“ဒီအစည်းအဝေးကတော့ ပန်းတိုင်နီးလေ အရေးကြီးလေပဲပေါ့။ လိုအပ်တဲ့ခေါင်းဆောင်တွေ မစုံသေးတော့ စောင့်နေတာ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ထို့ကြောင့် လာမည့် ဇန်နဝါရီလ ၂၀ ရက် ဝန်းကျင်တွင် NCCT ၏ အစည်းအဝေးကို ကျင်းပနိုင်ရန် ထိုင်းအစိုးရထံ ခွင့်ပြုချက် ပြန်လည်တောင်းခံရမည် ဖြစ်ကြောင်း သူက ဆိုသည်။
NCCT ခေါင်းဆောင် နိုင်ဟံသာက မွန်ပြည်တစ်ပါတီအတွင်း ကွင်းဆင်းဟောပြောပွဲများ လုပ်ဆောင်နေပြီး ကချင် လွတ်လပ်ရေးအဖွဲ့ KIO ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကလည်း ဌာနချုပ် လိုင်ဇာတွင် ဗဟိုကော်မတီ အစည်းအဝေး တက်ရောက်နေဆဲ ဖြစ်၍ အစည်းအဝေး မလုပ်ဖြစ်သေးခြင်း ဖြစ်သည်ဟု ဆိုသည်။
ယင်းအပြင် NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းကမူ အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)တို့ အပစ်အခတ် ရက်စဲရေး လက်မှတ်ရေးထိုးခဲ့သော ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်နေသည်။
လာမည့် ဖေဖော်ဝါရီလ ပြည်ထောင်စုနေ့တွင် လက်မှတ်ထိုး၊ မထိုးကို NCCT ၏ အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း NCCT ခေါင်းဆောင်များက ပြောဆိုထားသော်လည်း ယခုထိ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်မှ ၂၅ ရက်ထိ ဆွေးနွေးမှုတွင် သဘောတူညီမှု မရခဲ့သော အချက်များကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၃ ရက်များတွင် ထပ်မံ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့သော်လည်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နှစ်ဖက် သဘောတူညီမှု မရရှိသေးဖြင့် ပြည်ထောင်စုနေ့ မတိုင်မီ အချိန်မီ သဘောညီရန် လိုအပ်သည်ဟု သူက ပြောသည်။
နှစ်ဖက် ဆွေးနွေးရန် ကျန်နေသေးသည့် အချက်များသည် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ အပစ်အခတ် ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရေးနှင့် နှစ်ဖက် တပ်လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ ဆွေးနွေးရန် ကျန်နေခြင်းဖြစ်သည်။ ထိုအချက်များကို အချိန်မီ သဘောတူညီမှု ရရှိရန် လိုအပ်ပြီး အခြေခံ လိုအပ်ချက် ၂ ခု အချိန်မီ ဆောင်ရွက်ရန် လိုအပ်နေသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“ကျွန်တော်တို့ လိုအပ်ချက်အနေနဲ့ ကိုက်ညီတဲ့ အကြောင်းအရာ နှစ်ခုပေါ့။ တစ် ကတော့ ကျွန်တော်တို့ ဆွေးနွေးနေတဲ့ NCA စာချုပ်မှာ ပုဒ်မ ၄ ၊ ၅ ခုက အချိန်မှီ သဘောတူ၊ လုပ်နိုင်ရင်တော့ ဖြစ်နိုင်တယ်။ နောက်တစ်ခုက မြေပြင် အနေအထားပေါ့။ မြေပြင်မှာ တိုက်ပွဲတွေရှိတဲ့ အချိန်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးတယ်ဆိုတာက သဘာဝ မကျဘူးလေ။ ထိုးစေချင်တဲ့ ဆန္ဒရှိရင်တော့ မြေပြင်မှာလည်းပဲ စစ်ဆင်ရေးတွေ လျော့ဖို့၊ ရပ်ဆိုင်းဖို့ တာဝန်ရှိတဲ့ လူတွေက စဉ်းစားပေးရမှာပေါ့။ ဒီအချက်နှစ်ချက် ပြည့်စုံရင်တော့ ပြောတဲ့ ၁၂ ရက်နေ့ မီနိုင်တာပေါ့။ အချက် နှစ်ချက် မပြည့်စုံရင်တော့ ၁၂ ရက်နေ့ မီဖို့ မလွယ်ဘူး”ဟု သူက သုံးသပ်သည်။
ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ဇန်နဝါရီလ ၄ ရက်က နေပြည်တော်တွင် ကျင်းပသော ဗိုလ်ရှုသဘင် အခမ်းအနား တက်ရောက်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ကို သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၅ ရက်တွင် တွေ့ဆုံ၍ တိုက်တွန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
NCCT ခေါင်းဆောင်များ၏ ဆွေးနွေးမှု နှောင့်နှေးနေသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် လာမည့် ပြည်ထောင်စုနေ့တွင် သတ်မှတ်ထားသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရန်အတွက် အဓိကအားဖြင့် အစိုးရနှင့် တပ်မတော်သာလျှင် အဓိကကျပြီး NCCT နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစုကမူ ညီညွတ်မှုနှင့် နိုင်ငံရေး ဆွေးနွေးမှု လမ်းစဉ်ကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။
Credit - Mizzima News

No comments:
Post a Comment