Wednesday, January 28, 2015

မြန်မာနဲ့ ပတ်သက်တဲ့ တရုတ်အစိုးရ ပေါ်လစီ ပြောင်းသင့်ပြီ (ဆောင်းပါး)

စည်သူအောင်မြင့် (ဆောင်းပါး)

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်ထုတ် South China Morning Post သတင်းစာမှာ သစ်မှောင်ခိုမှုနဲ့ ဖမ်းဆီးခံ နေရတဲ့ တရုတ်နိုင်ငံသားတွေအရေး ယူနန်ပြည်နယ် အစိုးရက ကြားဝင်ဆောင်ရွက်ပေးဖို့ တရုတ် သစ်ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေက ပန်ကြားတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖော်ပြပါရှိပါတယ်။

တရုတ်သစ်ခိုး ကုမ္ပဏီတွေ ဘာတွေ ပန်ကြားခဲ့သလဲ၊ အဲဒါနဲ့ပတ်သက်ပြီး တရုတ် ဗဟိုအစိုးရက ဘယ်လို အကြောင်းပြန်သလဲ၊ မြန်မာပြည်က သယံဇာတထုတ်ယူမှု ပြဿနာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရ မူဝါဒ ပြောင်းသင့်ပြီလားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

လက်ရှိ မြန်မာအစိုးရဟာ ကချင်ပြည်နယ်မှာ တရားမဝင် ဝင်ရောက် သစ်ခိုးထုတ်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို ဖမ်းဆီးအရေးယူထားပြီး ယာဉ်နဲ့ ယန္တရား ၅ဝဝ နီးပါးကိုလည်း သိမ်းဆည်းထားပါတယ်။ ခုဆိုရင် တရုတ်နိုင်ငံသားတွေကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်တဲ့ လဝကဥပဒေအပြင် သစ်ခိုး ထုတ်တဲ့ဥပဒေနဲ့ပါ အရေးယူဖို့ လုပ်နေပါပြီ။ ဆောက်သ် ချိုင်းနားမောနင်းပို့စ် သတင်းစာဖော်ပြချက်အရ မြန်မာပြည်ထဲ တရားမဝင် ဝင်ရောက်ပြီး သစ်ခိုးထုတ်တဲ့ ကုမ္ပဏီတွေဟာ တရုတ် နိုင်ငံ၊ ယူနန်ပြည်နယ် အခြေစိုက် သစ်ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ ယူနန်ပြည်နယ် ထိန်ချုံးခရိုင်က သစ်လုပ်ငန်းရှင် ၂၃ ယောက် ဟာ ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသားတွေ လွတ်မြောက်ရေး၊ သိမ်းဆည်းခံရတဲ့ ယာဉ်နဲ့ ယန္တရားတွေ ပြန်ရရေး ယူနန်အစိုးရက ကြားဝင်ဆောင်ရွက်ဖို့ အသနားခံစာတင်တာ ဖြစ်ပါတယ်။

သိမ်းဆည်းခံရတဲ့ ယာဉ်နဲ့ ယန္တရား စုစုပေါင်းတန်ဖိုးဟာ ယွမ်သန်း ၃ဝဝ ဒါမှ မဟုတ် အမေရိကန်ဒေါ်လာ သန်း ၅ဝ ဖိုးလောက် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ အသနားခံစာထဲမှာ သူတို့တွေဟာ တရားဝင် သစ်လုပ်ငန်းလုပ်တာ ဖြစ်တယ်။ ကေအိုင်အေ ကချင်လွတ်လပ်ရေး အဖွဲ့ဆီကနေ သစ်ထုတ်ခွင့်လိုင်စင်ရယူပြီး ဆောင်ရွက်တာဖြစ်တယ်။ နယ်စပ်မှာလည်း နှစ်နိုင်ငံ အကောက်ခွန်အရာရှိတွေကို ကျသင့်တဲ့ အခွန် အကောက်တွေကို ပေးဆောင်ပြီးမှ ထုတ်ယူတယ်လို့ ဆိုထားပါတယ်။ တရုတ် သစ်လုပ်ငန်းရှင်တွေပြောတဲ့ နှစ်နိုင်ငံ အကောက်ခွန် အရာရှိတွေဆိုတာဟာ ကေအိုင်အိုနဲ့ တရုတ်အကောက်ခွန် အရာရှိတွေ ဖြစ်ပါတယ်။ မြန်မာအစိုးရ မဟုတ်ပါဘူး။

ပြဿနာဟာ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးမှာထားတဲ့ ပေါ်လစီနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ရှေးယခင်တုန်းကတော့ တရုတ်အစိုးရဟာ မြန်မာအစိုးရနဲ့ ကုန်သွယ်တာသာလျှင် တရားဝင် ကုန်သွယ်မှု ဖြစ်တယ်။ ကျန်တာတွေဟာ တရားမဝင်ဘူးဆိုပြီး ပေါ်လစီ ချမှတ်ထားပါတယ်။ နောက်ပိုင်းခေတ်သစ်မှာ တော့ မြန်မာအစိုးရတင်မက အခြားနယ်စပ်က ဘယ်အဖွဲ့အစည်းနဲ့ပဲ ကုန်သွယ်ရေးလုပ်လုပ် တရားဝင် တယ်လို့ ပေါ်လစီပြောင်းလိုက်တဲ့အတွက် တရုတ်လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေအနေနဲ့ မြန်မာနိုင်ငံက သယံဇာတ ထုတ်ယူရေး အပါအဝင် ဘယ်အဖွဲ့နဲ့ ဘာလုပ်လုပ် တရားဝင်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်သွားပါပြီ။ နှစ်ပေါင်းများစွာကစ ဒီကနေ့ထက်တိုင် တရုတ်-မြန်မာ နယ်စပ်မှာ ကေအိုင်အို အဖွဲ့၊ ဦးဆခုံတိန့်ယိန်း ဦးဆောင်တဲ့ ကချင်အထူးဒေသ(၁) နယ်ခြားစောင့်တပ်ဖွဲ့(အရင်NDA- Kachin)၊ 'ဝ'တပ်ဖွဲ့၊ ကိုး ကန့်တပ်ဖွဲ့ (အခုနောက်ပိုင်း အစိုးရက တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေ)၊ မိုင်းလားအထူးဒေသ (အရင် ဗကပ ၇၈၆ တပ်မဟာဒေသ) နဲ့ အခြား လက်နက်ကိုင် တပ်ဖွဲ့တွေ ရှိကြပါတယ်။ တရုတ်ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေဟာ မြန်မာအစိုးရတင်မက အဲဒီ အဖွဲ့အစည်းတွေနဲ့လည်း ကုန်သွယ်မှုလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြပါတယ်။

အထင်ရှားဆုံးကတော့ သစ်၊ ကျောက်မျက်နဲ့ ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်းတွေပါ။ တရုတ်ဘက်ကတော့ စစ်ပစ္စည်းနဲ့ လူ့သုံးကုန် ပစ္စည်းအမျိုးမျိုး အဲဒီဒေသတွေ ဆီရောင်းချကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်လုံးလုံး တရုတ်ယူနန်ပြည်နယ်က ကုန်သည်နဲ့ လုပ်ငန်းရှင်တွေဟာ မြန်မာပြည်ထဲက သစ်၊ ကျောက် မျက်နဲ့ ဓာတ်သတ္တုတွေ အကြီးအကျယ် ထုတ်လုပ်ခဲ့ကြပါတယ်။ ကချင်ပြည်နယ် တစ်ဝန်းက သစ်တောတွေ ပြုန်းတီးကုန်သည် အထိ၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်က သစ်တောတွေ ပျက်သုဉ်းကုန်ပြီး ဖားကန့်နဲ့ ခန္တီးနယ် မြေမှာ ထုတ်ယူခဲ့ကြတဲ့ ကျောက်စိမ်းနဲ့ ကျောက်မျက်တွေ အားလုံးလည်း တရုတ်ဘက်ကိုပဲ စီးဝင်သွားခဲ့ပါတယ်။

မြန်မာဘက်မှာ သစ်တောတွေပြုန်းတီး၊ ကျောက်မျက်တွေရှားပါး၊ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးသွားခဲ့ သလောက် တရုတ်နယ်စပ်တွေမှာတော့ ထိန်ချုံး၊ ရွှေလီ၊ မန်စီ၊ ယင်ကျန်း အပါအဝင် မြို့တွေကတော့ မြန်မာ့သဘာဝ သယံဇာတတွေနဲ့ ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ မြန်မာ့အကောင်းဆုံးသစ်တွေ တရုတ်ဘက် ရောက်ကုန်သလို၊ ကျောက်တစ်လုံးမှ မထွက်တဲ့ တရုတ်ယူနန် နယ်စပ်မြို့တွေမှာ ကြီးမားတဲ့ ကျောက်မျက် ဈေးဆိုင်တန်းတွေ၊ ကုန်တိုက်ကြီးတွေနဲ့ ဈေးကွက်ကြီး ဖြစ်ခဲ့ပါတယ်။ ပြောရရင် တရုတ်အစိုးရရဲ့ နယ်စပ် က ဘယ်အဖွဲ့နဲ့ပဲ စီးပွားရေးလုပ်လုပ် တရားဝင်တယ်ဆိုတဲ့ ပေါ်လစီကနေ ခုလိုအမြတ်ထုတ် သွေးစုပ်နိုင်ခဲ့တာပါ။

အဲလို သစ်တွေ၊ ကျောက်မျက်တွေ၊ ဓာတ်သတ္တုတွေကနေ အဓိကအကျိုးအမြတ် ရသွားသူတွေဟာ တရုတ် ကုန်သည်နဲ့ လုပ်ငန်းရှင်တွေပါ။ အကျိုးအမြတ် တချို့ကို အကျင့်ပျက် ခြစားတဲ့ မြန်မာအစိုးရ အရာရှိဝန် ထမ်းတွေနဲ့ လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တချို့ ရကြပါတယ်။ ကျန်တာကတော့ အဲဒီ နယ်စပ်က လက်နက်ကိုင်အဖွဲ့အစည်းတွေက ရတာပါ။ အဲဒီလက်နက်ကိုင် အဖွဲ့တွေကလည်း ရလာတဲ့ ငွေတွေနဲ့ တရုတ်ဆီကနေ စစ်လက်နက် ပစ္စည်းတွေ ပြန်ဝယ်ယူပါတယ်။ ပြောရရင် မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်း ချမ်းရေး မရသေးတဲ့အပေါ်၊ တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွတ်မှု မတည်ဆောက်နိုင်သေးတဲ့ အခြေအနေကို တရုတ်အစိုးရဘက်က အမြတ်ထုတ်နေတာပါ။

တကယ်တော့ တရုတ်ဟာ မြန်မာနိုင်ငံကို အဲလိုအချုပ်အခြာအာဏာ ထိပါးတဲ့ သဘော၊ အမြတ်ထုတ် သွေးစုပ်တဲ့သဘော လုပ်ကိုင်နေပေမယ့် သူ့နိုင်ငံကို သွားလုပ်ရင်တော့ လုံးဝမရပါဘူး။ ဆတ်ဆတ် ထိမခံပါဘူး။ သိပ်မကြာသေးခင်က အမေရိကန်က ထိုင်ဝမ်ဆက်သွယ်ရေးရုံးမှာ ထိုင်ဝမ် အလံထောင်တာကို တရုတ်အစိုးရက အကြီးအကျယ် ကန့်ကွက်ခဲ့ပါသေးတယ်။ ဒါဟာ သူ့အချုပ်အခြာအာဏာကို ထိပါးတယ် လို့ ယူဆပါသတဲ့။ တောင်တရုတ်ပင်လယ်မှာလည်း သူ့ရေပိုင်နက်မှာ ငါးဝင်ဖမ်းဖို့ မဆိုထားနဲ့ သူ့ဘာသာ သူသတ်မှတ်ထားတဲ့ အလွန်ကျယ်တဲ့ နယ်နိမိတ်အပြင် ထွက်ပြီး အိမ်နီးချင်းနိုင်ငံတွေကိုတောင် ဗိုလ်ကျနေတာပါ။

နိဂုံးချုပ်ပြောရရင် တရုတ်အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာ အတူနေထိုင်ရေး မူကြီးတွေကို လိုက်နာသင့်ပါတယ်။ ကိုယ့်စီးပွားရေးသမားတွေကို ခုလိုမှောင်ခိုအလုပ်တွေ မလုပ်ကြနဲ့ဆိုပြီး ဆုံးမသင့်ပါတယ်။ ရှေးယခင်ကလို မြန်မာအစိုးရကိုသာ အစိုးရအဖြစ် သတ်မှတ်ပြီး တရားဝင် ကုန်သွယ်ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ကိုင်သင့်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ် မတရားအမြတ်ထုတ် သွေးစုပ်နေတဲ့ လုပ်ရပ်တွေ ရပ်ဆိုင်းသင့်ပါပြီလို့ သုံးသပ်တင်ပြလိုက်ရပါတယ်။

Credit - Mizzima News

No comments:

Post a Comment