
နေပြည်တော်၊ ဇူလိုင် ၂၂
လာမည့် ၂၀၁၅ ရွေးကောက်ပွဲအမီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်ရေး ကော်မတီ အစီရင်ခံစာကို ဇူလိုင်လ ၂၃ ရက်နေ့တွင် လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
အဆိုပါ အခြေခံဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာအတွင်း ပြင်ဆင်ရမည့် ပုဒ်မများကို အသေးစိတ်တင်ပြထားခြင်း မရှိဘဲ ပြင်ဆင်လိုသည့်မူဝါဒနှင့် အခန်းကဏ္ဍကို သာတင်ပြမည် ဖြစ်ကြောင်း အဆိုပါကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။ “အားလုံးသိချင်တဲ့ အချက်အလက်တွေတော့ အခုချိန်မှာမပါသေးဘူး” ဟု ၎င်းကဆိုသည်။
ထို့အပြင် အခြေခံဥပဒေအတွင်း ပြင်ဆင်ရမည့် ပုဒ်မများကို အသေးစိတ် ထုတ်ပြန်နိုင်ရန် အချိန်ယူညှိနှိုင်းရဦးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီ ခြောက်လအလိုတွင် အပြီးသတ်ပြင်ရမည်ဟု ဖေဖော်ဝါရီလအတွင်း ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်ရေး ကော်မတီသို့ အခြေခံမူများ ပေးပို့ထားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအခန်း ၁၂ ပါ ပုဒ်မ ၄၃၆ ကိုပါ ပြင်ဆင်ပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အဓိကထား တောင်းဆိုနေပြီး ယင်းပုဒ်မကို ပြင်ဆင်ပေးရေး လူထုဆန္ဒခံယူမှု ပြုလုပ်နေကြောင်း၊ ယင်းအချက်ကို ပြင်ဆင်ပေးရေးအတွက် ဆန္ဒပြု လက်မှတ်ရေးထိုးထားသူ ငါးသန်းခန့် ရှိကြောင်း NLD ပါတီ ကြေညာထုတ်ပြန်ထားသည်။
အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်အတွင်း ဆောင်ရွက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးပါဝင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်ရေး ကော်မတီကို ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဖွဲ့စည်းထားသည်။
No comments:
Post a Comment