သာပေါင်းမြို့နယ်တရားရုံးတွင် တိုင်းဗဟိုလေ့ကျင့်ရေး (၆) တပ်မှ ဂုံမင်းအုန်းပင်စု ကျေးရွာရှိ တောင်သူ ၄၇ ဦးကို ပုဒ်မ ၄၄၇၊ ၄၂၇ များဖြင့် အသီးသီးတရားစွဲဆိုခဲ့ပြီး တရားစွဲဆိုခံထားရသည့် တောင်သူများအနက်မှ မူလပိုင်ရှင်တောင်သူ ၁ဝ ဦးကို ဇန်နဝါရီ ၂၃ ရက်က ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း နစ်နာသူတောင်သူ မိသားစုဝင်များမှ ဇန်နဝါရီ ၂၄ ရက်က ပုသိမ်မြို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းတွင် မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းခဲ့သည်။
ဂုံမင်းအုန်းပင်စုကျေးရွာတွင် တပ်မတော် တပ်ရင်းတပ်ဖွဲ့ ၁၃ ခုမှ မူလပိုင်ရှင်တောင်သူ များပိုင်ဆိုင်သော လယ်ယာမြေ ဧက ၁၅ဝဝ ကျော်ကို ၁၉၉၇-၉၈ ခုနှစ်များတွင် တပ်မတော် စားနပ်ရိက္ခာဖူလုံရေး
အတွက်ဟုဆိုကာ သိမ်းဆည်းခဲ့ပြီး ထိုစဉ်က မူလပိုင်ရှင်တောင်သူများကို မည်သည့်နစ်နာကြေးမျှ မပေးခဲ့ကြောင်း၊ သိမ်းဆည်းထားသည့် တပ်ရင်းတပ်ဖွဲ့များမှ လုပ်ငန်းများကို ကိုယ်တိုင်ဆက်လက် လုပ်ဆောင်ခြင်းမရှိဘဲ မူလပိုင်ရှင်တောင်သူများကို ၂ဝဝ၁ ခုနှစ်တွင် သီးစားခများယူ၍ အငှားချထားခဲ့ကြောင်း၊ တောင်သူများမှ အဆင့်ဆင့်တင်ပြ တိုင်ကြားမှုများကြောင့် အခြားသောတပ်ရင်းတပ်ဖွဲ့များမှ သိမ်းဆည်းမြေနေရာများကို ပြန်လည်စွန့်လွှတ်ခဲ့သော်လည်း တိုင်းဗဟို လေ့ကျင့်ရေး (၆) တပ်မှ သိမ်းဆည်းလယ်မြေများကိုမူ ပြန်လည်စွန့်လွှတ်ခဲ့ခြင်း မရှိကြောင်း၊ တိုင်းဗဟိုလေ့ကျင့်ရေး (၆) တပ်မှ သိမ်းဆည်းထားသော လယ်ယာမြေ ဧက ၉ဝ ကျော်တွင် မူလပိုင်ရှင်တောင်သူများ ဝင်ရောက်လုပ်ကိုင်နေမှုကို တိုင်းဗဟိုလေ့ကျင့်ရေး (၆) တပ်မှ ၂ဝ၁၃ ခုနှစ်တွင် တောင်သူ ၄၇ ဦးအား ပုဒ်မ ၄၄၇၊ ၄၂၇ ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ပြီး ရုံးချိန်းပေါင်း ၅၁ ကြိမ် အမှုရင်ဆိုင်ချိန် တစ်နှစ်ကျော်အကြာတွင် မူလပိုင်ရှင် တောင်သူများအနက်မှ တောင်သူနှစ်ဦးကို ထောင်ဒဏ်ငါးလ၊ တောင်သူသုံးဦးကို ထောင်ဒဏ်လေးလ၊ တောင်သူ လေးဦးကို ထောင်ဒဏ်သုံးလ၊ တောင်သူ နှစ်ဦးကို ထောင်ဒဏ်တစ်လစီ အသီးသီးချမှတ်ခဲ့ကြောင်း၊ အခြားသော တောင်သူ ၃၅ ဦးကိုမူ ဒဏ်ငွေများချမှတ်ခဲ့ပြီး တရားစွဲဆိုခံထားရသည့် တောင်သူများတွင် ကလေးငယ်နှစ်ဦး ပါဝင်ခဲ့ကြောင်း တရားစွဲဆိုခံထားရသည့် တောင်သူများထံမှ သိရသည်။
“ကျွန်မတို့ လယ်တွေကိုသိမ်းထားတဲ့ လေ့ကျင့်ရေး (၆) တပ်က တရားစွဲတယ်။ ရုံးချိန်းတွေ ၅ဝ ကျော်လောက်သွားရတယ်။ တရားစွဲပြီး တစ်နှစ်ကျော်ကြာတော့ တစ်ခါ တည်း ထောင်ချပစ်ပြီး ကားနဲ့ခေါ်သွားတယ်။ ကျွန်မတို့မိသားစုတွေလည်း ဘာလုပ်ရမလဲ ဆိုတာ မသိတော့ဘူး။ ကျောင်းတက်နေတဲ့ ကလေးတွေလည်း ဒုက္ခရောက်ကုန်တယ်။ စားဝတ်နေရေးတွေလည်း ခက်ကုန်တယ်”ဟု ထောင်ဒဏ်ငါးလ ချမှတ်ခံခဲ့ရသည့် မူလပိုင်ရှင်တောင်သူ ဦးအားစီးလက်၏ ဇနီးဖြစ်သူ ဒေါ်မေလက ပြောကြားသည်။
“လယ်သမားတွေကို တရားစွဲတာမှာ လေ့ကျင့်ရေးတပ် (၆) ရွှေမြင်တင်က တရားစွဲတာ။ တောင်သူတွေကို စတင်စိုက်ပျိုးချိန်ကနေပြီး ရိတ်သိမ်းတဲ့အထိ တောက်လျှောက် စွဲတာ။ အခုအမိန့်ချတာမှာ မူလပိုင်ရှင်တောင် သူ ၁ဝ ဦးကို ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်။ ကျန်တဲ့မိသားစုဝင်တွေကိုတော့ ဒဏ် ငွေတွေချမှတ်ခဲ့တယ်။ တရားစွဲခံရတဲ့အထဲ မှာ အသက်မပြည့်သေးတဲ့ ကလေးနှစ်ယောက် ပါတယ်။ ကလေးတွေကိုတော့ ဆုံးမပြီး ပြန်လွှတ်တယ်။ ကျွန်တော်တို့ ဒီအမှုကို အထက် ရုံးအထိတက်ပြီး အယူခံဝင်သွားဖို့ရှိပါတယ်” ဟု မူလပိုင်ရှင်တောင်သူများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးတင်အောင်ထွဋ်က ပြောကြားသည်။
Credit - Eleven Media Group
No comments:
Post a Comment