၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးရခဲ့တဲ့ မြန်မာပြည်မှာ ဗိုလ်ရှုသဘင်ကို ၁၉၄၉ မှ ၁၉၆၂ အထိ ကျင်းပခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နှစ်ပေါင်း ၅၃ နှစ်ကြာ မကျင်းပဖြစ်ခဲ့တဲ့ ဗိုလ်ရှုသဘင်ကို ယခုနှစ်မှာတော့ ပြန်လည်ကျင်းပခဲ့ပါတယ်။
စိတ်မကောင်း ဖြစ်မိတာကတော့ ယခင်ကျင်းပတဲ့ ဗိုလ်ရှုသဘင် အခမ်းအနားများမှာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကိုယ်တိုင် ဦးဆောင်ပြီး နိုင်ငံတော် သမ္မတကို အလေးပြုခဲ့ပါသော်လည်း ယခု ဗိုလ်ရှုသဘင်မှာတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် အလေးပြုဖို့ဝေးစွ၊ ဒုတိယ
ကာကွယ်ရေး ဦးစီးချုပ် အဆင့်က အလေးပြုတာလည်းမတွေ့ရ မြန်မာ့တပ်မတော်မှ ထိပ်တန်းအရာရှိကြီးများလည်း အလေးပြုတာကို မတွေ့ရခြင်းပါပဲ။
၁၉၄၉ ခုနှစ် လွတ်လပ်ရေးအောင်ပွဲနဲ့ ဗိုလ်ရှုသဘင် အခမ်းအနားကို ရန်ကုန်မြို့ တော်ခန်းမရှေ့၊ လွတ်လပ်ရေး ကျောက်တိုင်မှာ ကျင်းပတော့ မြန်မာ့ပထမဆုံး သမ္မတမှာ စ၀်ရွှေသိုက် ဖြစ်သည်။ ၁၉၅၄ ခုနှစ်မှစပြီး ဗိုလ်ရှုသဘင်အခမ်းအနားကို ရန်ကုန်မြို့၊ ပြည်လမ်း ဗိုလ်ရှုခံစင်မြင့်မှာ ကျင်းပရာမှာတော့ သမ္မတ မန်းဝင်းမောင် တက်ရောက်အလေးပြု ခံခဲ့ကြပါတယ်။
နှစ်စဉ်ကျင်းပတဲ့ ဗိုလ်ရှုသဘင်ပွဲမှာ အဆိုပါသမ္မတများကို ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်တက်ရောက် အလေးပြုခဲ့တာကို
တွေ့ရပါတယ်။ အဲဒီပါလီမန်ခေတ်မှာ ဝန်ကြီးချုပ်ရဲ့အောက်က သမ္မတအဆင့်ကို ကာကွယ်ရေး ဦးစီးချုပ်က ဗိုလ်ရှုသဘင်မှာ အလေးပြုပါတယ်ဆိုရင် ယနေ့ဝန်ကြီးချုပ် ရဲ့အပေါ်က သမ္မတကို (အခြေခံ ဥပဒေထဲမှာ ဖော်ပြထားတဲ့အတိုင်း ပြောရရင်နိုင်ငံရဲ့ အထွတ်အထိပ်ဖြစ်တဲ့ သမ္မတကို) ဘာ ကြောင့်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ရှုသဘင်မှာ အလေးမပြုရပါသလဲဆိုတာ တွေးစရာဖြစ်နေ ပါတယ်။
သကြားမင်း နွားယောင်ဆောင်ပြတာကို အမြီးထောင်တယ်လို့ ကြံဖန်ပြီး ကဲ့ရဲ့ ပြနေတာမဟုတ်ရပါ။ မြန်မာ့နိုင်ငံရေးမှာ စေ့စေ့တွေး မှ ရေးရေးပေါ်တဲ့ ကိစ္စရပ်များရှိသလို တွေးစရာမလိုအောင် ပေါ်လွင်ထင် ရှားတဲ့ဖြစ်ရပ်များလည်း ရှိပါတယ်။ ယနေ့ အရပ်သား ဒီမိုကရေစီ အစိုးရဆိုတဲ့ လမ်းကြောင်းကို သွားနေပါ တယ်ဆိုတဲ့ နေရာမှာ မေးခွန်း ထုတ်ခံနေရတာက သမ္မတက အပေါ်ကလား၊ ကာကွယ်ရေးဦးစီးချုပ်က အပေါ်ကလား၊ ဘယ်သူ့အောက်မှာ ဘယ်သူရောက်နေသလဲဆိုတာ အရေးပါတဲ့ မေးစရာတစ်ခုပါပဲ။
ဗိုလ်ရှုသဘင်မကျင်းပမီ ဖိတ်ကြားခံထားရတဲ့ ပါတီ ဥက္ကဋ္ဌ တစ်ဦး ပြောတာက သမ္မတက အထက်မှာလား၊ ကာကွယ်ရေး ဦးစီးချုပ်က အထက်မှာလား ဆိုတာတွေ ပြောနေတာတွေ ရှိတယ်။ ဒီမိုကရေစီအစိုးရ ဖြစ်ဖို့ သွားနေတဲ့လမ်းကြောင်းမှာ အစိုးရအောက်မှာပဲ တပ်မတော်ကရှိတယ်ဆိုတာကိုပြဖို့ သမ္မတက သူသာလျှင် အထက်မှာ ရှိတယ်ဆိုတာပြနိုင်အောင် အခုအချိန်မှာ ကမ္ဘာ့သက်သေ၊ မြန်မာ့ သက်သေ၊ တိုင်းရင်းသား လက်နက်ကိုင်သက်သေတွေနဲ့ ဗိုလ်ရှုခံအခမ်းအနားလုပ်ပြီး ပြလိုက်တာပဲလို့ သူ့ထင်မြင်ချက်ကို ပြောပြဖူး ပါတယ်။
အခုတော့ ဘယ်လို မြင်သလဲမသိပါ။ အစဉ်အလာအတိုင်း ပြန်လည်အကောင်အထည်ဖေါ်တယ် ဆိုသော်လည်း ယနေ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်က အပေါ်ရောက်နေလို့သာ အလေး မပြုတာလို့ ဒီလိုပဲ အရပ်သားတွေး တွေးရတော့မှာပါ။ မပြေးသော်လည်း ကန်ရာရှိနေတဲ့အချက်ကတော့ ကချင်တိုင်းရင်း သားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲ ဖြစ်နေစဉ်မှာ ဆက်မတိုက်ဘဲ ရပ်ဆိုင်းဖို့ သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ကို အမိန့်ပေးခဲ့စဉ်က အမိန့်မနာခံဘဲ စစ်ကိုဆက်ပြီး ဆင်နွှဲခဲ့ဖူးတာပါပဲ။
ပထမတော့ ပြည်သူတွေက ကာကွယ်ရေးဦးစီးချုပ်ရဲ့ အားနည်းချက်လို့ ရှုမြင်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်ကြောင့်ခုလို သမ္မတရဲ့အမိန့်ကို နာခံစရာမလိုဘဲ ကိုယ့် သဘော နဲ့ကိုယ် ထိုးစစ်ဆင်နိုင်တာလို့ပါ သိမြင်လာကြပါတယ်။ ဒီအခါမှာ ဖွဲ့စည်းပုံကြီးကို ပြင်ရမှာပါလားဆိုတဲ့ အသိအမြင်တွေလည်း ပြည်သူတွေရဲ့ကြားမှာ ပိုမိုရှင်သန် ခိုင်မာလာပါတယ်။ ဘယ်လို အားနည်းချက်တွေ ကြောင့်ပါလဲ။
ယခင် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မည်သည့် အကြောင်းပြချက်နဲ့မှ တပ်မတော်က အာဏာသိမ်း နိုင်ရန် ထည့်သွင်းရေးဆွဲထားတာ မတွေ့ရပါ။ ဒါကြောင့် ၁၉၆၂ ခုနှစ်မှာ တပ်မတော်က အာဏာသိမ်း ခြင်းသည် ဖွဲ့စည်းပုံကို ဆန့်ကျင်ချိုးဖောက်တာဖြစ်လို့ တပ်မတော်က အမျိုးသားရေးကို သစ္စာဖောက်မှု နိုင်ငံ တော် ပုန်ကန်မှု မြောက်နေပါတယ်။
၂၀၀၈ ဥပဒေမှာတော့ ပုဒ်မ ၄၀ (ဂ) မှာ အရေးအပေါ် အခြေအနေ ပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော် အာဏာကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက် များနှင့် အညီ ရယူသုံးစွဲခွင့်ရှိသည်လို့ ဖော်ပြထားတဲ့အတွက် အကြောင်းတစ်ခုခုပြပြီး အာဏာသိမ်းရင်တောင် ဖွဲ့ စည်းပုံကို လေးစားရာရောက်နေပါတယ်။
ပုဒ်မ ၂၃၂ (ခ) မှာ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်လို့ဆိုတာကြောင့် အရပ်သားအစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာလည်း ငါ့အဘကြီးက အပေါ်ကပဲ ဖြစ်နေပြန်ပါတယ်။
ဒီတော့ မိဘပြည်သူတွေခမျာ ကိုယ့်အပေါ်မှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိပြီး အဲဒီအပေါ်မှာ ပြည်ထဲရေး ဝန်ကြီးဌာနရှိ ကာ ပြည်ထဲရေးအပေါ်မှာ ပြည်သူတင်မြှောက်တဲ့ သမ္မတမရှိပါဘဲ ကာကွယ်ရေးဦးစီး ချုပ်သာလျှင် ရှိနေတဲ့အတွက် မိဘပြည်သူတွေကို ဘယ်သူ အုပ်ချုပ်နေပါသလဲဆိုတာ ဒီဖွဲ့စည်းပုံက အတိအလင်း ဖော်ပြနေသလိုပါပဲ။
ပုဒ်မ ၃၃၈ မှာ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်လို့ ဆိုထားပြန်တဲ့အတွက် ပြည်သူ့ရဲ ဆိုတာလည်း သူ့လက်အောက်မှာ ဖြစ်သလို သမ္မတက ထိုးစစ်ကို ရပ်ခိုင်းတော့လည်း သူ့သဘောနဲ့သူ ရပ်ချင်ရပ်မယ်၊ တိုက်ချင်တိုက်မယ် ဖြစ်နေမှုတွေ ဟာ ဒီဥပဒေကြောင့်ပဲ ဖြစ်ပါတယ်။
ဒီအကျိုးဆက်တွေဟာ သိန်းပေါင်း ထောင်သောင်းချီပြီး အကုန်အကျခံကျင်းပတဲ့ ဗိုလ်ရှုသဘင်မှာလည်း တစ်စုံတစ်ရာ သက်ရောက်မှု ရှိနေပါလိမ့်မည်။ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလို “ခင်ဗျားတို့ အင်္ဂလိပ်တွေကို ကျုပ်မမုန်းပါဘူး။ ကျုပ်မုန်းတာက ခင်ဗျားတို့ ကျင့်သုံး နေတဲ့ နယ်ချဲ့စနစ်ကိုမုန်းတာ” ဆိုသ လိုပဲ။ ကျွန်တော်တို့အနေနဲ့လည်း ကိုယ့်နိုင်ငံသားချင်းလည်းဖြစ်တဲ့ ဘယ်ပုဂိ္ဂုလ်၊ ဘယ်အဖွဲ့ အစည်းကိုမှ မုန်းစရာမလိုပေမယ့် အဲဒီပုဂ်္ဂိုလ်တစ်စုံတစ်ယောက်က စွဲမြဲစွာ ကျင့်သုံးနေတဲ့ စစ်အာဏာရှင် စနစ်ဆိုတာကို မုန်းဖို့လိုမလို ကတော့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပါပဲခင်ဗျား။
Credit - Mizzima News
No comments:
Post a Comment