
ပုံစာ- ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုမှ ကလေးများအား ၂၀၁၂ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)
ဇန်နဝါရီလ ၁၅ ရက်က ဖားကန့်မြို့၊ အောင်ဘာလေကျေးရွာအတွင်း အစိုးရ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဖားကန့်မြို့ပေါ်မှ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များက ရွာသားများအား ခေါ်ယူရန် သွားရောက်ခဲ့သော်လည်း အစိုးရ စစ်တပ်က ဖြတ်သန်းခွင့် မပြုခဲ့ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်(KDNG) တာဝန်ခံ ကိုစာဂျီးက ပြောသည်။
“စစ်တပ်က ရပ်မိရပ်ဖတွေကို သန်းခေါင်ကျေးရွာကို တက်ဖို့ ခွင့်မပြုဘူး။ လမ်းကြောတစ်လျှောက်မှာ စစ်သားတွေ ချထားတယ်။ နောက်ပြီး သန်းခေါင်ကျေးရွာက လူတွေလည်း ဖားကန့်ဘက် ဆင်းလာလို့ မရဘူး။ အားလုံး ပိတ်ထားတယ်။ အဲဒီ့ရွာပတ်ဝန်းကျင်မှာ စစ်တပ်က ဝန်းရံထားလိုက်တယ်။ အခုက အမြှောက်နဲ့ လှမ်းထုနေတယ်။ ကျေးရွာသူရွာသားတွေက ဘယ်ကို ထွက်ပြေးရမှန်း မသိဘူး။ ဘုရားကျောင်းတွေမှာ ခိုအောင်းနေရတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
ထိုနေ့ နံနက်တွင် အစိုးရတပ်၏ လက်နက်ကြီး (၁၀၅ မမ) ကျေးရွာအတွင်း ကျရောက်သဖြင့် ကျေးရွာသားများမှာ ရွာအတွင်းရှိ ဘုရားကျောင်း၌ စုပေါင်းခိုလှုံနေရသည်ဟု အောင်ဘာလေ ဒေသခံ အမျိုးသမီးတစ်ဦးက မဇ္ဈိမကို ပြောသည်။
နှစ်ဖက်တိုက်ပွဲများ ဇန်နဝါရီ ၁၅ရက် မွန်းလွဲ ၂ နာရီအထိ ဆက်လက် ဖြစ်ပွားနေကာ အောင်ဘာလေကျေးရွာ ခေါ် သန်းခေါင်းကျေးရွာရှိ အိမ်ခြေ ၄၀၀ ကျော်မှ ဒေသခံ ၁၀၀၀ ခန့်ပိတ်မိနေသည်။ ပိတ်မိနေသည့်အထဲ၌ ကျောင်းသူကျောင်းသား ၂၀၀ နှင့် ဆရာ၊ ဆရာမ ၂၁ ဦးလည်း ပိတ်မိနေသဖြင့် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု ၎င်းက ပြောသည်။
“အဲဒီ့မှာ ကျေင်းသားလည်း ၂၀၀ လောက်ရှိတယ်။ အခုက ထွက်ပြေးနေရတယ်။ ကျောင်းသားတွေ ပညာရေးအတွက်က ဆုံးရှုံးမယ်။ ရွာသားတွေ သွားဖို့ ခက်နေပြီ။ သေနတ်သံ၊ ဗုံးသံ အောက်မှာ အန္တရယ်ကြီးမှားတဲ့ နေရာမှာ ဖြစ်နေပြီ။ အဲဒါကြောင့် အဓိက ရွာသားတွေ တော်တော်ကို စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်”ဟု ကိုစာဂျီးက ပြောသည်။
KIA တပ်ရင်း ၆မှ ဗိုလ်မှူးတန်ဆိုင်းက “တိုက်ပွဲဖြစ်နေပြီး ဒီမနက် ၆ နာရီခွဲကနေစဖြစ်တာ။ အောင်ဘာလီရွာဘက် ဝင်လာလို့ တိုက်ပွဲ ဖြစ်တာလား၊ တပ်ရင်း ၃ ရင်းရှိတယ်။ ကျွန်တော်တို့က ဒီမနက်ကနေ ခုထိခုခံတိုက်ခိုက်နေပါတယ်။ အစိုးရ စစ်တပ်က လက်နက်ကြီး ၅၀၊ ၆၀ ကြိမ်လောက် ပစ်ပြီ၊ ခုထိ တိုက်ပွဲဖြစ်နေတုန်းဘဲ”ဟု မဇ္ဈိမကို ပြောသည်။
ဇန်ဝါရီလ ၁၄ ရက်က မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းကို သွားရောက် စစ်ဆေးကြည့်ရှုသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော် နှင့်အတူ လမ်းကြေင်းတွင် လိုက်ပါသွားသည့် လုံခြုံရေးတပ်ဖွဲ့ သုံးဦးအား ဖားကန့်မြို့ ဟွေလုံလမ်းပိုင်းတွင် ထိန်းသိမ်းခဲ့ပြီး ဝန်ကြီးအား ချက်ချင်းပြန်လွှတ်ပေးသော်လည်း ရဲသုံးဦးကို ဖမ်းဆီးထားခဲ့သည်။
ထိုရဲဝန်ထမ်းများကို ဇန်နဝါရီ ၁၅ရက် နံနက်တွင် ပြန်လည် လွှတ်ပေးမည်ဟု ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ဖားကန့် တပ်မမှူးများထံသို့ ညတွင်းချင်း အကြောင်းကြားထားပြီး ဖြစ်သော်လည်း ထိုနေ့ နံနက်တွင် အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ၃ ရင်းမှ အင်အား ၂၀၀ ကျော်ခန့်သည် ၈၁ မမနှင့် ၁၀၅ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။ ဖမ်းဆီးထားသည့် ရဲဝန်ထမ်းသုံးဦးကို ကေအိုင်အေ ဗဟိုမှ ညွှန်ကြားချက်ရပါက ပြန်လွှတ်ပေးမည်ဟုလည်း ဆိုသည်။
ကေအိုင်အေက ရဲသုံးဦးကို ဖမ်းဆီးထားခြင်းကြောင့် ပြန်လည်လွှတ်ပေးရန် ကေအိုင်အို၏ နည်းပညာအထောက်အကူပြု အဖွဲ့ နှင့် ပဋိပက္ခ ညှိနှိုင်းရေး ရုံးကိုများ အကြာင်းကြားထားပြီး နယ်မြေရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ရက်က ထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၁၂ရက် နှင့် ၁၃ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်နှင့် ကွတ်ခိုင်မြို့နယ်အကြား ကေအိုင်အေ၏ တပ်မဟာ ၄ လက်အောင်ခံ တပ်များနှင့် အစိုးရ တပ်မတော်တို့ ၂၀၁၅ခုနှစ်တွင် ပထမဆုံးအကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
၂၀၁၄ခုနှစ် ဒီဇင်ဘာ ၂၈ရက်ကမူ ၂၀၁၄ ခုနှစ်အတွက် နောက်ဆုံးတိုက်ပွဲအဖြစ် ကချင်ပြည်နယ် ကားမိုင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး ကေအိုင်အေ တပ်စခန်းတစ်ခု မီးရှို့ခံခဲ့ရသည်ဟုလည်း ဆိုသည်။
Credit - Mizzima News
No comments:
Post a Comment