ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ကျောင်းသားများက
ပြန်လည် ပြင်ဆင်၊ ဖြည့်စွက်လိုသည့် အချက်များကို ရန်ကုန်အရှေ့ပိုင်း
တက္ကသိုလ် ပါမောက္ခချုပ်ထံ တင်ပြရန် ဇန်နဝါရီ ၁၂ရက်က ကောက်ခံခဲ့သည်ဟု
ယင်းတက္ကသိုလ်မှ ဒု-ပါမောက္ခချုပ် ဒေါ်မာလာအောင်က မဇ္ဈိမကို ပြောသည်။

အမျိုးသာ
းပညာရေး ဥပဒေ ပြင်ဆင်ပေးရန်အတွက် သပိတ်မှောက် ဆန္ဒထုတ်ဖော် ခြင်းကို
ရန်ကုန်မြို့ ဘုန်းကြီးလမ်း စံပြရုပ်ရှင်ရုံရှေ့မှ ဆူးလေဘုရားအနီးထိ
လမ်းလျှောက် နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
"ဒီကောက်ထားတာကို စာရင်းဇယားတွေကို အထက်က ပါမောက္ခချုပ်ကိုပေးမှာပါ။ ဥပဒေ ဆရာမ တစ်ယောက် အနေနဲ့ လုပ်တာပါ ။ဥပဒေတစ်ခုလုံးကို ဆွေးနွေးတာပါ ကျန်တာက အထက်က လူကြီးတွေ လုပ်မှာပါ"ဟု ဒေါ်မာလာအောင်က ပြောသည်။
ယင်းသို့ ကျောင်းသားများထံမှ အကြံပြုချက်များ ကောက်ခံမှုကို ဇန်နဝါရီ ၁၂ရက်က ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျောင်းသားများက ၎င်းတို့ ပြင်ဆင်၊ ဖြည့်စွက်လိုသည့် အချက်များကို စာရွက်ဖြင့် ရေးသားကာ ယင်းစာရွက်များကို ဒေါ်မာလာအောင် က ပြန်လည်ကောက်ခံသွားခြင်း ဖြစ်သည်။ ကျောင်းသားများက အဓိက ကျသည့် ၁၁ချက်ကို တင်ပြခဲ့ပြီး ယင်းတွင် အခန်း (၄) အမျိုးသား ပညာရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် အလုပ်တာဝန်များကို လုံးဝဖျက်သိမ်းရန် ပါဝင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ အတွင်းရေးမှူး ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။
အမျိုးသား ဥပဒေမူကြမ်းကို ပြန်လည်ဖြည့်စွက်ဖြင်း ပြင်ဆင်ခြင်းအတွက် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် ဇန်နဝါရီ ၇ရက်မှ စတင်၍ ၃ရက်တာ ဆွေးနွေးမှုကို ဒု-ပါမောက္ခဒေါ်မာလာအောင် ဦးဆောင်၍ ကျောင်းသားသမဂ္ဂများ၊ ဆရာ၊ ဆရာမ သမဂ္ဂများက ဆွေးနွေး ခဲ့ကြသေးသည်။ ယင်းဆွေးနွေးချက်များကို ဇန်နဝါရီ ၁၂ရက်တွင် ထုတ်ပြန်ချက် ထုတ်ပြန်ကာ သမ္မတထံအထိ တင်ပြမည်ဟု ကနဦး ပြောကြားချက်များ ရှိသော်လည်း ၁၂ရက်နေ့တွင် ထုတ်ပြန်ချက် မထုတ်ပြန်နိုင်ခဲ့ပေ။
အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို လွှတ်တော်က အတည်ပြုပြီး နောက်ပိုင်းတွင် ကျောင်းသားထုများက အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီး ဆန္ဒပြပွဲများ၊ သိပတ်မှောက်ခြင်းများ ၂၀၁၄ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလက ဖြစ်ခဲ့သည်။ ယင်းနောက်တွင် ကျောင်းသားများက ယင်းဥပဒေနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ရက်ပေါင်း ၇၀အတွင်း လာရောက်ညှိနှိုင်းရန် တောင်းဆိုခဲ့ပြီး ဆန္ဒပြလှုပ်ကြားမှုများကို လတ်တလော ရပ်တန့်ထားသည်။ ရက်ပေါင်း ၇၀ ပြည့်သော်လည်း လာရောက်ညှိနှိုင်းမှု မပြုပါက သပိတ်မှောက် ဆန္ဒပြခြင်းကို အရှိန်မြှင့်မည်ဟု ရာဇသံပေးထားသည်။ လာမည့် ဇန်နဝါရီ ၁၇ရက်တွင် ရက် ၇၀ ပြည့်မည်ဖြစ်ပြီး ထိုနေ့တွင် သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ရန်လည်း ရှိနေသည်။
Credit - Mizzima News
No comments:
Post a Comment