Wednesday, January 14, 2015

စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဘယ်တော့ဖြစ်မလဲ (ဆောင်းပါး)

စည်သူအောင်မြင့် (ဆောင်းပါး)

နိုင်ငံရေး ဆွေးနွေးပွဲကြီး တစ်ခုတော့ ပြီးသွားပြန်ပါပြီ။ အရင်တစ်ခေါက် သမ္မတ ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ၁၄ ယောက် ဆွေးနွေးပွဲလိုပဲ အခု ၄၈ ယောက် ဆွေးနွေးပွဲကြီးကလည်း ရေရေရာရာ အဖြေရှာမရဘဲ ပြီးသွားခဲ့တာ ဖြစ်ပါတယ်။ ဇန်န၀ါရီ ၁၂ ရက်က ကျင်းပခဲ့ တဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ ဘယ်လို ဆွေးနွေး ပွဲလဲ၊ ဘာရည်ရွယ်ချက်နဲ့ ကျင်းပတာလဲ၊ ဘာတွေအကျိုးရှိခဲ့သလဲ၊ တိုင်းပြည်မှာ တကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲမျိုး ပေါ်ပေါက်နိုင်ပါဦးမလားဆိုတာ လေ့လာသုံးသပ်ကြည့်ရအောင်။

အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်က သူအပါအ၀င် သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့ပါဝင်တဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပေး ဖို့ တောင်းဆိုထားတာပါ။ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် ဘက်က ဘာအဖြေမှမပေးသလို ဖြစ်လည်း မလာပါဘူး။ နောက်တော့ အဲဒီလေးပွင့်ထဲမှာ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ လွှတ်တော်ထဲက တိုင်းရင်းသား အမတ်တွေကိုယ် စား ဒေါက်တာ အေးမောင်တို့ နှစ်ဦးပါ ပါဝင်တဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ လွှတ်တော်ဘက်က တောင်းဆို လိုက်ပြန်ပါတယ်။ ဒါလည်း သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ဘက်က ဘာမှ ရေရေရာရာ အဖြေပြန်ပေးတာ မကြားမသိရပါဘူး။

ကြားထဲမှာတော့ ရန်ကုန်တိုင်း လွှတ်တော်ကနေ အရေးပါတဲ့ လူတွေတင်မက တိုင်းရင်းသားရေးရာ ဝန်ကြီးတွေပါ ပါဝင်တဲ့ တွေ့ဆုံပွဲ ကြီးတစ်ခု လုပ်ပေးဖို့ တောင်းဆိုလိုက်ပြန်ပါတယ်။ အခု သမ္မတဦးဆောင် ကျင်းပတဲ့ ၄၈ ယောက် တွေ့ဆုံဆွေးနွေးပွဲဟာ ရန်ကုန်တိုင်း လွှတ်တော်က အဆိုပြုတဲ့ ပုံစံမျိုးနဲ့ နီးစပ်ပါ တယ်။ အစည်းအဝေး ကျင်းပပုံနဲ့ ပတ်သက်ပြီး သမ္မတဘက်က တစ်ယောက်ချင်းစီ တိုက်ရိုက် ရွေးချယ် ဖိတ်ကြားတာပါ။ အစည်းအဝေးမလုပ်ခင် ဘယ်နှယာက် ဖိတ်ထားတယ်၊ ဘယ်သူတွေပါတယ် တိတိကျကျ မသိကြရပါဘူး။

ဖိတ်စာထဲမှာတော့ အကြောင်းအရာ သုံးခု ဆွေးနွေးဖို့ သမ္မတဘက်က အဆိုပြု ထားပါတယ်။ အဲဒါတွေက တော့ (က) ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဖြစ်ထွန်းစေရေး ကိစ္စ၊ (ခ) ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲ များ စတင်ကျင်းပနိုင်ရေးကိစ်္စ၊ (ဂ) လွတ်လပ်၍ တရားမျှတသော ၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ပြီး ညင်သာသော အသွင်ကူးပြောင်းမှု နိုင်ငံရေးလုပ်ငန်းစဉ် များ ပေါ်ပေါက်ရေးနှင့် ကျန်ရှိနေသေးသည့် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှုရှိရေးကိစ္စ တွေဖြစ်ပြီး အဲဒီ အကြောင်းအရာတွေကို ပဲ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထုံးစံ အတိုင်း အရင်ဆွေးနွေးပွဲတုန်းကလိုပဲ ရလဒ်တစ်စုံ တစ်ရာထွက်ပေါ်တာ မရှိခဲ့ဘဲ “အဆင်ပြေရင် ပြန်တွေ့ကြတာပေါ့” ဆိုတာနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ရှောင်ဖို့အတွက် ခုလိုမဖြစ်သင့်ဘူး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး သမ္မတ ဘက်က ဘာမှ အဖြေပေးတာ၊ တုံ့ပြန်ပြောဆိုတာမျိုးတော့ မရှိခဲ့ပါဘူး။ တကယ်တော့ ဒီဆွေးနွေးပွဲကျင်းပ ပုံနဲ့ ပတ်သက်ရင် ဘယ်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမလဲဆိုတာ သမ္မတဘက်က သူ့စိတ်ကြိုက် သတ်မှတ် ခဲ့သလို၊ ဆွေးနွေးမယ့် အကြောင်းအရာတွေကိုလည်း စိတ်ကြိုက် သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သမ္မတက အကောင်အထည်ပေါ်စေချင်တဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးနိုင်ရေး ကိစ္စ၊ ၂၀၁၅ ရွေးကောက် ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး ကိစ္စတွေပဲ ဖြစ်ပါတယ်။

အမှန်တကယ် တိုင်းပြည်မှာ လိုအပ်နေတဲ့ အကြောင်းအရာတွေကို အဓိက သက်ဆိုင်နေသူတွေနဲ့ ဆွေးနွေးတဲ့ပွဲမျိုး မဖြစ်ခဲ့ပါဘူး။ တကယ်တော့ လက်ရှိတိုင်းပြည်မှာ လိုအပ်နေတာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင်၊ ပြည်ထောင်စု အသွင်သဏ္ဌာန် ပါဝင်အောင် ပြင် ဆင်နိုင်ရေးဖြစ်ပြီး အဲဒီ ကိစ္စ အဓိကထား ဆွေးနွေးတာမျိုး မတွေ့ရပါဘူး။ သမ္မတကတော့ သူ့ရဲ့အဖွင့် မိန့်ခွန်းထဲမှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်သည် အခြေအနေ အချိန်အခါအလိုက် ပြင်ဆင်ရေးသား ရမည် ဟူသည့် မိမိ၏ ရပ်တည် ချက်ကို အစဉ်အမြဲ ဆုတ်ကိုင်ထားပါကြောင်း၊ တိုင်းရင်းသားများ အစဉ်တ စိုက် တောင်းဆိုလာခဲ့သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် အခြားလိုအပ်သည့် ဒီမိုကရေ စီ အသွင်ကူးပြောင်းရေး ကိစ္စများကို ဆောင်ရွက်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင် ဆင်ရန် လုပ်ကိုင်ရ မည် ဖြစ်ပါကြောင်း၊ ထိုသို့ လုပ်ဆောင်သည့် အခါတွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် နိုင်ငံရေး ဆွေးနွေးပွဲ များမှတစ်ဆင့် ပေါ်ထွက်လာမည့် ရလဒ်များကို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နည်းလမ်းများနှင့် အညီ ပြင်ဆင်လုပ်ဆောင်သွား ရမည် ဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ဆောင်ရွက်ခြင်းသည် တရားဥပဒေ စိုးမိုးရေးကို ကျော်လွန်လုပ်ဆောင်သကဲ့သို့ ဖြစ်နိုင်ပါကြောင်း” ဆိုပြီး ပြောခဲ့ပါတယ်။

သမ္မတရဲ့ပြောကြားချက် အဓိပ္ပာယ်ဖွင့်ရရင် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ ဖြစ်အောင် ၀ိုင်းထောက်ခံကြ၊ အဲလို လက်မှတ်ထိုးပွဲပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကြီး လုပ်ကြ၊ အဲဒီဆွေး နွေးပွဲကြီးက ရလာမယ့် ရလဒ်တွေနဲ့ အညီ၊ ဖွဲ့စည်းပုံမှာပါတဲ့ ပြင်ဆင်နည်း အတိုင်း ပြင်ဆင်ကြဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် အခုအချိန် ဖွဲ့စည်းပုံပြင်ရေး မလိုအပ်သေးဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး လည်း သက်ရောက်နေပါတယ်။ သမ္မတရဲ့ ပြောစကားအရ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံပြင်ရေး သိပ်ခေါင်းထဲထည့်မထားသလို သူပြောဆိုခဲ့တာကို ဘယ်သူတွေ တုံ့ပြန်ပြောဆိုခဲ့သလဲ ဆိုတာကတော့ မသိနိုင်ပါဘူး။ အထူးသဖြင့် ဖွဲ့စည်းပုံပြင်ရေး တာဝန်အရှိဆုံးဖြစ်တဲ့ လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်ဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့က ဘာတွေ ပြောဆိုခဲ့သလဲ မသိနိုင်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အခု ဆွေးနွေးပွဲဟာ တိုင်းပြည်မှာ တကယ်လိုအပ်နေတဲ့ ဖွဲ့စည်းပုံပြင်ရေးလို ကိစ္စမျိုးကို လေးလေးနက်နက် ဆွေးနွေးတာ မရှိခဲ့သလို ဘာအဖြေမှလည်း မရတဲ့အတွက် တကယ်စစ်မှန်တဲ့ တွေ့ဆုံ တဲ့ ဆွေးနွေးမှုလို့ မခေါ်ထိုက်ပါဘူး။

ဒီအတွက် တိုင်းပြည်နဲ့ ပြည်သူတွေ အကျိုးအတွက် နောင်လာမယ့်အချိန် သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် တို့ဘက်က တကယ်စစ်မှန် တဲ့ တွေ့ဆုံပွဲမျိုးတွေဖြစ်အောင် အကောင်အထည်ဖော်ပေးကြပါ။ ဒေါ်အောင် ဆန်းစုကြည်တို့ဘက်ကလည်း စစ်မှန်တဲ့ တွေ့ဆုံ ပွဲ ဖြစ်မြောက်လာအောင် သမ္မတနဲ့ ကာကွယ်ရေး ဦးစီး ချုပ် အပါအ၀င် တပ်မတော်ဘက်ကိုရအောင် စည်းရုံးကြဖို့လိုပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Credit - Mizzima News

No comments:

Post a Comment