ရန်ကုန်၊ ဇူလိုင် ၂၁
မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအား မြှင့်တင်ရာတွင် အထောက်အကူ ဖြစ်စေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်သော မိုဟာမက် ယူနွတ်စ်သည် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၁၉ ရက်မှ ၂၂ ရက်နေ့အထိ လေးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေကြောင်း ဗြိတိသျှကောင်စီထံမှ သိရသည်။
ဗြိတိသျှကောင်စီ၏ ဖိတ်ကြားချက်အရ ရောက်ရှိလာသော ၂၀၀၆ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ယူနွတ်စ်သည် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများ CSR နှင့် ပတ်သက်သည့် အသိပညာ ပိုမို ပြန့်ပွားလာရေးအတွက် လာရောက် ဆွေးနွေးခြင်း ဖြစ်ပြီး နေပြည်တော်တွင် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ဗြိတိသျှကောင်စီက ထုတ်ပြန်သည်။
“ယူနွတ်စ်က စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်သလို စာလည်းရေးတယ်။ အဓိကကတော့ သူက Micro Business (အသေးစား စီးပွားလုပ်ငန်း) တွေနဲ့ ချေးငွေတွေအကြောင်း ဘယ်လို လုပ်ကြမယ် ဆိုတာကို ပြောဖြစ်တယ်” ဟု နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။
မြန်မာနိုင်ငံသို့ ယူနွတ်စ် လာရောက်ချိန်သည် အချိန်ကောင်းတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအား မြှင့်တင်ရာတွင် အထောက်အကူ ဖြစ်စေမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံသို့ လာရောက်သည့် လေးရက်ကြာခရီးတွင် မိုဟာမက် ယူနွတ်စ်သည် အစိုးရ တာဝန်ရှိသူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး အသေးစား စီးပွားရေးလုပ်ငန်းနှင့် လူမှုစီးပွားလုပ်ငန်း (CSR) အကြောင်းအရာများကို အဓိကထား ဆွေးနွေးမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောကြားသည်။
မိုဟာမက် ယူနွတ်စ်သည် ၁၉၈၃ ခုနှစ် တွင် Grameen ဘဏ်ကို တည်ထောင်၍ အသေးစား ငွေရေးကြေးရေးနှင့် အခြေခံ လူတန်းစားများအတွက် အသေးစား ချေးငွေများ ထုတ်ချေးမှုများကို Grameen ဘဏ် တည်ထောင်၍ လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး၂၀၀၆ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဖြစ်ပြီး နိုင်ငံတကာ ဆုတံဆိပ်များစွာ ချီးမြှင့်ခံထားရသူ ဖြစ်သည်။

No comments:
Post a Comment