
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ လက်ရှိ အသွင်ကူးပြောင်းရေး နှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲလိုသည့် ဆန္ဒ အားနည်းနေသည်ဟု ဝေဖန်လိုက်သည်။ ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင်လည်း အစိုးရအနေဖြင့် ဆန္ဒထက်သန်မှု မရှိဘဲ ပြည်သူ့ဆန္ဒကို အလေးထားမှု အားနည်းသည်ဟု ဆွေးနွေးထားသည်။
နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအတွက် အဓိကကျသည့် အချက်များဖြစ်သည့် ဗဟိုချုပ်ကိုင်မှု လျော့ချရေးတွင်လည်း အားနည်းပြီး အဂတိလိုက်စားမှုကိုလည်း အစိုးရက ထိန်းချုပ်နိုင်ခြင်း မရှိသေးခြင်း၊ တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်ရောက် စွက်ဖက်ခြင်းများအပြင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သည့် ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုလည်း ယခုအချိန်ထိ ဆောင်ရွက်ခြင်းမရှိဟု ထောက်ပြဆွေးနွေးခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်သည့် အချက်များအရ သိရသည်။
ငြိမ်းချမ်းရေး နှင့် ပတ်သက်၍ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရေးအတွက် အချက် ၃ချက်ဖြင့် ထောက်ပြဆွေးနွေးထားသည်။ ယင်းတွင် နိုင်ငံရေးဆွေးနွေးပွဲများ တစ်ပြိုင်နက် ဆောင်ရွက်ရန် နှင့် ၆ပွင့်ဆိုင် ဆွေးနွေးပွဲ ကဲ့သို့ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး ဆွေးနွေးပွဲများကို ရှောင်ရှားခြင်းမျိုး မဖြစ်သင့်ဟု အကြံပြုထားသည်။
ယင်းအပြင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးမူဘောင် (Political Framwork) ချထားပြီး ဖြစ်ပြီး အပစ်ရပ်ရေး ပြီးပြတ်သည်နှင့် တစ်ပြိုင်နက် ချပြရန် အစီအစဉ် ရှိသည်ဟု တင်ပြထားသည်။
နောက်ဆုံးအနေဖြင့် လွတ်လပ်မျှတသည့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရေးနှင့် ကြားကာလ နိုင်ငံရေး တည်ငြိမ်မှု ရှိရေးအတွက် အချက် ၄ချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က တင်ပြထားသည်။
ယင်းတွင် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး နှင့် မြင်သာသည့် အသွင်ကူးပြောင်းမှု နိုင်ငံရေးလုပ်ငန်းစဉ် ပေါ်ပေါက်ရန် ဖွဲစည်းပုံ အခြေခံဥပဒေအား ပြည်သူ့ဆန္ဒနှင့် အညီ ပြုပြင်ရန် အရေးအကြီးဆုံး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က အကြံပြုထားသည်။ ထို့ပြင် ရွေးကောက်ပွဲ တရားမျှတရန် အစိုးရ အနေဖြင့် ဘက်လိုက်မှု ကင်းရန် လိုအပ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စည်းမျဉ်းဥပဒေနှင့် မကိုက်သည့် အပြုအမူ၊ အပြောအဆိုများကို ထိရောက်စွာ ဟန့်တားရန်နှင့် အုပ်ချုပ်ရေး အာဏာပိုင်များ အနေဖြင့်လည်း နိုင်ငံရေးပါတီများကို ခွဲခြင်းဘက်လိုက် ဆောင်ရွက်ခြင်းကို ရပ်တန့်ရန် တောင်းဆိုထားသည်။
Credit - Mizzima News
No comments:
Post a Comment