Thursday, January 15, 2015

သာသနာညှိုးနွမ်းမှုနဲ့ ရင်ဆိုင်နေရတဲ့ ဦးထင်လင်းဦး သံဃာတော်တွေကို တောင်းပန်

မန္တလေး၊ ဇန်နဝါရီ ၁၅

သာသနာညှိုးနွမ်းမှုနဲ့ အမှုရင်ဆိုင်နေရတဲ့ NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးဟာ ဇန်နဝါရီလ ၁၅ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်မှာ ချောင်းဦးမြို့နယ် သံဃာတော်တွေကို တောင်းပန်ခဲ့တယ်လို့ ကာယကံရှင် ဦးထင်လင်းဦးက ပြောပါတယ်။ သူ့အနေနဲ့ မှားယွင်းခဲ့လို့ တောင်းပန်တာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

“ကျွန်တော့် ဟောပြောချက် တချို့က သံဃာတော်တွေရဲ့ စိတ်နှလုံး မချမ်းမြေ့ဘူးဆိုတာ သိရတဲ့အတွက် တောင်းပန်တာ ဖြစ်ပါတယ်။ ကျွန်တော့် ဟောပြောချက်က မမှားပါဘူး” လို့ ဦးထင်လင်းဦးက The Voice သို့ ပြောဆိုပါတယ်။

ဦးထင်လင်းဦး အနေနဲ့ သံဃာတော်တွေကို တောင်းပန်ခဲ့ပြီးဖြစ်လို့ ချောင်းဦးမြို့မှ သံဃာတော်တွေက သင့်တော်တဲ့ရက်မှာ သပိတ်ပြန်လှန်မယ်လို့ ချောင်းဦးမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်တွေက မိန့်ကြားပါတယ်။

အဲဒီ ကန်တော့ တောင်းပန်ပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့က ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဝင်းအတွင်းမှာရှိတဲ့ ကမ္ဘာအေး ဆုတောင်းပြည့် ရဲတပ်ဖွဲ့ ဓမ္မာရုံမှာ ကျင်းပခဲ့ပါတယ်။ ချောင်းဦးမြို့နယ် သံဃာ့နာယက ဆရာတော်တွေနဲ့ ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် တရားရုံးမှာ ဇန်နဝါရီလ ၁၅ ရက်နေ့က စာရေးဆရာ လည်းဖြစ်သူ ထင်လင်းဦးကို ငါးကြိမ်မြောက် ရုံးချိန်းရှိခဲ့ပြီး တရားလိုပြ သက်သေတွေကို စစ်ဆေးခဲ့တယ်လို့ အဲဒီတရားရုံးက သိရှိရပါတယ်။

စာရေးဆရာ ထင်လင်းဦးရဲ့ အမှုမှာ ချောင်းဦးမြို့နယ် တရားရုံးတွင်း စစ်ဆေးမှုကို မပြောလိုပေမယ့် တရားရုံးပြင်ပမှာ လုံခြုံမှုမရှိလို့ မုံရွာတရားရုံးမှာ ပြောင်းလဲ စစ်ဆေးနိုင်ဖို့ မုံရွာခရိုင် တရားရုံးမှာ ရုံးပြောင်း လျှောက်ထားမယ်လို့ ဦးထင်လင်းဦးရဲ့ အကျိုးဆောင်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

စာရေးဆရာလည်းဖြစ်တဲ့ ထင်လင်းဦးဟာ ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက သုံးပန်လှကျေးရွာမှာ ပြုလုပ်တဲ့ ဆရာတော် ဦးဝိစာရ အထိမ်းအမှတ်နေ့ စာပေဟောပြောပွဲမှာ ဗုဒ္ဓဘာသာကို စော်ကားရာရောက်တဲ့ အသုံးအနှုန်းတွေ ထည့်သွင်းဟောပြောခဲ့တာကြောင့် ချောင်းဦးမြို့နယ် သာသနာရေး ဦးစီးဋ္ဌာနက တရားစွဲဆိုထားတာဖြစ်ပါတယ်။

သာသနာတော်ကို ညှိုးနွမ်းစေအောင် ဟောပြောခဲ့တယ်ဆိုပြီး ဦးထင်လင်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့က ချောင်းဦး မြို့နယ်သံဃာတော်တွေက ပတ္တနိကောစ္ဆနကံ ဆောင်ခဲ့ကြပါတယ်။


Credit - The Voice



 

No comments:

Post a Comment