ရန်ကုန်(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ လုံးခင်းရဲစခန်းနှင့် မရှိဂထောင်တံတားတွင် ဇန်နဝါရီ ၁၅ရက် ညနေ ၆နာရီခွဲတွင် တစ်ကြိမ်၊ ၇နာရီ ခွဲတွင် တစ်ကြိမ် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။
သတင်းအသေးစိတ်ကိုမူ မဇ္ဈိမက စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။
ဇန်နဝါရီ ၁၄ရက်တွင် ဖားကန့်မြို့အတွင်း ဟွေလုံလမ်းပိုင်းတွင် မိုးကောင်း-ဖားကန့်-ကာမိုင်း လမ်းကို သွားရောက်စစ်ဆေးသည့် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော် နှင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၃ဦးကို ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)က တပ်သားများက ဖမ်းဆီးဖော်ဆောင်ခဲ့ပြီး ဝန်ကြီးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ရဲသုံးဦးကိုမူ ယခုထိ လွှတ်မပေးသေးပေ။
ဇန်နဝါရီ ၁၅ရက် နံနက်တွင်မူ အစိုးရ တပ်မတော်မှ ဖားကန့်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ဒေသတွင် ထိုးစစ်ဆင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ တစ်နေကုန် တိုက်ပွဲဖြစ်ပွားနေရသည်။ ယင်းတိုက်ပွဲဖြစ်ရာ အောင်ဘာလေရွာမှ ကျောင်းသား ၂၀၀ခန့် အပါအဝင် ဒေသခံ ၁၀၀၀ကျော်လည်း ပိတ်မိနေကြောင်း ဒေသခံများနှင့် ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများက မဇ္ဈိမပြောသည်။
Credit - Mizzima News
No comments:
Post a Comment