မန္တလေး (မဇ္ဈိမ)။ ။ အသွင်ကူးပြောင်းရေး ကာလအတွင်း လိုအပ်ချက်များကို
ဖြည့်ဆည်းနိုင်ရေးအတွက် ဇန်နဝါရီ၊ တတိယပတ်တွင် ပြုလုပ် မည့်
အထက်မြန်မာပြည်ဒေသဆိုင်ရာ လူထု အစည်းအဝေးမှ ဆုံးဖြတ်ချက်များကို
နိုင်ငံတော် သမ္မတထံ ပေးပို့တင်ပြမည်ဟု ဒီမိုကရေစီရေး စဉ်ဆက်မပြတ်
လှုပ်ရှားမှု အင်အားစု (MDCF) မှ အထက်မြန်မာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့်က
ပြောသည်။
လူထုအစည်းအဝေးကြီးကို ဘုရားကြီး အလယ်တိုက်တွင် ပြုလုပ်မည် ဖြစ်သည်။
“ဒီဆုံးဖြတ်ချက်၊ ကြေညာချက်တွေကို နိုင်ငံတော် သမ္မတ၊ လွှတ်တော်၊
သံရုံးတွေကို ပေးပို့သွားပါမယ်” ဟု ၎င်းက ပြောသည်။အဆိုပါ အစည်းအဝေးကြီးတွင် အလုပ်သမားအရေး၊ လယ်သမားအရေး၊ အမျိုးသား ပညာရေး ကိစ္စ၊ မျက်မှောက် မြန်မာနိုင်ငံရေး အခြေအနေများကို ဆွေးနွေးမည် ဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်၊ မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့မှ လယ်သိမ်းခံ တောင်သူများ၊ အဖိနှိပ်ခံပြည်သူများ၊ တောင်သူ လယ်သမားနှင့် အလုပ်သမား ၁,၅၀၀ ကျော် တက်ရောက်နိုင်ရန်စီစဉ် ထားပြီး သံဃာထု၊ ကျောင်းသားထု၊ တောင်သူလယ်သမား၊ အလုပ်သမား၊ နိုင်ငံရေး အင်အားစုများ၊ စိတ်ပါဝင်စားသူများ၊ အတတ်ပညာရှင်၊ အသိပညာရှင်များ တက်ရောက် ဆွေးနွေးကြမည် ဖြစ်သည်။
ရရှိလာသော ဆုံးဖြတ်ချက်များကို ကြေညာချက် တစ်စောင်ထုတ်ကာ မူဝါဒတစ်ခု ချမှတ်ပြီး ပြည်သူများ၏ ကြုံတွေ့နေမှုများ ကို ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်သည်။
လက်ပံတောင်းအရေးတွင် ဖုံးကွယ်ထားမှုများဖြင့် သတင်းများ ထုတ်ပြန်ခြင်း၊ နစ်နာသည့် ဒေသခံများကို မငဲ့ညှာခြင်း၊ မြေယာကိစ္စများတွင် သိမ်းထားသည့်မြေများ ပြန်မပေးခြင်း၊ ပြန်လည်ရရှိရန်တောင်းဆိုသူများ ကို ထောင်ချခြင်း၊ ပညာရေးဥပဒေတွင်လည်း ကန့်ကွက်သည့်ကြားမှ အတည်ပြုထားခြင်းများစွာ ရှိသည် ဟု အထက်မြန်မာပြည်၊ လယ်သမားနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများအဖွဲ့မှ ဦးအေးသိန်းက ဆိုသည်။
Credit - Mizzima News
No comments:
Post a Comment