မြန်မာ့မျက်မှောက် နိုင်ငံအကျပ်အတည်းကို အပွင့်ဆိုင် ဆွေးနွေးပွဲများဖြင့် ကျော်ဖြတ်ရန် လူထုခေါင်းဆောင်ဟု အများ၏ သတ်မှတ် ခံရသူ ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သော တစ်နှစ်ကျော်မှသည် ယနေ့တိုင် တစိုက်မတ်မတ် ပြောဆို ကြိုးပမ်းနေသည်။
သူမသည် လေးပွင့်ဆိုင်ကို တောင်းခဲ့သည်။ အစိုးရသည် ငြင်းဆိုသည်။ လွှတ်တော်က ခြောက်ပွင့်ဆိုင်ဖြင့် ကြားဝင် ညှိသည်။ ဤသို့ဖြင့် အပွင့်ဆိုင်များ ဘိုးဘိုးအောင် တန်ခိုးဖြင့် ဆတိုးအလီလီ ပြောင်းလဲကာ ဇန်န၀ါရီ ၁၂ က ၄၈ ပွင့်ဆိုင်ကြသည်။
သမ္မတ ဦးဆောင် ဆွေးနွေးသည့် အစီအစဉ်တွင် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အဓိက ဆွေးနွေးမှုအဖြစ် မပါဝင်ပါ။ အစိုးရက သက်သောင့်သက်သာ နောက်အစိုးရတစ်ရပ် (၀ါ) သားအစိုးရတစ်ရပ် တက်လာရေး လမ်းကြောင်းပေး ဆွေးနွေးခဲ့သည်။
ထူးသည်ကား ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲခဲ့သည့် ယခင်စစ်အစိုးရ၏ အမျိုးသားညီလာခံ ဥက္ကဋ္ဌဖြစ်သူ သမ္မတ၏ အဖွင့်မိန့်ခွန်းတွင် ၎င်းကိုယ်တိုင် ရေးဆွဲခဲ့သည့် အခြေခံဥပဒေနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြောသည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမည်ဟူသည့် မိမိ၏ရပ်တည်ချက်ကို အစဉ်အမြဲ ဆုပ်ကိုင်ထားပါကြောင်း"
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အပွင့်ဆိုင်ဆွေးနွေးပွဲကို တောင်းဆိုခဲ့သူဖြစ်ပြီး သမ္မတက အချိန်အခါကျမည့် အချိန်ကို စောင့်မည့်သူ ဖြစ်နေသည်ကို မဇ္ဈိမက တွေ့သည်။
အချိန်အခါသည် မည်သည့်အချိန်တွင်မှ ကျလိမ့်မည်နည်း။ လူတန်းစားတစ်ရပ်သည် မျိုးဆက် ဘယ်နှဆက်အထိ တိုင်းပြည်အာဏာကို ထိန်းသိမ်းပြီး မလွတ်တမ်း ကိုင်ထားလိုသနည်း။ ၅၁ သန်းသော ပြည်သူအများစုမှာ ကြွယ်ပိုးကြွယ်ဝဖြင့် အေးအေးဆေးဆေး ဆီဦးထောပတ်စားကာ အချိန်အခါအလိုက် ထိန်းထိန်းသိမ်းသိမ်း ပြင်ဆင်ကြမည်ကို စောင့်စားနိုင်သူများ မဟုတ်ပါ။
ပြည်သူလူထု အများစုမှာ တစ်နေကုန်တစ်နေခမ်း ပင်ပန်းဆင်းရဲစွာဖြင့် ရုန်းကန် လှုပ်ရှား၊ တစ်ခါတရံ အသက်ကိုပါ ပေးဆပ်လိုက်ရပြီးမှ ထမင်းတစ်လုပ်ကို ရှာဖွေ စားသောက်နေရသူများ ဖြစ်ပါသည်။ တိုင်းပြည် မနက်ဖြန် ကောင်းလျှင် ၎င်းတို့၏ ဘ၀များ ပိုမိုကောင်းမွန် လာနိုင်သည်မှာ တိုင်းပြည်နှင့်လူထုကို မျက်နှာမူသော ခေါင်းဆောင်တိုင်း သိထိုက်သည်သာ ဖြစ်ပါသည်။
သမ္မတသည် ၄၈ ပွင့်ဆိုင်တွင် ပြည်သူအများစု နားလည်ရန် မလွယ်သည့် စကားတစ်ရပ်ကို ထည့်ပြောခဲ့သေးသည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြင်ဆင်ရာတွင် နိုင်ငံများစွာတွင် ကျင့်သုံးနေသည့် Principle of Progressive Realization ကို ထည့်သွင်း စဉ်းစား လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း"
"ဖြည်းဖြည်းသွား၊ နှေးနှေးတိုးတက်၊ ဘောင်အတွင်းက လုပ်၊ ထောင်တွင်းဝင်မယ့် အလုပ်တွေ မရှုပ်နဲ့" ဟု သမ္မတက တိုက်ရိုက် မပြောဘဲ အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုချင်ပုံရသည်။
ပြည်သူများ၏ဒုက္ခကို သန်းခေါင်ထက်ညဥ့်မနက်တော့နှင့်ဟု ဆိုချင်ပုံရလေသည်။ ဤနည်းအတိုင်းဖြင့် လူများပြီး ပွဲမစည်ပုံရသည့် ၄၈ ပွင့်ဆိုင် အစည်းအဝေးကား ပြီးခဲ့ပြီ။
သမ္မတပြောခဲ့သည့် အချိန်အခါအလိုက်ဟုဆိုသော မည်သည့်အချိန်မှန်း မသိသည့် အချိန်တစ်ခုကို ဆင်းရဲဒုက္ခများကြားမှနေ၍ ပြည်သူများ သည် မျိုးဆက် ဘယ်နှဆက်လောက် စောင့်စားရဦးမည်နည်းဟု မဇ္ဈိမက မေးခွန်း ထုတ်လိုသည်။
တိုင်းရင်းသားပြည်သူများ၏ ဒုက္ခသုက္ခများ၊ မျက်ရည်များ၊ အသက်အန္တရာယ်များကို မိမိတို့ဘ၀နှင့်ထပ်တူ ကိုယ်ချင်းစာပြီး အချိန်မဆိုင်း၊ နာရီတိုင်း အပြောင်းအလဲကောင်းကို ဖော်ဆောင်ပေးနိုင်မည့် အမှန်တကယ် ဖော်ဆောင်ပေးလိုသည့် ခေါင်းဆောင်ကောင်း များ မြန်မြန်မကြာ ပေါ်ထွန်းစေသတည်း။
Credit- Mizzima News
No comments:
Post a Comment