ရန်ကုန် (မဇ္ဈိမ)။ ။ မိကျောင်းကန် သပိတ်စခန်းမှ
ဆန္ဒဖော်ထုတ်သူများကို အားပေးအား မြောက်ပြုလုပ်သည်ဟု ဆိုကာ
ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံထားရသူ ကိုဝေဠုက
ဖမ်းဆီးခေါ်ဆောင်သူ ဒုရဲမှူုး ဦးတင်လှကို အရေးယူပေးရန် ကျောက်တံတားမြို့နယ်
တရားရုံးတွင် ဇန်နဝါရီ ၁၆ ရက်က စာတင်ခဲ့သည်ဟု အကျိုးတော်ဆောင်
တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ဇန်နဝါရီလ ၁၆ ရက်က ကျောက်တံတားမြို့နယ် တရားရုံးတွင် ကိုဝေဠုအား ရုံးထုတ်အပြီး ဦးရောဘတ်စန်းအောင်က မီဒီယာများသို့ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကိုဝေဠုအား ကျောက်တံတားမြို့နယ်ရဲစခန်းမှ ဒုတိယရဲမှူးမှ တရားလိုပြုကာ ပုဒ်မ - ၅၀၅(ခ) ဖြင့် တရားဆွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါအမှုကို
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အကျိုးတောင်ဆောင်ရှေ့နေအဖြစ် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
ဦးရောဘတ်ဆန်းအောင်က “တရားစွဲဆိုထားတဲ့ ဥပဒေပုဒ်မ - ၅၀၅(ခ)က တရားရုံးရဲ့ဝရမ်းကို ယူရမှာ၊ အခုတရား ရုံးရဲ့ ဝရမ်းကို မယူဘဲနဲ့ လုပ်တာက ဥပဒေနဲ့ မညီဘူး။ မတရားဖမ်းဆီး ချုပ်နှောင်တဲ့ သဘောဆောင်တယ်။ ကိုဝေဠုရဲ့ ဆန္ဒအရ မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ စာတင်ခဲ့တယ်” ဟု ပြောသည်။
ကိုဝေဠုအား မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူများကို အားပေးအားမြောက် ပြုလုပ်သည်ဟုဆိုကာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက် ည ၈ နာရီခွဲခန့်က ကျောက်တံတားမြို့နယ် ရဲစခန်းမှ ဒု-ရဲမှူးဦးတင်လှ ဦးဆောင်သည့်အဖွဲ့က ဖမ်းဆီခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်တွင် ကျောက်တံတား မြို့နယ် တရားရုံးတွင် ပုဒ်မ- ၅၀၅ (ခ) ဖြင့် တရားစွဲထားခြင်းဖြစ်သည်။
ကိုဝေဠုအား ဇန်နဝါရီလ ၂၂ ရက်တွက် ရုံးချိန်း ပြန်လည် ချိန်းဆိုထားခြင်းဖြစ်သည်။ ကိုဝေဠုသည် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment