Tuesday, July 22, 2014

မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်ပါ အချက် ၅ ချက် ပြင်ဆင်ပေးရန် NLD တောင်းဆို


ရန်ကုန်၊ ဇူလိုင် ၂၁
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ၏ အကြံပြုချက်ကို ထည့်သွင်းထားခြင်း မရှိဟု ဝေဖန်ခံနေရသော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်ပါ အချက် ၅ ချက်ကို ပြင်ဆင်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဇူလိုင် ၂၁ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်ရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
“မနေ့တုန်းက ရွေးကောက်ပွဲ သမာသမတ်ကျဖို့ လုပ်တဲ့ ညီလာခံမှာလည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကလည်း အလိမ်အညာ မရှိအောင်၊ ပြည်သူလူထု ယုံကြည်တဲ့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်သွားမယ်လို့ ပြောတာနဲ့ အကြံပြုချက် သဘောမျိုးပါပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။
ဇူလိုင် ပထမပတ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာသည့် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်ညွှန်ကြားချက်များသည် နိုင်ငံရေး ပါတီများ၏ အကြံပြု တင်ပြချက်များ မပါဝင်ဘဲ တစ်ဖက်သတ် ထုတ်ပြန်ထားသည် ဆိုကာ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ် အချို့နှင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းတို့က ကြေညာချက် ထုတ်ပြန် ကန့်ကွက်ခဲ့ကြသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မဲဆွယ်စည်းရုံးရေး ကာလကို ရက်ပေါင်း ၃၀ သတ်မှတ်ထားသည်မှာ လုံလောက်မှု မရှိသဖြင့် ရက်ပေါင်း ၆၀ သက်မှတ်ပေးရန်၊ လွှတ်တော် ကိုယ်စားလှယ်လောင်း ကြေညာပြီးသည့်မှ ၁၅ ရက်အတွင်း စုဝေးဟောပြောမည့် အစီအစဉ်ကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံ အသီးသီး လျှောက်ထားရမည်ကို ငါးရက်ကြိုတင် အကြောင်းပါက လုံလောက်ကြောင်း ယင်းထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မဲဆန္ဒရှင် စကားရပ်အစား အများပြည်သူတို့ ယုံကြည်လေးစားခြင်း ခံရသော မဲဆန္ဒရှင်ဟု ပြင်ဆင်ရန်၊ မဲရုံကိုယ်စားလှယ် နှစ်ဦးနှင့် အကူကိုယ်စားလှယ် နှစ်ဦးလုံး ဝင်ခွင့်ပေးရန်၊ ကော်မရှင်က ခွင့်ပြုထားသူများ စကားရပ်သည် အဓိပ္ပာယ် မတိကျသဖြင့် ပယ်ဖျက်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။
မဲရုံကိုယ်စားလှယ် နှစ်ဦးနှင့် အကူကိုယ်စားလှယ် နှစ်ဦးလုံး ဝင်ခွင့်ပေးရန် တင်ပြချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နှစ်ပါတီနှင့်အထက် ဝင်ခွင့်ပြုရန်ကို ပြန်လည် စဉ်းစားမည်ဟု ပြောကြားထားသည်။

No comments:

Post a Comment