Tuesday, January 27, 2015

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

 ဘယ်ဟာက ပိုအရေးကြီးလဲ

လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံစင်မြင့် တည်ဆောက်ခြင်းနှင့် ဗိုလ်ရှုခံအခမ်းအနားအတွက် စုစုပေါင်း ကျပ်လေးဘီလျံကျော် သုံးစွဲခဲ့ကြောင်း သမ္မတရုံးက ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့သည့် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ သီးသန့်ရန်ပုံငွေသုံးစွဲခြင်းအတွက် သဝဏ်လွှာတွင် ဖော်ပြပါရှိခဲ့သည်။ အဆိုပါဖော်ပြမှုတွင် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားအတွက် ကျပ်သန်းပေါင်း ၁ဝ၆၉ ဒသမ ၉၈၅ဝ နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဗိုလ်ရှုခံစင်မြင့် တည်ဆောက်ခြင်းအတွက် ကျပ်သန်းပေါင်း ၃ဝဝဝ သုံးစွဲခဲ့ကြောင်း ပါရှိသည်။

ဗိုလ်ရှုခံအခမ်းအနားအတွက် ကုန်ကျစရိတ် များပြားလွန်းမှုအပေါ် အခမ်းအနားမပြုလုပ်မီ ကုန်ကျမည့်ပမာဏကို လွှတ်တော်တွင် သက်ဆိုင်သူများ ရှင်းလင်းကတည်းက ဝေဖန်မှုများစွာ ပေါ်ပေါက်ခဲ့သည်။ နိုင်ငံအတွက် မဖြစ်မနေလုပ်ဆောင်သင့်သည်များရှိပါက လိုအပ်သော ကုန်ကျခံမှုများ ပြုလုပ်ရမည်သာဖြစ်သည်။ သို့သော် ဖြစ်သင့် ဖြစ်ထိုက်သော အခြေအနေ၊ အချိန်အခါ၊ အနေအထား ဟုတ် မဟုတ်၊ သင့် မသင့်ကိုမူ သက်ဆိုင်သူများက စဉ်းစားဆင်ခြင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

ဆင်းရဲမွဲတေမှုပြဿနာအပါအဝင် ဒေသတွင်းအဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအတွက် အဘက်ဘက်က လိုအပ်ချက်များစွာရှိနေသေးသည်။ ဥပမာအားဖြင့် နိုင်ငံသားအိမ်ထောင်စုဝင်များအတွက် အရေးကြီးသော အခြေခံလိုအပ်ချက်များတွင် ပါဝင်သည့် လျှပ်စစ်မီးရရှိမှုမှာ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံးပေါင်း ၏ ၂၆ ရာခိုင်နှုန်းသာ လျှပ်စစ်မီးသုံးစွဲနိုင်သေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသည်။ ယင်းပမာဏသည် အာဆီယံနိုင်ငံများအနက် အနည်းဆုံးသုံးစွဲနိုင်သည့် ပမာဏလည်း ဖြစ်သည်။ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စသဖြင့် လျှပ်စစ်သုံးစွဲမှုကဏ္ဍအတွက် လိုအပ်သောပမာဏကို ထုတ်ယူသုံးစွဲနေသည်ဟုဆိုသော်လည်း ပြည်ပသို့ သဘာဝဓာတ်ငွေ့ကဲ့သို့သော စွမ်းအင်လောင်စာ တင်ပို့ရောင်းချနေမှုနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းသုံးစွဲနိုင်မှုမှာ နည်းပါးနေသည်ကို တွေ့နိုင်ပါသည်။

ထို့ပြင် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါသည့် တောင်သူလယ်သမားများအား လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေပေးအပ်နိုင်မှုမှာလည်း လိုအပ်ချက်များ ရှိနေသေးသည်။ အဆိုပါ စိုက်ပျိုးစရိတ် ချေးငွေကိစ္စနှင့် ပတ်သက်၍လည်း မိုးကာလ၊ ဆောင်းကာလ၊ မိုးကြိုကာလအလိုက် ထုတ်ချေးရသော နှစ်စဉ်ချေးငွေမှတစ်ပါး အခြားချေးငွေများအတွက် ရန်ပုံငွေမရှိသဖြင့် ထုတ်ချေးနိုင်ခြင်းမရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အဆိုကို ပြန်ရှင်းရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က လက်ရှိစိုက်ပျိုးစရိတ်ချေးငွေအစား သင့်တင့်သော အရင်းအနှီးများ ရရှိရေးအတွက် နှစ်ပေါက်၊ နှစ်တိုနှင့် နှစ်ရှည်ချေးငွေများ ရရှိနိုင်ရေးအတွက် ပိုမိုကောင်းမွန်သော ချေးငွေစနစ်အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုက်တွန်းသည့်အဆို ဖြစ်သည်။

ဆင်းရဲမွဲတေမှုပြဿနာအား မဖြေရှင်းနိုင်သေးခြင်း၊ သဘာဝသယံဇာတရင်းမြစ်များ ထုတ်ယူသုံးစွဲခြင်း၊ ရောင်းချခြင်းအပါအဝင် စီမံခန့်ခွဲမှုအလွဲများကြောင့် တိုင်းပြည်နစ်နာခဲ့ရသည့် များစွာသော သင်ခန်းစာများရှိပြီးဖြစ်သည်။ သို့ပါ၍ ယခုကာလတွင်လည်း အဓိကနှင့် သာမည၊ ဘယ်ဟာက ပိုအရေးပါသည်၊ ဘယ်ဟာက ပိုအရေးကြီးသည်ကို ခွဲခြားလုပ်ဆောင်နိုင်ခြင်းမရှိပါက ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိနိုင်မည်မဟုတ်ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Credit - Eleven Media Group

No comments:

Post a Comment