
(ဆရာမောင်ထင်၏ ဗမာ့နိုင်ငံရေးသုခမိန် စာအုပ်ပါ ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။)
ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့လွတ်လပ်ရေးကို အရတိုက်ယူခဲ့သော သူရဲကောင်းအာဇာနည် ဖြစ်သည်ဟူ၍ နှောင်းလူတို့က အဓွန့်ရှည်စွာ ရာဇ၀င်၌ စာတင်ကြပေလိမ့်မည်။
သို့သော် ကျွန်တော် တစ်ခု စဉ်းစားမိသည်။
ဗိုလ်ချုပ် ဘာကို တိုက်ခဲ့သနည်း။ လွတ်လပ်ရေးအတွက် တိုက်ခဲ့သည် မှန်၏။ သို့သော် စစ်စစ်ပေါက်ပေါက် ရှာဖွေကြည့်ပါဦး။ လွတ်လပ်ရေးအတွက် သူဘာကို တိုက်ခဲ့သလဲ။
သည်အချက်သည် စဉ်းစား၍ကောင်းသော အချက်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော် စဉ်းစားကြည့်သည်။ စာရှုသူ မိတ်ဆွေ ...။ မိတ်ဆွေ၌ အချိန်ပိုရှိလျှင် ကျွန်တော်နှင့်အတူ လိုက်၍ စဉ်းစားကြည့်စမ်းပါလား။
မိတ်ဆွေ စဉ်းစားခန်းဝင်တော့မည်။ သို့သော် ထိုကိစ္စနှင့် စပ်လျဉ်း၍ မိတ်ဆွေ စဉ်းစားခန်း မ၀င်သေးမီ မိတ်ဆွေက ပဏာမ အစမ်းသဘောနှင့် တောင်တောင်အီအီ တွေးတောငေးမော နေမိမည်ကို ကျွန်တော် မြင်ယောင်ပါသည်။
အကယ်၍ ဗိုလ်ချုပ်တိုက်ခဲ့သော လွတ်လပ်ရေးစစ်ကြီးသည် အချည်းနှီး ဖြစ်ခဲ့သည် ဆိုပါတော့။
မိတ်ဆွေ တွေးမိပေလိမ့်မည်။ အကယ်၍သာ လွတ်လပ်ရေးတိုက်ပွဲကြီးမှာ မအောင်ဘဲ ရှိခဲ့ပါလျှင် ယနေ့အဖို့၌ လွတ်လပ်ရေးသည် သူ့ကြောင့်ပဲ ရခဲ့သလိုလို ဆောင့်ကြွားကြွားနှင့် အသားယူနေကြသော ဗိုလ်ချုပ်၏ တိုက်ပွဲမှ အမြတ်ထုတ်နေကြသူတို့သည် အဘယ်ပုံ နေကြလိမ့်မည်နည်း။
သတ္တိကြောင်သူတို့သည် ဓမ္မတာအားဖြင့် အပေါ်စီးရသည့်အခါ ဆောင့်ကြွားကြွားနိုင်တတ်သည်။ ဆောင့်ကြွားကြွားနိုင်သူတို့သည် အရေးမလှသည့်အခါ အမြီးကုပ်တတ်ကြသည်။
“သူတို့ ဒီလိုပဲ အမြီးကုပ်ကြမှာပါပဲ” ဟု မိတ်ဆွေ တွေးမိကောင်းတွေးမိ ပေလိမ့်မည်။
သို့သော် တစ်ခုရှိသည်။ ဗိုလ်ချုပ် ဘာကို တိုက်ခဲ့သည်ဟူသော အချက်ကို နားလည်လျှင် ဆောင့်ကြွားကြွား လုပ်စရာလည်း မလို၊ အမြီးကုပ်နေရန်လည်း အခွင့်ရှိတော့မည် မဟုတ်။
အမှန်မှာ ဤလွတ်လပ်ရေးရပြီးသည့်ခေတ်တွင် ဗိုလ်ချုပ်၏ စိန်နားကပ်အရောင်ကြောင့် ကျွန်ုပ်တို့၏ပါးမှာ ပြောင်၍လက်နေသည်။
ထို့ကြောင့် ကျွန်ုပ်တို့ ဗိုလ်ချုပ်၏ တေ ဆေးကောင်းလွန်း၍ ၀မ်းသက်သည် မဟုတ်ဘဲ ကျွန်ုပ်တို့ ကျယ်ခြင်းကြောင့် ၀မ်းလားသည်ဟု အယူရှိနေခြင်းဖြစ်၏။ ထို့ကြောင့်လည်း ဗိုလ်ချုပ် ဘာကိုတိုက်ခဲ့၍ ကျွန်ုပ်တို့အဖို့ ဘာအမြတ်ကျန်ရစ်သည်ကို ကျွန်ုပ်တို့ မတွေးမိကြ။
ကျွန်ုပ်တို့အတွက် အမြတ်ဟူသည်မှာ လိုင်စင်ကျ မကျ၊ ရာထူး ရ မရ၊ လူထုအပေါ် ဗိုလ်ကျနိုင် မကျနိုင်၊ အရာရှိအပေါ် သြဇာပေးနိုင် မပေးနိုင်၊ အခွင့်အရေး ပိုရ မရ စသော ချောက်ချိချောက်ချက် လုပ်ငန်းများအပေါ် အမှီပြုတွက်ချက်၍ ရနိုင်သမျှသာ ဖြစ်ပေသည်။
မိတ်ဆွေ ကျွန်တော်နှင့်အတူ လိုက်၍ စဉ်းစားကြည့်စမ်းပါ။
မိတ်ဆွေ ကျွန်ုပ်တို့သည် ဗိုလ်ချုပ်ထားခဲ့သော အရင်းမှ အမြတ်ကိုပင် ကျကျနန မထုတ်တတ်သေးပါတကား။
ဗိုလ်ချုပ်၏ ဘ၀ကားချပ်များကို တစ်ခုစီ လှန်လှော၍ ကြည့်ကြစမ်းပါဦး။
ဗိုလ်ချုပ်သည် ဉာဏ်ကောင်းသည် မှန်၏။ စိတ်ရင်းကောင်းသည် မှန်၏။ အမျိုးကို ချစ်သည် မှန်၏။ သို့သော် ဗိုလ်ချုပ်သည် နုစဉ်အခါက လူပျင်းကလေးတစ်ယောက် ဖြစ်ခဲ့၏။
ဗိုလ်ချုပ်သည် ဆံပင်ညှပ်ဖို့ ပျင်း၏။ အတန်းစာကျက်ဖို့ ပျင်း၏။ အများတကာနှင့် ဆက်ဆံပေါင်းသင်းဖို့ ပျင်း၏။ ကုန်ကုန်ပြောရသော် ထမင်းစားဖို့ပင်လျှင် ခပ်ပျင်းပျင်းဖြစ်၏။ ငါ့ဝမ်းပူဆာ မနေ၍သာ စားလိုက်ရသည်။ ထမင်းမစားဘဲ နေ၍ရလျှင် ပျင်းသောကြောင့် စားမိမည် မဟုတ်။
အကြောင်းကို မယုံလျှင် ဗိုလ်ချုပ်၏ အတ္ထုပ္ပတ္တိတို့တွင် ဗိုလ်ချုပ် ဖြစ်သလိုနေတတ် ထိုင်တတ်ပုံ ကြည့်၍ အကဲခတ်လေ။ ဗိုလ်ချုပ်နှင့် နီးစပ်သူတို့သည် ဗိုလ်ချုပ်၏ ဉာဉ်ကို သိကြပေသည်။ စင်စစ် ဗိုလ်ချုပ်သည် လောကစည်းစိမ် တိုးပွားမှုကို ဆောင်ရွက်ရန်ပျင်းသူတစ်ယောက် ဖြစ်ခဲ့သည်။ အကယ်၍ ဗိုလ်ချုပ်သည် ငယ်စဉ်ကပင်လျှင် ဉာဏ်ထုံသူ ဖြစ်ခဲ့ပါမူ လူပျင်းဘ၀သည် လူဖျင်းဘ၀သို့ သက်လျှောရဖို့သာ ရှိသည်။
ထို့ကြောင့် သူသည် သူ၏ အမျိုးအဆွေနှင့် အပေါင်းအဖော်တို့အား သူနှင့် ရင်းနှီးသည်ကို အကြောင်းပြု၍ မချီးမြှင့်။ လုပ်ရည်ကိုင်ရည်ကို အကြောင်းပြု၍သာ ချီးမြှင့်သည်။ လုပ်ရည်ကိုင်ရည် မရှိ၍ နှိမ့်ချသင့်သူတို့ကို သူ၏ အဆွေအမျိုး၊ အပေါင်းအဖော် ဖြစ်ခြင်းကြောင့် ချမ်းသာမပေး၊ ကာကွယ်မပေး၊ နှိမ့်ချသင့်သူကို နှိမ့်ချပေသည် . . . . .
သို့သော် ဗိုလ်ချုပ်၏ ပဋိသန္ဓေ စိတ်ဓာတ်ကား အပျင်းဘ၀မှ လွတ်မြောက်ရေးကို ရှေ့ရှုသောစိတ်ဓာတ် ဖြစ်၏။ ထိုစိတ်ဓာတ်ကြောင့် မလှုပ်မယှက် အေးစက်စက် နေတတ်သူသည် စစ်ပညာကို အပူတပြင်း သင်ကြားခံယူခဲ့သည်။ လွတ်လပ်ရေးတိုက်ပွဲ ဆင်ပုံဆင်နည်းတို့ကို ဖိနှိပ်ခံရခြင်းဒဏ်၊ ပါးရိုက်ခံရခြင်းဒဏ်တို့ဖြင့် လဲလှယ်၍ ယူခဲ့သည်။
ဗိုလ်ချုပ်၏ တော်လှန်ရေးစိတ်ဓာတ်သည် အပျင်းဘ၀ကို တော်လှန်၍ ၀ိရိယာဓိက အဖြစ်သို့ရောက်အောင် ကြံဆောင်ခဲ့သည်။
ဗိုလ်ချုပ်သည် မိမိ၏ လူပျင်းစိတ်ဓာတ်ကို တိုက်ခိုက်ခဲ့သည်။
ဗိုလ်ချုပ်သည် သူ၏ကိုယ်ကိုယ် တိုင်းပြည်အတွက် ပူဇော်ထားသူ ဖြစ်ရကား သူ၏ လူပျင်းစိတ်ဓာတ်ကို တိုက်ခိုက်ရင်းမှ တိုင်းပြည်၏ အပျင်းစိတ်ဓာတ်ကိုပါ တိုက်ခိုက်ခဲ့၏။
သို့သော် ကျွန်ုပ်တို့သည် ယနေ့အထိ လူပျင်းအခေါ်ခံရမည်ကို မကြိုက်သော်လည်း ၀ီရိယကောင်းစွာ မရှိသေး။
ဗိုလ်ချုပ်သည် ဇွတ်သမားဖြစ်၏။ ဇွတ်သမားများသည် မိမိအမြင်ကိုသာ အမြင်ဟု မှတ်ယူတတ်၏။ တစ်ဖက်သတ်ဖြစ်သည်။ ခပ်ရိုင်းရိုင်း စကားသုံးလျှင် တဇောက်ကန်း သဘောသာသာမျှ ဖြစ်၏။ များသောအားဖြင့် ကျွန်ုပ်တို့သည် မိုးမမြင် လေမမြင် ဖြစ်လာသည့်အခါ တဇွတ်ထိုး လုပ်တတ်ကြသည်။ ရှေ့၊ နောက်၊ ၀ဲ၊ ယာ၊ ထက်၊ အောက် ပြန်မကြည့်လို။ “ငါပြောတာ ဟုတ်တယ်၊ ငါလုပ်တာ မှန်တယ်” ဟူသော တစ်ဖက်သတ် တွေးတောချက်ဖြင့် ဆင်ကန်းတောတိုး လုပ်လေ့ရှိ၏။
သို့သော် ဗိုလ်ချုပ်သည် ကြီးမားသော နိုင်ငံတော်၏ တာဝန်ကို ထမ်းရွက်ရန် သန္ဓိဋ္ဌာန် ချမှတ်လိုက်သည့် နေ့ကစ၍ သူ့အမြင်နှင့် ကိုယ့်အမြင်ကို ညှိနှိုင်းသော ဆင်ခြင်တုံတရားတို့ကို အမြဲတစေပင် လက်ကိုင်ထားနိုင်ခဲ့သည်။
ဗိုလ်ချုပ်သည် မဆင်မခြင် ထင်ရာစွတ်လုပ်သော အမူအကျင့်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သည်။
သို့သော် မိတ်ဆွေနှင့် ကျွန်တော်တို့မှာ အမြတ်ထဲက အရှုံးပေါ်နေပြန်ပြီ။
“လွတ်လပ်တဲ့အခါ၊ ဖြစ်ချင်ရာဖြစ်ကရော့၊ လွတ်လွတ်နဲ့ လပ်လပ် ထင်ရာမြင်ရာ ဇွတ်တိုးလုပ်ကြတာပေါ့”
ဤကဲ့သို့ ကျွန်ုပ်တို့ ယူဆနေကြဆဲပင် ဖြစ်သည် မဟုတ်လော။ ထို့ကြောင့်လည်း သောင်းကျန်းမှု အထွေထွေတို့သည် ဝေေ၀ဆာဆာ ရှိနေသည် မဟုတ်လော။
စိတ်၏သောင်းကျန်းမှု... ကိုယ်၏သောင်းကျန်းမှု... နှုတ်၏သောင်းကျန်းမှု... သောင်းကျန်းမှု အထွေထွေတို့ကား မဆုံးနိုင်သည့် ဂမုန်းခိုင်ကြီးလို...။
ဗိုလ်ချုပ်သည် နုစဉ်က မှားခဲ့၏။ “ကျုပ်တို့တစ်တွေ မှားတာတွေ ရှိခဲ့တယ်။ မှားရင်လည်း စေတနာနဲ့ မှားတာပဲဗျ” ဟု တဖွဖွ ၀န်ခံခဲ့၏။
သို့ဖြစ်ငြားလည်း အမှားတော်ပုံ အရပ်ရပ်တို့ကို တော်လှန်တိုက်ခိုက်၍ အမှန်ရောက်အောင် ကြံဆခဲ့၏။ ပြောဆိုခဲ့၏။ လုပ်ဆောင်ခဲ့၏။
ထို့ကြောင့်လည်း လွတ်လပ်ရေး ပဏာမတိုက်ပွဲတို့၌ ခြေချော်လက်ချော် အမှားများ ရှိခဲ့စေကာမူ “လွတ်လပ်ရေးကို တစ်နှစ်အတွင်း ရစေ့မယ်” ဟူသော ကြုံးဝါးချက်အတိုင်း တိတိကျကျ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့၏။
ကျွန်တော် စဉ်းစားမိသည်။ ယနေ့ ကျွန်ုပ်တို့သည် အမှန်ကိုပင်လျှင် အမှားမှားအယွင်းယွင်း လုပ်နေကြသလော။
မိတ်ဆွေကော ယင်းသို့ စဉ်းစားမိပါစ။ မှန်သည်ကို စဉ်းစားရသည်မှာ များစွာ မကောင်းလှ။ ထို့ကြောင့် အမှန်အကြောင်း မိတ်ဆွေ မစဉ်းစားလိုလျှင် မစဉ်းစားပါနှင့်တော့။
ဗိုလ်ချုပ်သည် စည်းကမ်းကလနား ဟူသည်ကို နားမလည်။ သူ့ပုဆိုးဟူသည်မှာ သူဝတ်ဖို့၊ ငါ့ပုဆိုးဟူသည်မှာ ငါဝတ်ဖို့ဟူသော အခြေခံစည်းကမ်းကိုမျှပင် မရိုသေ။ ပစ္စည်းပစ္စယတို့ကို သူ့နေရာနှင့်သူ မထားတတ်။ စကားကို သူ့နေရာနှင့်သူ ပြောချင်မှ ပြောတတ်သည်။ သူယုံကြည်ချက်ကို နေရာမရွေး ပြောတတ်သည်။ မခံချင်လျှင် လဲ၍ သေပေရော့၊ သူပြောချင်ရာပြော သူလုပ်ချင်ရာ လုပ်မည်။
သို့သော် တစ်နိုင်ငံလုံး၏ ကံကြမ္မာကို ဖန်တီးရမည့် လုပ်ငန်းသဘောသို့ ရောက်လာသောအခါ ဗိုလ်ချုပ်သည် တစ်ပါးသူတို့နှင့် လုံးဝမတူ၊ စည်းကမ်း အလွန်ကြီး၍ လာသည်။
ထို့ကြောင့် သူသည် သူ၏ အမျိုးအဆွေနှင့် အပေါင်းအဖော်တို့အား သူနှင့် ရင်းနှီးသည်ကို အကြောင်းပြု၍ မချီးမြှင့်။ လုပ်ရည်ကိုင်ရည်ကို အကြောင်းပြု၍သာ ချီးမြှင့်သည်။ လုပ်ရည်ကိုင်ရည် မရှိ၍ နှိမ့်ချသင့်သူတို့ကို သူ၏ အဆွေအမျိုး၊ အပေါင်းအဖော် ဖြစ်ခြင်းကြောင့် ချမ်းသာမပေး၊ ကာကွယ်မပေး၊ နှိမ့်ချသင့်သူကို နှိမ့်ချပေသည်။
စည်းကမ်းမဲ့အဖြစ်ကို ဗိုလ်ချုပ်သည် တိုက်၍ ထုတ်ခဲ့သည်။
သို့သော် မိတ်ဆွေ၊ ခင်ဗျားတို့၊ ကျွန်တော်တို့ ချစ်မြတ်နိုးသော နိုင်ငံတွင် စည်းကမ်းဟူသည်မှာ အဘယ်နည်း။
ကျွန်ုပ်တို့သည် လူသွားလူလာ လမ်းဘေး၌ အိမ်ရာတည်ထောင်၍ နေကြသည် မဟုတ်လော။ လမ်းမကြီးပေါ်၌ မည်သူမဆို စည်းမဲ့ကမ်းမဲ့ မစင်စွန့်နိုင်ကြသည် မဟုတ်လော။ ကျွန်ုပ်တို့သည်သာမက ကျွန်ုပ်တို့၏ ဧည့်ဝတ်ကျေပွန်မှုအပေါ် မှီခိုနေကြသည့် နိုင်ငံကြီးသားတို့ပင်လျှင် စည်းမဲ့ကမ်းမဲ့ ကိုယ့်ဖို့သာလျှင်ကိုယ် အမြတ်ထုတ်နေကြသည် မဟုတ်လော။
ကိုင်း... စာရှုသူမိတ်ဆွေ၊ စဉ်းစားလို့ ရပါပြီလား။ စဉ်းစားရမှာ ပျင်းသေးလျှင် တအောင့်လောက် နားလိုက်ပါ။ စာရေးသူ အဖို့မှာတော့ ရှေ့ဆက်ရေးရမှာကိုပင် ပျင်း၍ ပျင်း၍ လာချေပြီ။
သို့သော် “ဒီသောက်ကျင့်တွေ ဖျောက်ရမယ်” ဟူသော ဗိုလ်ချုပ်၏ စစ်ကြေညာခဲ့သော အသံသည် ကျွန်တော်၏ နားထဲတွင် ၀င်နေပါသည်။
ဗိုလ်ချုပ် ဘာကို တိုက်ခဲ့သနည်း။
၁၉၅၃ ခုနှစ် ဇန်န၀ါရီ မြ၀တီမဂ္ဂဇင်းမှ။
ထို့ကြောင့် သူသည် သူ၏ အမျိုးအဆွေနှင့် အပေါင်းအဖော်တို့အား သူနှင့် ရင်းနှီးသည်ကို အကြောင်းပြု၍ မချီးမြှင့်။ လုပ်ရည်ကိုင်ရည်ကို အကြောင်းပြု၍သာ ချီးမြှင့်သည်။ လုပ်ရည်ကိုင်ရည် မရှိ၍ နှိမ့်ချသင့်သူတို့ကို သူ၏ အဆွေအမျိုး၊ အပေါင်းအဖော် ဖြစ်ခြင်းကြောင့် ချမ်းသာမပေး၊ ကာကွယ်မပေး၊ နှိမ့်ချသင့်သူကို နှိမ့်ချပေသည်။
စည်းကမ်းမဲ့အဖြစ်ကို ဗိုလ်ချုပ်သည် တိုက်၍ ထုတ်ခဲ့သည်။
သို့သော် မိတ်ဆွေ၊ ခင်ဗျားတို့၊ ကျွန်တော်တို့ ချစ်မြတ်နိုးသော နိုင်ငံတွင် စည်းကမ်းဟူသည်မှာ အဘယ်နည်း။
ကျွန်ုပ်တို့သည် လူသွားလူလာ လမ်းဘေး၌ အိမ်ရာတည်ထောင်၍ နေကြသည် မဟုတ်လော။ လမ်းမကြီးပေါ်၌ မည်သူမဆို စည်းမဲ့ကမ်းမဲ့ မစင်စွန့်နိုင်ကြသည် မဟုတ်လော။ ကျွန်ုပ်တို့သည်သာမက ကျွန်ုပ်တို့၏ ဧည့်ဝတ်ကျေပွန်မှုအပေါ် မှီခိုနေကြသည့် နိုင်ငံကြီးသားတို့ပင်လျှင် စည်းမဲ့ကမ်းမဲ့ ကိုယ့်ဖို့သာလျှင်ကိုယ် အမြတ်ထုတ်နေကြသည် မဟုတ်လော။
ကိုင်း... စာရှုသူမိတ်ဆွေ၊ စဉ်းစားလို့ ရပါပြီလား။ စဉ်းစားရမှာ ပျင်းသေးလျှင် တအောင့်လောက် နားလိုက်ပါ။ စာရေးသူ အဖို့မှာတော့ ရှေ့ဆက်ရေးရမှာကိုပင် ပျင်း၍ ပျင်း၍ လာချေပြီ။
သို့သော် “ဒီသောက်ကျင့်တွေ ဖျောက်ရမယ်” ဟူသော ဗိုလ်ချုပ်၏ စစ်ကြေညာခဲ့သော အသံသည် ကျွန်တော်၏ နားထဲတွင် ၀င်နေပါသည်။
ဗိုလ်ချုပ် ဘာကို တိုက်ခဲ့သနည်း။
၁၉၅၃ ခုနှစ် ဇန်န၀ါရီ မြ၀တီမဂ္ဂဇင်းမှ။
Credit - Eleven Media Group
No comments:
Post a Comment