဏ်ပြုတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။

No comments:
Post a Comment