
လွန်ခဲ့သော နှစ်ပေါင်း ၆၇ နှစ်၊ တိုက်တိုက်ဆိုင်ဆိုင် ဒီစနေ၌ပင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အမျိုးသားခေါင်းဆောင်ကြီးကိုးဦး မသမာသူတို့ လက်ချက်ဖြင့် ထိုနေရာတွင် ကြွေလွင့်ခဲ့ရသည်။
ရန်ကုန်မြို့လယ်ရှိ ကိုလိုနီလက်ရာ အတွင်းဝန်များရုံး အဆောက်အအုံကြီးမှာ လွတ်လပ်ရေးခေတ်ဦးမှသည် အစိုးရ အဆက်ဆက် အသုံးတော်ခံ ဖြစ်ခဲ့သော်လည်း ယင်းနေရာသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုခွင့်ပင် မရခဲ့သည်မှာ ဆယ်စုနှစ်ချီ ကြာမြင့်ပြီ ဖြစ်သည်။
“ဒါ ပထမဆုံးပဲ” ဟု ရုံးအိုကြီး အတွင်းရှိ သက်လတ်ပိုင်းအရွယ် လုံခြုံရေး ဝန်ထမ်းတစ်ဦးက တိုးတိတ်စွာ ဆိုသည်။

အာဇာနည်နေ့တွင် ဝန်ကြီးများရုံး နံဘေးသို့ ပုံမှန် လာရောက်လေ့ ရှိသူများ၊ နှင်းဆီပန်းခိုင်များဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လွမ်းဆွတ်တသ အောက်မေ့ကြသူများ အဆောက်အအုံဝင်း တံခါးကြီး ပွင့်သွားသည့်အတွက် ဝမ်းနည်းပီတိ ဖြစ်နေပုံမှာ အတိုင်းသား။
“အာဇာနည်ကြီးတွေအတွက် ဝမ်းနည်းယူကျုံးမရ ဖြစ်မိသလို သူတို့ ကျဆုံးခဲ့တဲ့ ဒီနေရာကို ပထမဆုံးအကြိမ် ဝင်ခွင့်ရတဲ့ အတွက်လည်း ဝမ်းသာမိတယ်။ ဝမ်းနည်းပီတိ ခေါ်မှာပေါ့” ဟု အသက်ငါးဆယ်ဝန်းကျင် အမျိုးသားကြီးက ရေရွတ်ပြောဆိုသည်။
မမျှော်လင့်သည့် အနေအထားမှ ဗိုလ်ချုပ်တို့ ကြွေလွင့်ရာ အတွင်းဝန်ရုံး အပေါ်ထပ်သို့ ခပ်သုတ်သုတ် ချီကြရန် ဟန်ပြင်ဆဲ အခိုက်မှာပဲ နာရီလက်တံများက ၁၀ နာရီ ၃၀ မိနစ်သို့ ညွှန်ပြနေသည်။ တာဝန်ကျ လုံခြုံရေးများက ကြုံကြိုက်ခဲသည့် ဧည့်သည်များကို ပျူပျူငှာငှာပင် ကြိုဆိုရင်း ရုံးအလယ် မြေကွက်လပ်ရှိ ခေါင်းဆောင်ကြီးများ အထိမ်းအမှတ် ကျောက်တိုက်အနီးတွင် ခေတ္တစောင့်ဆိုင်းရန် ပန်ကြားနေသည်။
“မြန်မာနိုင်ငံတော်အစိုးရ ဒုတိယ သဘာပတိဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၂၇၆-ခု တပေါင်းလဆန်း ၁-ရက် စနေနေ့တွင် ဖွားမြင်၍ ၁၃၀၉-ခု ဝါခေါင်လဆန်း ၂ ရက် စနေနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ကျဆုံးသည်” ဟူသော ကျောက်စာချပ်မှာ မလှုပ်မယှက် ငြိမ်သက်လျက်။
အလားတူ အခြားခေါင်းဆောင်ကြီး ခုနစ်ဦး၏ မွေးသက္ကရာဇ်နှင့် ကျဆုံးချိန် အကျဉ်းချုပ်ကို ကျောက်ပျားတစ်ချပ်စီတွင် စာစီ၍ ရှစ်မြှောင့်ပုံသဏ္ဌာန် စိုက်ထူထားသော ကျောက်စာတိုင်မှာ ဖွေးဖြူသစ်လွင်လျက်။ အဆိုပါ ကျောက်စာချပ်များတွင် ဝန်ကြီးဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေး ကိုယ်စားပြု ကျောက်စာကိုမူ မတွေ့ရ။
ပိသုကာအင်ဂျင်နီယာ ကျောင်းသူတစ်ဦးက သူယူလာသော နှင်းဆီပန်းစီးများကို အတူဝင်ရောက်လာသူ ဧည့်သည်အချို့ထံ လက်ဆင့်ကမ်းရင်း ထိုကျောက်စာတိုင် ခြေရင်း၌ လွမ်းသူ့ပန်းပွင့် ချကြသည်။ ပန်းစီးချနေသော အခိုက်တွင်ပင် လေးဘက်လေးတန်မှ မော်တော်ကား ဟွန်းသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး လူတစ်ခုမှာမူ ခေါင်းငိုက်စိုက်လျက် နှစ်မိနစ်ခန့် ငြိမ်သက်စွာ အလေးပြုကြသည်။
“ဒါနဲ့ဆို နှစ်ခေါက်ရှိပြီ။ အရင်က အဆောက်အအုံရဲ့ အချိုးအစားတွေ တိုင်းဖို့ တစ်ခါ ဝင်ကြည့်ဖူးတယ်” ဟု အဆိုပါ အင်ဂျင်နီယာကျောင်းသူက ထုတ်ဖော်ပြောဆိုသည်။ မရှေးမနှောင်းပင် အဆောက်အအုံတွင်း ဝင်ရောက်လာသူများ ဗိုလ်ချုပ်တို့ နောက်ဆုံး အစည်းအဝေး ကျင်းပရင်း လုပ်ကြံခံခဲ့ရသော အခန်းရှိရာသို့ လူစုခွဲ၍ ဝင်ရောက်ကြသည်။ အခန်းတွင်းသို့ ရောက်ပြီး မိနစ်ပိုင်းအတွင်း၌ပင် သံဃာတော် ငါးပါးထံမှ ရေစက်ချ အမျှဝေသံ ထွက်ပေါ်လာသည်။ ခေါင်းဆောင်ကြီးများကို ရည်စူး၍ အဆိုပါအခန်း အတွင်း၌ ဆွမ်းကပ် ကုသိုလ်ပြုနေခြင်း ဖြစ်သည်။

“၂ နှစ်ရှိပြီ။ ဘာမှ မလုပ်ရသေးဘူး” ဟု တာဝန်ကျ ဝန်ထမ်းတစ်ဦးက ဆိုသည်။ အပေါ်ဆုံးထပ်တွင် မိုးယိုနေသည်များလည်း တွေ့ရပြီး နံရံများက ကွဲအက်နေသည်။ မှန်ချပ်မရှိသော ပြတင်းများ၊ အညစ်အကြေး ပြည့်သော ကြမ်းပြင်များနှင့် မှောင်မိုက်နေသော အခန်းများနှင့် လိုက်ဖက်ညီစွာပင် အရုပ်ဆိုး အကျည်းတန်နေတော့သည်။
ရွှေတိဂုံစေတီတော်ခြေရင်းက အာဇာနည် ဗိမာန်တွင်လည်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ဂါရဝပြု လာရောက်သည်ကို ထူးထူးခြားခြား တွေ့ရသည်။
ယင်းနောက် ထုံးစံအတိုင်း သားကြီး သြရသ ဦးအောင်ဆန်းဦး၊ သမီးထွေး ဒေါ်အောင်ဆန်းစုကြည်နှင့် အာဇာနည် အသီးသီး၏ မျိုးဆက်များက အာဇာနည် ဗိမာန်သို့ အစဉ်အလိုက် လာရောက် ဂါရဝပြုခဲ့သည်။ ပြည်သူများက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အာဇာနည်ဗိမာန်သို့ လာရောက်မည်ကို မျှော်လင့်တမ်းတခဲ့သော်လည်း လွှတ်တော် ဥက္ကဋ္ဌများသာ ဆိုင်းမဆင့်ဗုံမပါ ရောက်ရှိလာခြင်း ဖြစ်သည်။
သို့သော် နေပြည်တော်ကောင်စီ ဓမ္မာရုံတွင် သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ဦးဆောင်သော အစိုးရ၊ တပ်မတော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူး၍ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်း၍ အမျှဝေခဲ့ကြောင်း သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ အနေနှင့် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အာဇာနည်ကြီးများကို အသိအမှတ်ပြု ရည်စူးလုပ်ဆောင်သော ပထမဆုံးအကြိမ် နိုင်ငံတော် အခမ်းအနား တစ်ခုလည်း ဖြစ်သည်။
ပြည်ပနိုင်ငံအချို့သို့ သွားရောက်စဉ် ယင်းနိုင်ငံ အာဇာနည်ဗိမာန်များသို့ သွားရောက် အလေးပြုသည့် မှတ်တမ်းများရှိသော သမ္မတ ဦးသိန်းစိန်အတွက် အဆိုပါကုသိုလ်က ပြည်သူလူထု ကျေနပ်လောက်သည် အထိတော့ အကျိုးပြုပုံမရ။
“တကယ်လေးစား အသိအမှတ်ပြုတယ်ဆိုရင် အာဇာနည်ဗိမာန်ကို လာပြီး အလေးပြုပေါ့” ဟု ဝေဖန်ပြစ်တင်မှုများ လူမှုကွန်ရက်ပေါ်တွင် ခပ်စိတ်စိတ် တွေ့မြင်ရခြင်းက သက်သေဖြစ်သည်။ ရန်ကုန်မြို့တော်တွင် အာဇာနည်များ လုပ်ကြံခံရသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကားဟွန်းတီး၍ အလေးပြုမည့် အစီအစဉ်ကို အရေးယူမည်ဟု လေသံပစ်ခဲ့သော်လည်း တစ်မြို့လုံးအနှံ့ ကားဟွန်းသံများ ဖုံးလွှမ်းခဲ့ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကလည်း ပထမဆုံးအကြိမ် ဥသြဆွဲသံကို ထုတ်လွှင့်ပြသခဲ့သည်။
အာဇာနည်ဗိမာန်ကို သွားရောက်သူများ၊ အတွင်းဝန်ရုံးသို့ ရောက်ရှိခဲ့သူများ၊ ရုပ်မြင်သံကြားမှတစ်ဆင့် အာဇာနည်နေ့ အမှတ်တရ ပုံရိပ်များကို စောင့်ကြည့်သူများထံက “အာဇာနည်နေ့ ဆိုတာကို ပီပီပြင်ပြင် ခံစားရတယ်။ ဒါပထမဆုံးပဲ” ဟူသော မှတ်ချက်ပြုသံများ တူညီစွာ ထွက်ပေါ်လာသည်။
“၂၀၁၅ ရွေးကောက်ပွဲလည်း နီးပြီဆိုတော့ ပြည်သူတွေ မနောခွေ့မယ့် ကိစ္စလေးတွေမှာ ဖြည်းဖြည်းချင်း လျှော့ပေးလာတဲ့ သဘောပေါ့” ဟု အသက်ငါးဆယ်ဝန်းကျင် သင်္ဘောအရာရှိ တစ်ဦးက သုံးသပ်ပြောဆိုသည်။
ဆယ်စုနှစ် နှစ်စုကျော်ကြာအောင် သိမ်ငယ်စွာ ဟန်ပြကျင်းပ ခံခဲ့ရသော အာဇာနည်နေ့ ခရီးကြမ်းသည်ကာ ၆၇ နှစ်မြောက်နေ့တွင်မူ သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့၏ ပထမဆုံးအကြိမ် ဆွမ်းဆပ်ကပ်မှု၊ လွတ်တော် ဥက္ကဋ္ဌနှစ်ဦးက ပထမဆုံးအကြိမ် တက်ရောက်ဂါရဝပြုမှုနှင့် အများပြည်သူ ဝင်ရောက်ခွင့်ကို ကန်သတ်ထားသော ဝန်ကြီးများရုံးရှိ ဗိုလ်ချုပ်အောင်ဆန်းနင့် ဝန်ကြီးများ လုပ်ကြံခံခဲ့ရသော ခန်းမကို လေ့လာခွင့်ပြုခဲ့သော လုပ်ရပ်များဖြင့် ပြန်လည် အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။
No comments:
Post a Comment