Tuesday, January 27, 2015

ဖွဲ့စည်းပုံကို ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် ပြင်ချင်ကြပါရဲ့လား (ဆောင်းပါး)

စည်သူအောင်မြင့် (ဆောင်းပါး)

လက်ရှိကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးကြီးအတွက် အရေးအကြီးဆုံး အလုပ်တစ်ခုကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးပါ။ ဒါနဲ့ ပတ်သက်ပြီး လွှတ်တော်နာယက သူရဦးရွှေမန်းက ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သလို အမတ်အများစုကလည်း လက်ခံထားကြပြီး ဖြစ်ပါတယ်။ အားလုံး သိကြပြီး ဖြစ်တဲ့အတိုင်း ၂ဝ၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး နှစ်တစ်နှစ်ပါ။ အကြောင်းကတော့ အောက်တိုဘာ၊ နိုဝင်ဘာမှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတော့မှာ ဖြစ်သလို လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်ရပ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရေး
အဖြေတစ်ခုခုရအောင် ကြိုးစားရမယ့် အချိန်လည်း ဖြစ်ပါတယ်။ အဲလို ကိစ္စအားလုံးအတွက် ကောင်းမွန်တဲ့ အဖြေရလဒ် ထွက်ပေါ်လာနိုင်ရေးဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘယ်လောက်ပြင်နိုင်မလဲဆိုတဲ့ အပေါ်မူတည်နေပါတယ်။ ဖွဲ့စည်းပုံပြင်ရေး ဘာကြောင့် အရေးကြီးသလဲ၊ ဘယ်အဆင့် ရောက်နေပြီလဲ၊ ဘာဖြစ်လာနိုင်သလဲ ဆွေးနွေးကြည့်ကြရအောင်ပါ။

တကယ်တော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာဟာ အရင်စစ်အာဏာရှင်တွေ စိတ်တိုင်းကျ ရေးဆွဲအတည်ပြုထားတဲ့ စစ်ဘုရင်မင်းဆက် တည်ထောင်ဖို့ ကြံရွယ်ထားတဲ့ ဖွဲ့စည်းပုံလို့ဆိုရင် မမှားပါဘူး။ ဘာ ဒီမိုကရေစီ အငွေ့အသက်မှ မရှိသလို ဘယ်လို ပြည်ထောင်စုမျိုးကိုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဖွဲ့စည်းပုံပြင်ရေး ဆိုတာကို အတိုက်အခံတွေ၊ တိုင်းရင်းသားတွေတင်မက သမ္မတ၊ တပ် ချုပ်၊ လွှတ်တော် ဥက္ကဋ္ဌအင်အားစု အားလုံးက ပြောဆိုလာကြရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုနေကြပုံချင်းတော့ မတူပါဘူး။ တချို့က ဖွဲ့စည်းပုံကို တကယ်ပြင်ချင်တာ ရှိသလို၊ တချို့ကတော့ ပြင်ရေးပြောပြီး တကယ့်အရေးကြီးတာ ဘာမှ မပြင်ချင်ပါ ဘူး။ တချို့ကတော့ ပြင်ရေးဆိုပေ့မယ့် တစ်ခုလုံးကို အသစ်နီးပါး ပြန်ပြင်ချင်တာမျိုးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဖွဲ့စည်းပုံပြင်ရေး လိုအပ်နေတယ် ဆိုတာကိုတော့ ဘယ်သူမှ မငြင်းပယ်ကြပါဘူး။

လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ ဖွဲ့စည်းပုံ ပြင်ရေး ဘာကြောင့် အရေးကြီးနေသလဲ ဆက်ကြည့်ကြရ အောင်ပါ။ သိပ်မကြာခင် အောက်တိုဘာ၊ နိုဝင်ဘာမှာ အထွေထွေ ရွေးကောက်ပွဲကြီး တစ်ခု ကျင်းပပါတော့မယ်။ အဲဒီ အထွေထွေ ရွေးကောက်ပွဲကြီးကို ပြည်သူတွေ အားလုံးက စိတ်ဝင်စားနေကြသလို၊ ကမ္ဘာကလည်း အတော်လေးကို အာရုံစိုက်တဲ့ ရွေးကောက်ပွဲကြီးလည်း ဖြစ်နေပါတယ်။ အကြောင်းကတော့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိစွာ ကျင်းပ၊ ထွက်ပေါ်လာတဲ့ ရလဒ်အတိုင်း ပြည်သူတွေက ရွေးကောက် တင်မြှောက်လိုက်တဲ့ အမတ်တွေက ရွေးချယ်တဲ့ သမ္မတတစ်ယောက် ရွေးချယ်နိုင်၊ ပြည်သူ့ ဆန္ဒကို ကိုယ်စားပြုတဲ့ အစိုးရ တစ်ရပ်ပေါ်လာ၊ အာဏာလွှဲပြောင်းရေး အဆင်ပြေ ချောမွေ့ခဲ့ပြီဆိုရင် မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် စရောက်ပြီလို့ သတ်မှတ်နိုင်မှာမို့  ဖြစ်ပါတယ်။

ဒါပေမဲ့ ပြဿနာအကြီးကြီး ရှိနေပါတယ်။ အဲဒါကတော့ ရွေးကောက်ပွဲကို ပြင်ဆင်မထားတဲ့ အရင် ၂ဝဝ၈ ဖွဲ့စည်းပုံအတိုင်းသာ ကျင်းပခဲ့မယ်ဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ခေါ်နိုင်မှာ မဟုတ်လို့ပါပဲ။ ၂ဝဝ၈ ဖွဲ့စည်းပုံအတိုင်းသာဆိုရင် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးလို စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီက အမတ်နေရာ ၃၄ ရာခိုင်နှုန်းလောက်ရရုံနဲ့ လွှတ်တော်ထဲ ရောက်နေပြီးသား တပ် မတော်သား အမတ်တွေနဲ့ပေါင်း၊ သမ္မတတစ်ယောက် ရွေးချယ်နိုင်၊ အစိုးရဖွဲ့နိုင်မှာ ဖြစ်ပေမယ့်၊ အင်န်အယ်လ်ဒီ လို ပါတီအတွက်ကတော့ ၆၇ ရာခိုင်နှုန်းကျော် အနိုင်ရမှ သမ္မတ တင်နိုင်၊ အစိုးရဖွဲ့နိုင် ဆိုတဲ့ အခြေအနေမျိုးဟာ လုံးဝ ဒီမိုကရေစီ မကျဘူး၊ မမျှတဘူးဆိုတာ လူတိုင်းနားလည်နိုင်ပါတယ်။ ဘယ်အိမ် နီးချင်းနိုင်ငံတွေမှာမှလည်း ဒီလိုဖွဲ့စည်းပုံမျိုး မရှိပါဘူး။ ဒီအတွက် ပုဒ်မ ၆ဝ (င)လိုမျိုးကို ပြင်ဖို့ လိုပါတယ်။

အလားတူ နိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရင်သွေးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို လူကိုတောင် သမ္မတဖြစ်ခွင့်မပေးတဲ့ ပုဒ်မ ၅၉ (စ) လိုမျိုး ပြဋ္ဌာန်းထား တာဟာ တရားမျှတမှု ရှိတယ်လို့ မဆိုနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ရအောင်ပြင်သင့် ပါတယ်။ တစ်ဆက်တည်း တိုင်းရင်းသားပါတီတွေဟာ ကိုယ့်ပြည်နယ်အတွင်း ကိုယ်အနိုင်ရခဲ့ရင်တောင် ဝန်ကြီးချုပ်ကို ရွေးချယ်ခွင့်မရှိတာမျိုးကလည်း တရားမျှတမှု မရှိသလို ပြည်ထောင်စု အသွင်လည်း မဆောင်ပါဘူး။ ဒါကြောင့် ပုဒ်မ ၂၆၁ လိုမျိုးကို ပြင်ဆင်ဖို့ လိုနေပါတယ်။ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲကြီးအတွက် ဖွဲ့စည်းပုံပြင်နိုင်ရေး အလွန်အရေးကြီးတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။

အခုဆိုရင် လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်ရေး ကြိုးစားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ တကယ်လို့သာ တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ်ကြီး လက်မှတ် ရေးထိုးနိုင်ခဲ့မယ်ဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင် နိုင်မှာဖြစ်ပြီး အဲလို နိုင်ငံရေးအရ ဆွေးနွေးမှုကနေ နှစ်ဖက်သဘောတူနိုင်တဲ့ အဖြေတစ်ရပ် မရမချင်း ကြားကာလတစ်ခု ဆိုတာကို ဖြတ်သန်းရပါလိမ့်မယ်။ တစ်နှစ် နှစ်နှစ်လား လေး၊ ငါး နှစ်လား မပြောနိုင်ပါဘူး။ ဒီအတွက် လက်နက်ကိုင် တိုင်းရင်းသားတွေ တောင်းဆိုနေတာ ကြားကာလ အာမခံချက်ပါ။ လက် ရှိ အခြေအနေအတိုင်းသာဆိုရင် ကြားကာလ ကို ၂ဝဝ၈ ဖွဲ့စည်းပုံက ခွင့်ပြုထားတဲ့ နိုင်ငံရေး အခင်းအ ကျင်းအတိုင်းပဲ ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး ဘယ်လက်နက်ကိုင် တိုင်းရင်းသား တွေကမှ မလိုလားပါဘူး။ ဒီအတွက် မလွဲမသွေ ဖြတ်သန်းရမယ့် ကြားကာလအတွက် ပြည်နယ်တွေ အ ခွင့်အရေး ပိုရစေမယ့်၊ ဖက်ဒရယ်ပြည်ထောင်စု ပုံစံ ပိုနီးစပ်မယ့် အနေအထားရောက်အောင် ဖွဲ့စည်းပုံကို ပြင်ပေးရပါလိမ့်မယ်။ ဥပမာ ဖွဲ့စည်းပုံပါ ပြည်နယ် လုပ်ပိုင်ခွင့် ပိုပေးတာ၊ ပြည်နယ်ဝန်ကြီးချုပ် ကို ရွေး ကောက်ခံ အမတ်တွေ ရွေးချယ်ခွင့်ပေးတာမျိုး ဖြစ်ပါတယ်။ ဒါတွေ မပြင်ဆင်ဘူးဆိုရင်တော့ တစ်တိုင်း ပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ လွယ်ကူမှာ မဟုတ်ပါ။

ပြောရရင် အဲလိုလတ်တလော လိုအပ်နေတာတွေ ဖွဲ့စည်းပုံမှာ ပြင်ဖို့တတ်နိုင်သူတွေဟာ လွှတ်တော်ထဲမှာ နေရာအများစု ရထားတဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သား အမတ်တွေပဲ ဖြစ်ပါတယ်။ အဲဒီ အင်အား စု နှစ်ခုဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ချင်တယ်ဆိုရင်၊ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် ဖွဲ့စည်းပုံကို ပြင်ပေးရပါလိမ့်မယ်။ ဒါကြောင့် အခု ကျင်းပနေတဲ့ သက်တမ်းအတွင်း လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုး အမတ်တွေနဲ့ တပ်မတော်သား အမတ်တွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို လိုလားသလား၊ မလိုလားဘူးလား၊ ငြိမ်းချမ်းရေး လိုချင်သလား၊ မလိုချင်ဘူးလား အဲဒီအတွက် ဖွဲ့စည်းပုံထဲက လိုအပ်တာတွေကို ပြင်မလား မပြင်ဘူးလား ပြည်သူတွေ မြင်တွေ့ကြရတော့မယ့် အချိန် ရောက်လာပြီ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Credit - Mizzima News

No comments:

Post a Comment