Tuesday, January 13, 2015

ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်က သိမ်းထားသည့် လယ်မြေများပြန်လည်ရရှိရန် ဥပဒေနည်းဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ဟု ဒေသခံတောင်သူများက ဆို

မန္တလေး (မဇ္ဈိမ)။ ။ ပြင်ဦးလွင်မြို့နယ်ရှိ စစ်တက္ကသိုလ်က သိမ်းဆည်းထားသည့် မြေဧက ၁,၀၀၀ ကို လွှဲပြောင်းပေးရန် တောင်းဆိုသော် လည်း မူလပိုင်ရှင်များသို့ မပေးအပ်ဘဲ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ လွှဲပြောင်းပေး အပ်ခဲ့သည့်အတွက် ဒေသခံတောင်သူများက ဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ်၊ လေးပင်စခန်းကျေးရွာမှ ဦးစိုးဝင်းက ပြောကြားသည်။

Demonstration-in-Pin-Oo-Lwin
သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးအတွက် ဒေသခံတောင်သူလယ်သမားများက တောင်ကြီးမြို့တွင် ၂၀၁၄ ခု၊ ဇူလိုင် ၁ ရက်က ဆန္ဒဖော်ထုတ်စဉ်။ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်၊ မဇ္ဈိမ)



“ကျွန်တော်တို့ ပထမတောင်းတာက လွတ်နေတဲ့မြေမှာ သီးစားချပေးဖို့ တောင်းတယ် မရဘူး။ စားဝတ် နေရေးဒုက္ခရောက် လို့ တောင်းတာပါ။ ဆက်တောင်းတယ်။ ဒါကို မပေးတဲ့အပြင် ၀န်ကြီးဌာန တစ်ခုကို ထပ်ပြီး လွှဲပေးတယ်။ တကယ်ဆို သူတို့ ဘာမှမလုပ်ဘူး။ အခုဟာက သူတို့ဝန်ကြီးဌာန အချင်းချင်း ငါတို့ တော့ လုပ်စရာမရှိဘူး မင်းတို့ဌာနယူ ဆိုပြီး ပေးလိုက်သလိုပဲ။ ကျွန်တော်တို့အနေနဲ့ ကတော့ ဥပဒေနည်း လမ်းအတိုင်း ဆက်တောင်း သွားမယ်” ဟု ၎င်းက ပြောသည်။

လယ်ယာမြေများ ပြန်လည်လွှဲပြောင်းပေးရန် ဒေသခံတောင်သူများက လက်မှတ်များ ထိုး၍ ဇန်န၀ါရီ ၁၃ ရက်တွင် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနသို့ တင်ပြ တိုင် ကြားသွားမည်ဟု ဒေသခံတောင်သူ ဦးသာဌေးက ဆိုသည်။

“ကျွန်တော်တို့က မြေလည်းဆုံး လူလည်း အဖမ်းခံရအောင်တော့ မလုပ်ဘူး။ သူတို့ ထုတ်ပြန်ထားတဲ့ ဥပ ဒေတွေအတိုင်း လုပ်မယ်။ အချိန်တန်လာရင်တော့ နိုင်ငံ့အကြီးအကဲတွေ သိလာမယ်လို့ ယုံတယ်။ ကျွန် တော်တို့ ဗုဒ္ဓဘာသာဝင်ပီပီ ကံကို ယုံ တယ်။ တရားကို နတ်စောင့် ပါတယ်” ဟု ၎င်းက ပြောသည်။

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ၀ါးနက်ကျေးရွာ၊ သပြေရေကျေးရွာနှင့် လေးပင်စခန်း ကျေးရွာရှိ ကွင်းအမှတ် (၂၃) မှ တောင်သူ ၇၀ ဦးပိုင် လယ်မြေဧက ၁,၀၀၀ ကို ၁၉၉၉ ခုနှစ်အတွင်းမှ စတင်ကာ စစ်တက္ကသိုလ် ကလျော်ကြေးမပေးဘဲ သိမ်းယူခဲ့ခြင်း ဖြစ်သည်။

ဒေသခံတောင်သူများက အဆိုပါ မြေများ ပြန်လည်ရရှိရေးအတွက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ မှ ၂၀၁၅ ခုနှစ် ဇန်န၀ါရီအထိ စစ်တက္ကသိုလ်နှင့် သက်ဆိုင်သော အဆောက် အအုံများ၊ အခြားစီမံကိန်းများ ဆောင်ရွက် ခြင်းများ မရှိသောကြောင့် ဒေသခံတောင်သူများက မူလပိုင်ရှင်များထံသို့ လွှဲပြောင်းပေးရန် အကြိမ်ကြိမ် အသနားခံစာတင်၍ တောင်းဆိုခဲ့သော်လည်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးစိုးဝင်းက ဆိုသည်။

နိုင်ငံတော်မှ ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သော လယ်ယာမြေ ဥပဒေပြဋ္ဌာန်းချက် အခန်း -၁၁၊ ပုဒ်မ-၃၂ အရ စီမံကိန်းအဖြစ် သိမ်းယူခဲ့သော်လည်း စီမံကိန်းအကောင်အထည် မဖော်နိုင်ခဲ့လျှင်မူလ ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရမည် ဖြစ်ပြီး နည်းဥပဒေ အခန်း-၁၀ ၊ပုဒ်မ-၉၅ အရ စီမံကိန်းအဖြစ်သိမ်းခဲ့ သော မြေနေရာများကို စီမံကိန်းပြီးစီး၍ ပိုလျှံမြေများကို ရာသီအမီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် မူလပိုင် ရှင် တောင်သူများထံ ပြန်လည် ပေးအပ်ရမည်ဟု အတိအလင်း ပြဋ္ဌာန်းထားသည်။

အလုပ်သမား၊ လယ်သမားအရေး ကူညီဆောင်ရွက်ပေးသူများအဖွဲ့ အထက်မြန်မာပြည်တာဝန်ခံ ဦးအေး သိန်းက “နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေကို မလိုက်နာဘူး။ သူတို့ထုတ်ပြန်ပြီး သူတို့ ချိုးဖောက်နေ တယ်။ သူတို့လုပ်ချင်သလို လုပ်မယ်ဆိုရင် အစကတည်းက ဒီဥပဒေတွေ မပြဋ္ဌာန်းနဲ့၊ ဒါတွေကို သက်ဆိုင် ရာက သိဖို့ ကောင်းတယ်” ဟု ပြောသည်။

စစ်တက္ကသိုလ်မှ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်လိုက်ခြင်းသည် မတရားသဖြင့် တောင်သူများအပေါ် အာဏာအလွဲသုံးစားပြုလုပ်၍ ဖိနှိပ်နေသည့် သဘောမျိုး သက်ရောက်နေသည့်အပြင် နိုင်ငံတော်မှ ထုတ်ပြန်ထားသော လယ်ယာမြေဥပဒေ ပြဋ္ဌာန်းချက်ကိုလည်း ကျောခိုင်း ဆောင်ရွက်နေသ ဖြင့် ထိုဥပဒေကို ထုတ်ပြန်ခဲ့သည့် သမ္မတကိုပါ စော်ကားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ သိမ်းယူထားသည့် မြေဧကများမှ ၂၀ ရာခိုင်နှုန်းကိုသာ ပြန်လည်စွန့်လွှတ်မြေအဖြစ် ပေးအပ်ခဲ့ သော်လည်း မူလတောင်သူများ မရရှိသေးကြောင်း အလုပ်သမား လယ်သမားအရေး ဆောင်ရွက်သူများ အဖွဲ့မှ ကောက်ယူထားသော မှတ်တမ်းအရ သိရသည်။

Credit - Mizzima News

No comments:

Post a Comment