Wednesday, January 14, 2015

တစ်ကျော့ပြန်ခေါင်းလောင်းရှာပုံတော် (သို့မဟုတ်) လူထုကို အာရုံပြောင်းရန် ကြိုးပမ်းခြင်းလော...

ဦးစံလင်းဦးစီးသောအဖွဲ့ ဓမ္မစေတီခေါင်းလောင်းရှာဖွေစဉ်က လာရောက်ကြည့်ရှုသော လူများ၊ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)



 အသက်(၆၂) နှစ်အရွယ် ပုဂ္ဂလိကသင်္ဘောကပ္ပတိန် ဟောင်း ဦးကျော်ဝင်းဆိုသူက အိပ်မက်အရ ဓမ္မစေတီခေါင်း လောင်းကြီးကို ရှာဖွေမည်ဟုဆို ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ခွင့်ပြုချက်ဖြင့် ဇန်န၀ါရီ ၁၂ ရက် နံနက်တွင် စတင်ရှာဖွေနေပြီ ဖြစ်သည်။

လွန်ခဲ့သော ၁၀ နှစ်က မက် ထားသော အိပ်မက်အရ ဓမ္မ စေတီခေါင်းလောင်းကြီးကို ရှာဖွေမည် ဟုဆိုကာ ရန်ကုန်မြို့တောင်ဘက်၁၀ မိုင်အကွာ သန်လျင်ရေနံချက်စက်ရုံဆိပ်ကမ်းအနီး ကိုက် ၁၀၀ ၀န်းကျင်ရှိရန်ကုန်မြစ်အတွင်း သမ္ဗန်လှေတစ်စီးငှား၍ ရှာဖွေနေခြင်းဖြစ်သည်။

ပြီးခဲ့သော နှစ်က ဦးစံလင်း  ရှာဖွေခဲ့သည့် မြစ်သုံးခွဆုံရာ နေ ရာတွင် ရှာဖွေမည်မဟုတ်ဘဲ ၎င်း ၏ အိပ်မက်အရ နေရာပြောင်း ရှာဖွေခြင်းဖြစ်သည်ဟု ဦးကျော် ၀င်းကပြောသည်။

‘‘အမေနဲ့ ကျွန်တော်ကျိုက် ခေါက်ဘုရားသွားတော့ ၀တ်ဖြူ စင်ကြယ်နဲ့ အဘိုးအိုတစ်ဦးကို တွေ့တယ်။ သူ့အနားကို သွား တော့ သူက ကျွန်တော့်ကို ပြော တယ်။ ကြောက်တဲ့ သူတွေ ဆယ် ရင် ကျောက်ခဲဖြစ်သွားမယ်။ မ ကြောက်တဲ့သူတွေ ဆယ်မှ ပေါ် မှာလို့ ပြောတယ်’’ဟု ဦးကျော်ဝင်းက  ၎င်း၏အိပ်မက်အကြောင်းပြောပြသည်။

ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေမှုကို ဦးစံလင်း၏ ခေါင်း လောင်းရှာပုံတော်ကကဲ့သို့ အညာမိမည်ကို စိုးရိမ်နေကြပြီး ၂၀၁၅ အမီ နိုင်ငံရေးလှည့်ကွက်တစ်ခု ဖြစ်လာမည်ကိုလည်း သံသယ စိတ်ဝင်နေကြသည်။


ဓမ္မစေတီခေါင်းလောင်းကြီး ကို နေရာပြောင်း၍ ရေအောက် ကြည့်စက်ကိရိယာဖြင့် စတင်ရှာ ဖွေနေသည့် ဦးကျော်ဝင်းကို မေး မြန်းခဲ့ရာ ‘‘လွန်ခဲ့တဲ့ ၁၀ နှစ်က ဓာတ်ပုံဆိုင်တစ်ခုသွားတော့ ဆိုင် မှာ ကပ်ထားတဲ့ ဓာတ်ပုံထဲက လူကို ဘယ်သူလဲလို့မေးမိတယ်။ ဘုရားမှာတွေ့တဲ့ ၀တ်ဖြူစင်ကြယ်အဘိုးနဲ့ သွားတူလို့ မေးကြည့်မိတာပါ။ ဆိုင်ရှင်က အဘသံလို့ပြောတယ်။ အခုသူဆုံးတာကြာပြီတဲ့။ ဘုရားပေါ်မှာ ပြန်တွေ့တာ သူ့ကွယ်လွန်ပြီးမှာ ပြန်တွေ့တာပေါ့။ ထူးဆန်းတာပေါ့’’ ဟု ၎င်းက အိပ်မက်ထဲမှ  အဘိုးအိုအကြောင်း ပြောပြသည်။

  ဦးစံလင်းရှာဖွေခဲ့စဉ်က အလှူရှင်များ၏ မ,တည်ငွေသိန်း ၁၅၀၀ ကျော်ဖြင့် ရှာဖွေခြင်းဖြစ် ပြီး ငွေသိန်းတစ်ထောင်ကျော် ရေ ထဲကျသွားသည့်အလား ခေါင်း လောင်းလည်း မတွေ့ခဲ့ပါ။ ဘာမှ လည်း အရာထင်မကျန်ရစ်ခဲ့ပါ။ယခုရှာဖွေသူ ကပ္ပတိန်ဟောင်း ဦးကျော်ဝင်းက ခေါင်းလောင်းကြီး ကို ၎င်းပိုင်ဆိုင်သည့် ငွေကြေးဖြင့်သာ ရှာဖွေမည်ဖြစ်ပြီး အလှူခံ မည်မဟုတ်ဟု ကတိပြုသည်။

‘‘ကိုယ့်ရှေ့က မအောင်မြင် ထားလို့၊ အိပ်မက်ကို အကောင် အထည်ဖော်တာလည်းဖြစ်လို့ သေချာမှ အများပြည်သူကိုပြော ချင်တယ်’’ဟု သတင်းစာရှင်းလင်း ပွဲမပြုလုပ်ရခြင်း အကြောင်းရင်းကို ဦးကျော်ဝင်းကဆိုသည်။

ဇန်န၀ါရီ ၁၂ ရက် နံနက် ၉ နာရီခွဲက ဓမ္မစေတီခေါင်းလောင်းကြီးကို စတင်ရှာဖွေခဲ့ပြီး တိုင်းတာသည့်စက်က ရေအနက်ကို မဖော်ပြနိုင်ဘဲ ရေအောက်ပုံရိပ် မပေါ်သဖြင့် စက်ကို ပြန်လည်ပြုပြင်ရမည်ဖြစ်ကြောင်း ၎င်းက ပထမဆုံးနေ့အတွေ့အကြုံကိုဝေငှသည်။

‘‘မှန်မှန်ကန်ကန်ရှာစေချင် တယ်။ တခြားလှည့်ကွက်တွေ မပါဘဲ ဆယ်စေချင်တယ်။ ဦးစံလင်း တုန်းက နိုင်ငံရေးလှည့်ကွက်လို့ ထင်စရာကိုး။ ခေါင်းလောင်းက ရှေးဟောင်းအမွေအနှစ်ဖြစ်လို့ ဆယ်လည်း ဆယ်စေချင်တယ်’’ ဟု ဓမ္မစေတီခေါင်းလောင်းရှာဖွေ မှုကို စိတ်ဝင်စားသူ တစ်ဦးက ပြောသည်။

ရှေးယခင် လပြည့်နေ့နှင့် လကွယ်နေ့များတွင် ရန်ကုန်မြစ် အတွင်း   ရေကျချိန်၌ ခေါင်း လောင်းကြီးဟု ယူဆရသော အရာတစ်ခုပေါ်နေသည်ကို လှေသမားများတွေ့ဖူးကြောင်း၊ ရှေးလူကြီးများ၏ စကားအရ မဖြစ်နိုင်ဘူးပြော၍မရကြောင်း မြစ်အနီးနေထိုင်သူအချို့က ခေါင်း လောင်းနှင့်ပတ်သက်၍ ပြောဆိုကြသည်။

မြစ်ကြောင်းများ၏သဘော အရ မြစ်ကြောင်းမှာ တစ်နှစ်တစ် ခါရွေ့နေခြင်းကြောင့် လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ ကျော်ကပျောက် ဆုံးသွားသော ဓမ္မစေတီခေါင်း လောင်းကြီးကို သိပ္ပံနည်းကျ ရှာ ဖွေမှသာ တွေ့နိုင်မည်ဟု မှတ် ချက်ချသူများလည်းရှိသည်။

‘‘လပြည့်နေ့တစ်ခုမှာ ပိုက်ချ ဖူးတယ်။ မိကျောင်းလား၊ သင်္ဘောပျက်လား၊ ခေါင်းလောင်းကြီးအစ ကို တွေ့ဖူးတယ်။ ကံထိုက်သူရှာ ရင် ရလိမ့်မယ်’’ဟု အသက် (၈၀) အရွယ်အဘိုးအို၏ ယုံကြည်မှုကို မြေးဖြစ်သူက တစ်ဆင့်ပြန်လည် ပြောပြသည်။

ဓမ္မစေတီခေါင်းလောင်းရှာ ဖွေသည့် နေရာမှာ ပြည်သူများ လာရောက်ကြည့်ရှုရန်မလွယ်ကူ သည့်နေရာဖြစ်ပြီး အစိုးရရေတပ်  က စောင့်ကြည့်နေသည့်နေရာ လည်းဖြစ်ကြောင်း  သတင်းရရှိ သည်။

ထိုနေရာသို့ သန်လျင်ရေနံ ချက်စက်ရုံမှ ၀င်ရပြီး ထိုစက်ရုံတွင်ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။

‘‘ရှာလို့တွေ့ပြီဆိုရင် နိုင်ငံ တော်ကို သတင်းပို့မယ်။ ဖြစ်လာ မလားပေါ့။ ခုမတွေ့သေးဘူး။ အခက်အခဲရှိနေတယ်’’ဟု ဦး ကျော်ဝင်းကဆိုသည်။

  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုချက်ဖြင့် ဦး ကျော်ဝင်းရှာဖွေရန် ခွင့်ပြုချက် ကျသွားခြင်းနှင့် ပတ်သက်၍ ‘‘သူ့ ပဋ္ဌာန်းဆက်နဲ့ သူရသွားတာ ၀မ်း သာတယ်။ သူက မတူတဲ့ နေရာ မှာ ရှာဖွေမှာလေ။ အကူအညီ တောင်းရင်တော့ပေးမယ်’’ဟု ဦးစံလင်းနှင့်      လမ်းခွဲခဲ့သည့် မ,တည်အလှူရှင် ရွှေအုန်းပင် ဦးဝင်းမြင့်ကပြောသည်။

သင်္ဘောကပ္ပတိန်အဖြစ် နှစ် ပေါင်း ၃၀ ကျော်လုပ်ကိုင်ခဲ့သည့်  ဦးကျော်ဝင်းက ကြိုးစားရှာဖွေ မည်ဖြစ်ပြီး အောင်မြင်မည်ဟု ယူဆကာ ၎င်း၏ ရှာဖွေမှုသည် နိုင်ငံရေးလှည့်ကွက်မပါဘဲ မိမိသည်နိုင်ငံရေးသမားလည်း    မဟုတ်ကြောင်း  ပြောကြားခဲ့သည်။

ခေါင်းလောင်းရှာဖွေမည့် ငွေကြေးကို မိဘအိမ်အမွေခွဲစဉ် က ရထားသော ငွေကြေးနှင့် စုဆောင်းထားသော ငွေတို့ကို အသုံးပြုသွားမည်ဟု ဦးကျော်ဝင်းကဆိုသည်။

၂၀၁၄ သြဂုတ်နှင့် စက်တင် ဘာတို့တွင် ဦးစံလင်းက ဓမ္မ စေတီ ခေါင်းလောင်းကို နဂါးအကူအညီ ဖြင့် ဆယ်ယူမည်ဟုဆိုကာ ရန်ကုန်မြစ်ဝ၌ ၄၄ ရက်ကြာ ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဦးစံလင်းရှာဖွေသော ဓမ္မ စေတီခေါင်းလောင်းကြီးကို အစိုး ရသစ်လက်ထက်တွင် ပြန်လည် ဆယ်ယူမှု၏ နောက်ကွယ်၌ နိုင်ငံ ရေးလှည့်ကွက်များရှိသည်ဟု ခေါင်းလောင်းကြီးကို အမှန်တ ကယ်ဆယ်ယူလိုသည့် ပုဂ္ဂိုလ် အချို့နှင့် ပြည်သူများက ဝေဖန်ခဲ့ သည်။

၁၉၈၇ မှစ၍ ယနေ့အချိန် အထိ ၂၇ နှစ်အတွင်း ဓမ္မစေတီခေါင်းလောင်းကြီးကို ဦးကျော်ဝင်းအပါအ၀င် ရှာဖွေရေးအဖွဲ့များက(၁၃)ကြိမ်တိုင်တိုင် ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

‘‘ဦးကျော်ဝင်းလုပ်မယ့် လုပ် ငန်းစဉ်မသိရသေးတော့ ပြောရ  ခက်တယ်။ အိပ်မက်အရလုပ် တာလည်း လုပ်ပေါ့။ သိပ္ပံနည်း ကျစနစ်တကျသုတေသနလုပ် ရင်တော့ ပိုကောင်းတာပေါ့’’ဟု မွန် သမိုင်းသုတေသနအသင်းတွဲ ဖက်အတွင်းရေးမှူး ဦးနိုင်ရဲဇော်ကမှတ်ချက်ပြုသည်။

ဦးစံလင်းနှင့် လမ်းခွဲခဲ့သည့် အလှူရှင် ရွှေအုန်းပင် ဦးဝင်းမြင့် ကလည်း ကျပ်သိန်းတစ်ထောင် မ,တည်ကာ ဦးကျော်ဝင်းရှာဖွေမှု မအောင်မြင်ပါက ၎င်းကိုယ်တိုင် ထပ်မံရှာဖွေမည်ဟုဆိုသည်။

ဓမ္မစေတီခေါင်းလောင်း ရှာ ဖွေရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုမိန့်ရရှိထားသူမှာ ဇေကမ္ဘာဦးခင်ရွှေနှင့်အဖွဲ့၊ ဦးစံလင်းနှင့် ဦးကျော်ဝင်းတို့ဖြစ်ပြီး  အောင်မြင်မှုရ၊ မရ စောင့်ကြည့်ရမည်ဖြစ်သည်။ ‘‘အလုပ်ကြမ်းတွေလုပ်ဖူးတယ်။ ဒါက လူစွမ်းကောင်းရွေးပွဲဆိုလည်းမမှားဘူး။ တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းကကြိုးစားကြည့်တာ’’ဟု အသက် (၆၂) နှစ်အရွယ် ရှိ ဦးကျော်ဝင်းက ဆိုသည်။

၂၀၁၅ ခုနှစ်တွင် နိုင်ငံရေး ရှုပ်ထွေးမှုများ  ပိုများလာနိုင်ပြီး ဓမ္မစေတီခေါင်းလောင်းရှာဖွေမှု သည်  နိုင်ငံရေးလှည့်ကွက်လုပ် ခြင်းပင်ဖြစ်ကြောင်း၊အတိုက်အခံနိုင်ငံရေးတက်ကြွသူများကို အာ ဏာပိုင်များက ဖမ်းဆီးအရေးယူ မှုများ များလာကြောင်း၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးသက်နိုင် က ၎င်း၏ အမြင်ကို ပြောသည်။

‘‘ခေါင်းလောင်းကို အယုံ ကြည်မရှိဘူး။ လက်တွေ့မြုပ်တဲ့ နေရာ ဘယ်ပညာရှင်မှ အတိအကျမသိဘူး’’ဟု ၎င်းက ဆိုသည်။

နှစ်ပေါင်း ၄၀၀ ကျော်ကြာပြီဖြစ်သော ဓမ္မစေတီခေါင်းလောင်းကြီးက ကမ္ဘာပေါ်တွင်လည်း အကြီးဆုံးခေါင်းလောင်းဖြစ်ကြောင်း၊  သမိုင်းဝင်ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်သဖြင့် ယခုလို ရှာဖွေဆယ်ယူလိုသူများရှိသည်ကို ၀မ်းသာ ကြောင်း မွန်အမျိုးသားပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ နိုင်စိုးမြင့်က ပြောသည်။

‘‘ခေါင်းလောင်းနဲ့ ပတ်သက် ပြီး နိုင်ငံရေးလှည့်ကွက်ဆိုတာက နိုင်ငံရေးသမားတွေ ကစားကြ တာပါ။ ဆယ်ယူလိုသူတွေကတော့သမိုင်းကျွမ်းကျင်သူတွေ၊ တန်ဖိုးထားသူတွေက ရိုးရိုးသား သားဖော်ထုတ်ချင်တယ်လို့ပဲ ယူဆပါတယ်’’ဟု ၎င်းအမြင်ကို ပြောသည်။

ဓမ္မစေတီခေါင်းလောင်းရှာ ဖွေမှုက ပြည်သူစိတ်ဝင်စားသောအကြောင်းအရာဖြစ်ပြီး နိုင်ငံရေးလှည့်ကွက်လားဆိုသည်မှာ ဆယ်ယူလိုသူ၏ ရည်ရွယ်ချက်ကိုမသိရှိသဖြင့် မှတ်ချက်မပေးလိုကြောင်း၊ နိုင်ငံရေးလှည့်ကွက်အကြောင်းအရာများက အများအပြားရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးရဲအောင်က ဆိုသည်။

Credit - 7DAY DAILY

No comments:

Post a Comment