Wednesday, January 14, 2015

လက်ပံတောင်း ပဋိပက္ခတွင် သေဆုံးခဲ့သူ ဒေါ်ခင်ဝင်းအတွက် တိုင်းတရားလွှတ်တော်အထိ မိသားစုဝင်များ တိုင်ကြားမည်

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၄ နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် လက်ပံတောင်း ပဋိပက္ခတွင် လုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်း
သေဆုံးခဲ့ရမှုကို ဥပဒေကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး စစ်ကိုင်းတိုင်း တရားလွှတ်တော်အထိ ဆက်လက်တိုင်ကြားသွားမည်ဟု
သေဆုံးသူ ဒေါ်ခင်ဝင်း၏ မိသားစုများက မဇ္ဈိမကို ပြောသည်။

Lappataung-Daw-Khin-Win
လက်ပံတောင်းတောင် စီမံကိန်းအတွင်း ဖြစ်ပွားသည့် ပဋိပက္ခများနှင့် ပတ်သက်၍ အရေးယူပေးရန် ဒေသခံများက ဆားလင်းကြီးရဲစခန်းတွင် အမှုလာဖွင့်စဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)



ဒေါ်ခင်ဝင်း သေဆုံးခဲ့ရမှုအတွက် မိသားစုဝင်များက ဇန်နဝါရီ ၃ ရက်က ဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်ခဲ့ရာ၌ အမှုကို ယာယီရပ်ဆိုင်းထားမည်ဟု ရဲစခန်းက အကြောင်းပြန်သည့်အတွက် အထက်ပါအတိုင်း စီစဉ်ခြင်းဖြစ်သည်။

ဒေါ်ခင်ဝင်း၏ သမီးအကြီးဖြစ်သူ မ၀င်းခိုင်က “ကျွန်မတို့ကတော့ ဥပဒေရှိတဲ့အတိုင်း ဆောင်ရွက်သွားမှာပါ။ ရှေ့ ဆက်တိုးဖို့ပဲ ရှိပါတယ်” ဟု ပြောသည်။

အမှုကို ယာယီရပ်ဆိုင်းထားမည်ဟု ရဲစခန်း၏ အကြောင်းပြန်စာတွင် လူ့အခွင့်အရေးကော်မရှင်နှင့် ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် စစ်ကိုင်းတိုင်းအစိုးရက ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အဖြေထွက်မလာသေးခြင်းကြောင့် ဖြစ်သည် ဟု ဒေါ်ခင်ဝင်း၏ မောင်နှမဝမ်းကွဲ တော်စပ်သူ ဦးဝင်းကျော်က ပြောသည်။

၎င်းက “နားလည်တဲ့ ရှေ့နေတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ မိသားစုတွေကလည်း ဥပဒေ အကြောင်း နားမလည်ကြဘူး” ဟု ဆိုသည်။

ဒေါ်ခင်ဝင်း သေဆုံးမှုအပေါ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေးချိုး ဖောက်မှု ရှိ၊ မရှိ ယခုလဆန်းပိုင်းက ကွင်းဆင်းစစ်ဆေးထားပြီး ဇန်န၀ါရီ ၁၃ ရက် သို့မဟုတ် ၁၄ ရက် တွင် သတင်းထုတ်ပြန်သွားမည်ဟု ကော်မရှင်၏ ဒု-ဥက္ကဋ္ဌဖြစ်သူ ဦးစစ်မြိုင်က မဇ္ဈိမကို တယ်လီဖုန်းမှ တစ် ဆင့် ဖြေကြားခဲ့သည်။

ယင်းကဲ့သို့ ရဲစခန်းက အမှုယာယီ ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်ပြီး ရှေ့နေများကွန်ရက်မှ ရှေ့နေတစ်ဦးဖြစ်သည့် ကိုစောကျော်ကျော်မင်း က “အမှုကို ယာယီရပ်ဆိုင်းတယ်ဆိုတာထက်စာရင် ရဲစခန်းက ပွင့်ပွင့်လင်းလင်း စုံစမ်းစစ်ဆေးသင့်တယ်။ ဖြစ်လာတဲ့ အခြေအနေကို ပွင့်လင်းလွတ်လပ်စွာနဲ့ ထုတ်ဖော် ပေးသင့်တယ်”ဟု ပြောသည်။

Credit - Mizzima News

No comments:

Post a Comment