Tuesday, July 22, 2014

ရခိုင်တွင် လူငယ်စွမ်းရည် မြှင့်တင်ရေး သင်တန်းများပေးမည်


စစ်တွေ၊ ဇူလိုင် ၁၉
ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ ခရိုင်သုံးခုတွင် လူငယ်များစွမ်းရည် မြှင့်တင်ရေးနှင့် ပြဿနာ ဖြေရှင်းရေး သင်တန်းများကို People for Peoples (PFP) က ပေးသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးပြည်သိမ်းက ပြောကြားသည်။
သင်တန်းအတွက် အမေရိကန်အစိုးရ အကူအညီပေးရေး အစီအစဉ် USAID က ထောက်ပံ့ကူညီပေးပြီး ခရိုင်တစ်ခုစီတွင် သင်တန်းသား ၂၀ စီ (စုစုပေါင်း လူ ၆၀ ဦး) သင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
စစ်တွေမြို့၌ ဇူလိုင်လ ၂၀ ရက် နေ့တွင် စတင်ဖွင့်လှစ်နေပြီ ဖြစ်ပြီး ၁၅ ရက် ကြာမြင့်မည် ဖြစ်ကြောင်း၊ မြောက်ဦးတွင် သြဂုတ်လ ၈ ရက်နေ့မှ သြဂုတ်လကုန် အထိ၊ ကျောက်ဖြူတွင် စက်တင်ဘာ ၈ ရက်နေ့မှ ယင်းလအကုန်အထိ ဖွင့်လှစ်မည် ဖြစ်ကြောင်း PFP ထံမှ သိရှိရသည်။
သင်တန်းတွင် လူ့အခွင့်အရေး၊ စွမ်းရည်မြှင့်မားရေး၊ နိုင်ငံရေး၊ ပြဿနာ ဖြေရှင်းရေး ဆိုသည့် အခန်းကဏ္ဍများကို ပို့ချမည် ဖြစ်ကြောင်း သင်တန်းဆရာ ဦးတင့်ဆွေက ပြောကြားသည်။
“ပြဿနာတစ်ခု ဖြစ်ပြီဆိုရင် အဲဒီ ပြဿနာကို လျှော့ချတဲ့ နည်းလမ်းတွေ ဘာသာရပ်အဖြစ် သင်တန်းမှာပါတယ်” ဟု ၎င်းကဆိုသည်။
သင်တန်းသားများမှာ အသက် ၂၀ မှ ၄၀ ကြား ရှိသူများကို သင်တန်းပေးရန် စီစဉ်ထားပြီး အနိမ့်ဆုံး ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ရမည် ဖြစ်ကြောင်း PFP ထံမှ သိရှိရသည်။
PFP ကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် ရခိုင်လက်နက်ကိုင် အင်အားစုမှ ခေါင်းဆောင်အချို့ဖြင့် ဘင်္ဂလား-မြန်မာနယ်စပ်၌ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် ဖွဲ့စည်းခဲ့သည်။
(ခင်မောင်အေး)

No comments:

Post a Comment