ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်နှင့်
ကွတ်ခိုင်မြို့နယ်အကြား ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရ
တပ်မတော်တို့အကြား တိုက်ပွဲပြန်လည် ဖြစ်ပွားနေသည်ဟု KIA တပ်မဟာ ၄ မှ
ဗိုလ်ကြီး ဇော်လက မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ်
လိုင်ဇာမြို့တွင် လုံခြုံရေးယူထားသည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)
တပ်သားများအား သြဂုတ်လ ၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)
KIA ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၂ ၊ ၃၆ နှင့် ၃၈ နယ်မြေအတွင်း အစိုးရ၏ စစ်တပ်များ ယခုနှစ်ဆန်းပိုင်းမှ စတင်၍ အင်အား ဖြည့်တင်းမှုများ ရှိနေခဲ့ရာမှ ဇန်နဝါရီလ ၁၂ ရက်မှစတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။
“မနေ့ကနေ စဖြစ်တယ်။ သူတို့အစိုးရဘက်က စစ်ကြောင်းတွေ ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်တယ်။ သူတို့က လက်နက်ကြီးတွေနဲ့ သုံးတယ်။ တိုက်ပွဲကြီး ဖြစ်လာမယ့် အခြေအနေ ရှိနေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တာတွေ ရှိနေတယ်။ အစိုးရ စစ်တပ်နဲ့ ကျွန်တော်တို့နဲ့ နီးနီးကပ်ကပ်ရှိနေတာ။ ဒါပမေဲ့ မနေ့ကတော့ တိုက်ပွဲ ပြန်ဖြစ်လာတယ်”ဟု ဗိုလ်ကြီး ဇော်လက ပြောသည်။
ဇန်နဝါရီလ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲချိန်တွင် တိုက်ပွဲများ ငြိမ်နေသော်လည်း နှစ်ဖက် နီးကပ်စွာ ရှိနေသဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု သူက ပြောသည်။ ၎င်းနေရာတွင် အစိုးရဘက်မှ ဒကစ (၁၀) မှ တပ်ဖွဲ့များ လှုပ်ရှားနေခြင်း ဖြစ်သည်ဟု ပြောသည်။
ယခုကဲ့သို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားရခြင်းသည် KIO က ယခုနှစ်ဆန်းပိုင်းတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရန်အတွက် ဘိန်းများဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါး စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာမှုကို အစိုးရ စစ်တပ်က လိုလားမှု မရှိခြင်း ဖြစ်သည်ဟု ဗိုလ်ကြီးဇော်လက ပြောသည်။
“ကျွန်တော်တို့ ဒီဒေသမှာ ဘိန်းခင်းတွေကို ဖျက်ဆီးပြီး ပြန်မစိုက်ခိုင်းဘူး။ လမ်းတွေမှာလည်း တားမြစ်တာတွေလုပ်တယ်။ ကျွန်တော်တို့ တိုက်ဖျက်နေတာတွေကို သူတို့ မလိုလားဘူး။ ကျွန်တော်တို့က ဒီလကနေစပြီး စိုက်တဲ့လူ အခင်းတွေအားလုံး တိုက်ဖျက်သွားဖို့ လုပ်ဆောင်နေတယ်။ အဲဒါကို မလိုလားဘူး။ အင်အားတွေ ထပ်ဖြည့်လာတယ်။ နှစ်ဆန်းကနေ စပြီး လက်နက်ကြီးနဲ့ အဝေးကနေ မကြာခဏ ပစ်တယ်”ဟု သူက ပြောသည်။
မူဆယ်၊ ကွတ်ခိုင်ကားလမ်းအတိုင်း အစိုးရ စစ်တပ်များ အင်အားဖြည့်တင်းမှုများ ရှိနေသည်ဟု သူက ပြောသည်။
ယခုအကြိမ် တိုက်ပွဲသည် ၂၀၁၅ခုနှစ်အတွင်း ပထမဆုံးအကြိမ် ကေအိုင်အေနှင့် အစိုးရ တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ခုနှစ် ဒီဇင်ဘာ ၂၈ရက်ကမူ ၂၀၁၄ ခုနှစ်အတွက် နောက်ဆုံးတိုက်ပွဲအဖြစ် ကချင်ပြည်နယ် ကားမိုင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး ကေအိုင်အေ တပ်စခန်းတစ်ခု မီးရှို့ခံခဲ့ရသည်ဟုလည်း ဆိုသည်။
Credit- Mizzima News
No comments:
Post a Comment