
ရန်ကုန်၊ ဇူလိုင် ၂၁
လက်ရှိတွင် ဖြစ်ပေါ်နေသည့် မီဒီယာသမားများ ဖမ်းဆီးတရားစွဲ ခံရခြင်းအတွက် မီဒီယာဘက်မှ ဖိအားပေးလာမည်ကို နိုင်ငံတော်သမ္မတ စိုးရိမ်ပူပန်နေဖွယ် ရှိကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို လက်ခံတွေ့ဆုံခြင်း မပြုမီ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံပြီးနောက် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
စာနယ်ဇင်းကောင်စီမှ သမ္မတနှင့် တွေ့ဆုံခွင့် တောင်းခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် အရင်တွေ့ဆုံရန် ဝန်ကြီးဌာနက တရားဝင် ပြန်ကြားသောကြောင့် ဝန်ကြီးနှင့် တွေ့ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော်သမ္မတ အနေနှင့် သတင်းထောက်များ အရေးယူထားသည့် ကိစ္စများနှင့် ပတ်သက်၍ မီဒီယာက ဖိအားပေးလာမည်၊ ပြောလာမည်ကို စိုးရိမ်မှု ရှိသည့်အတွက် ပြန်ကြားရေးဝန်ကြီးနှင့် ဦးစွာ တွေ့ဆုံစေကာ စနည်းနာသည့် သဘောဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
“ဝန်ကြီးကတော့ သမ္မတနဲ့ အမြန်ဆုံး တွေ့နိုင်ဖို့ ကူညီမယ်ပေါ့။ အဲလို ပြောသွားတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
စာနယ်ဇင်းကောင်စီ အနေနှင့်လည်း ဆောင်ရွက်ချက် မှားသည်၊ မှန်သည်ကို ပြောကြားလိုခြင်း မဟုတ်ကြောင်း၊ ယခု လာရောက်ခြင်းမှာ ဖြစ်ပေါ်နေသည့် ကိစ္စများကို အကောင်းဆုံး ဖြစ်စေရန် မည်သို့ ဖြေရှင်းမည်၊ ရှေ့တွင် မည်သို့ ဆက်လက်နည်းပါး ကျဆင်းသွားအောင် လုပ်မည် စသည့် ဆွေးနွေးမည့် အချက်များကို သတင်းစကား ပါးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ယူနတီဂျာနယ်ကိစ္စ၊ Bi မွန်းတည့်နေ ဂျာနယ်ကိစ္စနှင့် ဂျာနယ်တိုက်များကို သတင်းတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းမှုများကို ဆွေးနွေးခဲ့ပြီး ဝန်ကြီးမှ ယူနတီဂျာနယ် ကိစ္စမှာလည်း အဆုံးအဖြတ် ပြီးသွားခြင်း မဟုတ်ဘဲ တိုင်းဒေသကြီး တရားလွှတ်တော်များ တင်ပြလျှင် အဆုံးအဖြတ် ပြောင်းလဲသွားနိုင်ကြောင်း၊ အစိုးရ အနေနှင့်လည်း လတ်တလောတွင် တရားရေးမဏ္ဏိုင်သို့ ဝင်ရောက် စွက်ဖက်ရန် မလွယ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြန်လည် ပြောကြားခဲ့သည်ဟု စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ဆိုသည်။
“ဝန်ကြီးနဲ့ ဆွေးနွေးတဲ့ ရလာဒ်ကတော့ ကောင်းတယ်လို့ ပြောလို့ ရပါတယ်” ဟု ၎င်းက ထပ်မံ ပြောကြားသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တွေ့ဆုံရာတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး အပါအဝင် အဆိုပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ အဖွဲ့ဝင် ဦးသီဟစော၊ တွဲဖက်အတွင်းရေးမှူး ဒေါ်နန်းကလျာဝင်း၊ ဦးမြင့်ကျော်တို့က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတကို လက်ခံတွေ့ဆုံခြင်း မပြုရန် ပြောကြားသူအချို့ ရှိနိုင်ပြီး သမ္မတ အနေနှင့်လည်း သတင်းထောက်များ ဆန္ဒထုတ်ဖော်မှုအပေါ် စိတ်ငြိုငြင်မှု ရှိနိုင်ကြောင်း၊ သမ္မတ အနေနှင့်လည်း တိုက်ရိုက် ဆုံးဖြတ်ချက်များ ပါရှိလာနိုင်၍ မတွေ့ခြင်းလည်း ဖြစ်နိုင်ကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်မှ အတွင်းရေးမှူး (၂) ဦးသန်းဋ္ဌေးက ပြောကြားသည်။
ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း အပါအဝင် သတင်းထောက် ငါးဦးကို နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေဖြင့် ပခုက္ကူခရိုင် တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး သတင်းထောက်များကို ထောင်ချသည့်အတွက် ဇူလိုင် ၁၂ ရက်နေ့တွင် မီဒီယာသမားအချို့က သမ္မတကို ဆန္ဒထုတ်ဖော်ခဲ့သည်။
No comments:
Post a Comment