Thursday, January 15, 2015

၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဘတ်ဂျက်လိုငွေ ကျပ် ၂၅၀၀ ဘီလီယံကျော်ပြီး ဂျီဒီပီ၏ လေးရာခိုင်နှုန်းခန့်ရှိ

ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း အစိုးရ၏ ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းအရ ဘတ်ဂျက်လိုငွေ ကျပ် ၂၅၅၁ ဒသမ ၈၁၁ ဘီလီယံ ကျော်ရှိပြီး ဂျီဒီပီ၏ ၃ ဒသမ ၈၅ ရာခိုင်နှုန်းရှိသည်ဟု သမ္မတဦးသိန်းစိန်က ဇန်န၀ါရီ ၁၄ ရက် တွင် ပြုလုပ်သော ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၅) ကြိမ်မြောက် အစည်းအဝေး၌ ပြောသည်။

president-thein-sein-15.1
(ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ)



လက်ရှိ အစိုးရလက်ထက်တွင် ပြည်ထောင်စု၏ နှစ်စဉ်ရငွေများ တိုးတက်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် နှစ်စဉ်တိုးမြှင့်သုံးစွဲခဲ့သည်ဟု သမ္မတက ဆိုပြီး မြန်မာနိုင်ငံနိုင်ငံ၏ ဘတ် ဂျက်လိုငွေသည် ယခင်နှစ်ကထက် ၁၇၉၆ ဒသမ ၅၉၇ ဘီလီယံ ပိုမိုများပြားလာခြင်းဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ်သည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အတွင် ဘတ်ဂျက်လိုငွေ အများဆုံးနှစ် ဖြစ်လာခဲ့ပြီး ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ ၃ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၄၄ ရာခိုင်နှုန်း၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၂၇ ရာခိုင်နှုန်း ရှိခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ရငွေနှင့် သုံးငွေသည် နှစ်စဉ် မြင့်တက်လာခြင်းဖြစ်ပြီး သုံးငွေမှာ သိသိသာသာ ပိုမို များပြားခဲ့သည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ထက် ၂၀၁၄-၁၅ ရငွေသည် ကျပ် ၂၆၉၆ ဒသမ ၀၃၈ ဘီလီယံများ ပြားခဲ့ပြီး သုံးငွေကို ယခင်နှစ်ထက် ကျပ် ၄၅၃၂ ဒသမ ၆၃၅ ဘီလီယံ ပိုမိုသုံးစွဲခဲ့ခြင်းဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ်အတွင်း ခန့်မှန်းခြေစာရင်းအရ ရငွေ ၁၆,၈၉၁ ဒသမ ၅၀၅ ဘီလီယံရှိပြီး ကျပ် ၁၉၄၄၃ ဒသမ ၃၁၆ ဘီလီယံ သုံးစွဲမည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်က နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုအတွက် သုံးစွဲရသည့် သာမန် အသုံးစရိတ်များနှင့် နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုများအတွက်  သုံးစွဲရသည့် ငွေလုံးငွေရင်းအသုံးစ ရိတ်များကို အချိုးအစား သင့်တင်မျှတမှုရှိရန် ၇၀ အချိုး ၃၀ ခန့်တွင် ထားရှိဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
သမ္မတဦးသိန်းစိန်က နိုင်ငံတော်၏ ဘတ်ဂျက်ရေးဆွဲ အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ အောင်မြင်မှုများ ရှိသကဲ့သို့ အခက်အခဲ အကျပ်အတည်းများကိုလည်း တွေ့ကြုံရင်ဆိုင်နေသည်ဟု ယင်းဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် ထုတ်ဖော်ပြောခဲ့သည်။
နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေး၊ လွှတ်တော်အမတ်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များတိုးမြှင့်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် တိုးမြှင့်အသုံးစရိတ်များ၊ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများစသည့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ ရှိလာခြင်းဖြစ်သည်ဟု သမ္မတက ဆိုသည်။
ထို့ပြင် ကမ္ဘာ့ရေနံဈေး ကျဆင်းမှုကြောင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရောင်းချမှုဝင်ငွေ လျော့ကျခြင်း၊ နိုင်ငံတကာဆက်သွယ်ရေး ကုမ္ပဏီများထံမှ ရရှိသော လိုင်စင်ကြေးရငွေများ လျော့နည်းသွားခြင်း၊ ထုတ်လုပ်မှုစရိတ်ထက် လျှပ်စစ်ဓာတ်အားခ လျှော့ချကောက်ခံရခြင်းနှင့် ပြည်ပကုန်သွယ်မှု လိုငွေ ပြသနေခြင်းကြောင့် ပြည်ထောင်စု အစိုးရရငွေသည် မျှော်မှန်းသလောက် တိုးတက်မှုမရှိခဲ့သောကြောင့် ယင်းအခြေအနေများအပေါ် မူတည်၍ အကောင်းဆုံး အနေအထားဖြစ်စေရန် ဆောင်ရွက်သွားမည်ဟု ၂၀၁၅ ခုနှစ်တွင် ပထမဦးဆုံး ပြုလုပ်သော ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး၌ သမ္မတဦးသိန်းစိန်က ရှင်းလင်းပြောခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment