Monday, January 12, 2015

ကုလ ကိုယ်စားလှယ်နှင့် ရှမ်းမြောက် အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံကာ ဒုက္ခသည်များ အရေးဆွေးနွေး

ရန်ကုန် (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီသည် ၎င်း၏ ရှမ်းပြည်နယ်ခရီးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒုက္ခသည်များအရေး အဓိက တွေ့ဆုံမေးမြန်းခဲ့သည်ဟု ၎င်းနှင့်တွေ့ဆုံခဲ့သူ တအောင်း၊ ပလောင် ကျောင်းသား လူငယ်အစည်းအရုံးမှ အတွင်းရေးမှူး မလိုည်းလျားရိန်းက ပြောသည်။
Yanheele-2
(ဓာတ်ပုံ - ကိုစံတင်၊ (လားရှိုး))



ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အရပ်ဘက်အဖွဲ့စည်းများဖြစ်သော တအောင်းအမျိုးသမီး အစည်းအရုံး၊ တအောင်း၊ ပလောင်လူငယ် အဖွဲ့အစည်းများနှင့် ဇန်နဝါရီ ၁၁ ရက်က တွေ့ဆုံခဲ့ပြီး ဒုက္ခသည် ဒုက္ခသည်များ အရေးအဓိက မေးမြန်းခဲ့သည်ဟု မလိုည်းလျားရိန်း က ပြောသည်။
“တွေ့ပြီးဆွေးနွေးတဲ့ အချိန်က အလွန်နည်းတယ်။ သူ့အနေနဲ့ မဖြစ်မနေတွေ့ဆုံတာသာဖြစ်ပြီး အသေးစိတ် သိရှိဖို့အတွက် အချိန်မရဘူး။ ကျွန်မတို့ ကြိုတင်ပြင်ဆင်ထားတဲ့ ကိစ္စတွေကိုလည်း ဘာမှ ရေရေရာရာ တင်ပြနိုင်ခဲ့တာမရှိဘူး” ဟု ဆိုသည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီလီ နှင့် ရှမ်းပြည်မြောက်ပိုင်း အရပ်ဘက်အဖွဲ့အစည်း ရှစ်ခု တို့တွေ့ဆုံခဲ့ပြီး ရှမ်း၊ ကချင်၊ တအောင်း၊ ပလောင် အဖွဲ့အစည်းများ ပါဝင်သည် ဟုဆိုသည်။ ၎င်းဆွေးနွေးပွဲတွင် ဒုက္ခသည်များအရေး၊ လယ်ယာမြေသိမ်းဆည်းခံရမှု၊ အမျိုးသမီးများလူကုန်ကူးခံရမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုအခြေအနေများကို ဆွေးနွေးတင်ပြရန် စီစဉ်ထားသော်လည်း ဆွေးနွေးခွင့်မရ ဟုဆိုသည်။
မစ္စယန်ဟီလီသည် ရှမ်းမြောက်ရှိ လူငယ်အဖွဲ့စည်းများနှင့် တွေ့ဆုံပြီးဒုက္ခသည် စခန်းများသို့သွားရောက်ရန် စီစဉ်ခဲ့သော်လည်း သွားရောက်ခြင်း မရှိခဲ့ဟုဆိုသည်။ လက်ရှိတွင် ပြင်ဦးလွင်မြို့သို့ ပြန်လည်ရောက်ရှိပြီး ဇန်နဝါရီ ၁၃ ရက်တွင် နေပြည်တော်တွင် အစိုးရအဖွဲ့များနှင့် တွေ့ဆုံမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ တာဝန်ရှိသူ ဦးအေးဝင်းကပြောသည်။

Credit -  Mizzima News

No comments:

Post a Comment