Tuesday, January 13, 2015

ဗိုလ်ချုပ်ရာပြည့်ပွဲကို အစိုးရဘက်မှ ထောက်ပံ့မှုမရှိသေးဟု ဆို

ရန်ကုန် (မဇ္ဈိမ) ။ ။ နတ်မောက်မြို့တွင် ဖေဖော်ဝါရီ ၁၃ ရက်၌ ကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ပွဲကို အစိုးရဘက်မှ ထောက်ပံ့မှုမရှိကြောင်း နတ်မောက်မြို့ ပွဲကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးဟန်ဇော်က မဇ္ဈိမသို့ ဇန်နဝါရီ ၁၃ ရက်တွင် ပြောသည်။

ယင်းဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲသည် အစိုးရဘက်မှ ထောက်ပံ့မှုမရှိသော်လည်း ပြင်ပပုဂ္ဂလိကများ၏ ကူညီပံ့ပိုးမှုဖြင့် ဗိုလ်ချုပ်ရာပြည့်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး လက်ရှိတွင် ယင်းပွဲအတွက် အလှူငွေ သိန်း၈၀၀ ဝန်းကျင်ခန့် ရရှိပြီးဖြစ်သည်ဟု ဆိုသည်။

“အစိုးကဘက်က လောလောဆယ် ထောက်ပံ့မှုမရှိသေးပါဘူး။ အဲဒီအတွက် ပွဲကျင်းပတဲ့အခါမှာလည်း အခက်အခဲကလည်း သိပ်ပြီး ကြီးကြီးကျယ်ကျယ် မရှိသေးပါဘူး။ ဌာနဆိုင်ရာတွေနဲ့ ညှိပြီးတော့လုပ်တဲ့အတွက် ပွဲတွင်းအခက်အခဲကတော့ အဆင်ပြေပါတယ်။ ပွဲတော်ကျင်းပမယ့်ရက်မှာ ဗိုလ်ချုပ်ရာပြည့် ကျောက်စာတိုင်ကို နတ်မောက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ထဲမှာ စိုက်ထူခွင့်တော့ ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ပြထားပါတယ်။ အဲဒါကတော့ အဆင်ပြေဖို့များပါတယ်။ အဲဒီခွင့်ပြုချက်ကိုစောင့်နေတာပါ။ ကျရင်တော့ ဒီအပတ်ထဲမှာ လုပ်ငန်းစတော့မှာပါ” ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်ရာပြည့်မွေးနေ့တွင် ဗိုလ်ချုပ်ရုပ်ရှင်ကို ပြသနိုင်ရန် စီစဉ်ထားသော်လည်း လက်တွေ့ရိုက်ကူးရာမှ အစိုးရဘက်မှ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသည့် အခန်းသည်ဘုရားခန်းဖြစ်သည့် အတွက်ရိုက်ကူးခွင့်မရရှိကြောင်းနှင့် အဆိုပါ ရုပ်ရှင်တွင် ထည့်သွင်းရိုက်ကူးမည့် သေနတ်ကို အစိုးရဘက်မှ တောင်းယူရာ တွင်မရခဲ့ကြောင်း ဗိုလ်ချုပ်ရုပ်ရှင်အား အဓိက ဦးဆောင်စီစဉ်နေသည့် ကိုသူရ(ခ)ဇာဂနာက ဇန်နဝါရီ ၁၃ ရက်ထုတ် The Voice သတင်းစာတွင်ပြောသည်။

ထိုအကြောင်းနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေးက “ကျွန်တော်တို့က အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပါ။ အဲဒီလိုကြိုးစားတဲ့အခါမှာ နေရာ၊ ပစ္စည်း၊ ငွေကြေး အခက်အခဲတွေ အားလုံးက ရှိနေတယ်။ အဲဒီလို မပေးတဲ့အခါကြတော့ အနီးစပ်ဆုံးဖြစ်နိုင်တဲ့နေရာကို ရိုက်ရမှာပေါ့။ အစစ် လောက်တော့ကောင်းချင်မှကောင်းမယ်။ ဇာတ်ကားပြီးသွားရင် ဒီဇာတ်ကားက ညံ့လိုက်တာဆိုပြီး ပရိသတ်တွေက ဝေဖန်ရင်ကျွန်တော်တို့ကခံရမှာဘဲ” ဟု ၎င်းကပြောခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိမြို့ဖြစ်သည့် နတ်မောက်မြို့တွင် ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ရက်အထိ အနုပညာရှင်များနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။

ဖျော်ဖြေပွဲများကို လူငယ်များနှင့် နတ်မောက် မြို့နယ်မှ ရပ်မိရပ်ဖများ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ငွေကျပ်သိန်း ၁၀၀၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားသည့် အပြင် လက်ရှိတွင် သိန်း ၈၀၀ ဝန်းကျင်ခန့် အလှူခံရရှိထားပြီး ဖြစ်သည်ဟု ယင်းပွဲဖြစ်မြောက်ရေး ကော်မတီ နတ်မောက်မြို့နယ် အသင်း ဘဏ္ဍာရေးမှူး ဦးထွန်းညွှန့် က ပြောသည်။


Credit- Mizzima News

 
 

No comments:

Post a Comment