![]() |
ဇန်န၀ါရီ ၆ ရက်က ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်ကိုယ်စားလှယ်များ ကတိသစ္စာပြု အခမ်းအနားတွင် ဒေါက်တာတင်ထွန်း(ယာဘက်အစွန်)ကို တွေ့ရစဉ် |
လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည့် အနောက်ပိုင်းခရိုင် စည်ပင်ဥက္ကဠ (ရပ်မိရပ်ဖ) ဒေါက်တာတင်ထွန်း၏ ဆရာဝန်သုံးနားကြပ်ပါ ဓာတ်ပုံအချို့နှင့်ပတ်သက်၍ ဆရာဝန်အချို့က ဝေဖန်မှုများရှိနေကြောင်း သိရသည်။
အဓိကအားဖြင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် စည်ပင်ရွေးကောက်ပွဲ၊ မယ်ရွေးပွဲများနှင့် မသက်ဆိုင်ဘဲ အဆိုပါစည်ပင်ဥက္ကဠက လူနာအား စမ်းသပ်ကုသရာတွင် ဆရာဝန်များအသုံးပြုသည့် နားကြပ်ကို ယင်းနေရာများတွင် တပ်ဆင်ကာ သူ၏ ဆရာဝန်ဆိုသည့် ဂုဏ်ပုဒ်အား ဖော်ပြထားသည့်ပုံရိပ်အချို့အပေါ် ဆရာဝန်အချို့က ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ယင်းဓာတ်ပုံများနှင့် ပတ်သက်၍ ဆေးပညာဆိုင်ရာ ကျင့်ဝတ်ဆောင်းပါးများ ရေးသားပြုစုခဲ့သူ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမြင့်ဦးက “နားကြပ်နဲ့ ဂျူတီကုတ်အဖြူကို ဆရာဝန်ရဲ့အမှတ်လက္ခဏာလို့ သိထားကြတယ်။ ဆရာဝန်သုံးနားကြပ် (Stethoscope) ဟာ လွန်ခဲ့တဲ့ နှစ် ၂ဝဝ ကျော်ကတည်းက လူနာရဲ့နှလုံး၊ အဆုတ်နဲ့ ဝမ်းဗိုက်ထဲက အသံတွေကိုနားထောင်ပြီး ရောဂါဖော်ထုတ်ရာမှာ အသုံးပြုခဲ့ကြတယ်။ နည်းပညာမြင့်တဲ့ ရောဂါဖော်ထုတ်ရေးကိရိယာတွေ ပေါ်ပေါက်လာတဲ့ခေတ်မှာ နားကြပ်မကိုင်တဲ့ ဆရာဝန်တွေလည်း ရှိလာတယ်။ ယူကေနိုင်ငံက ဆရာဝန်အများစုက နားကြပ်ချိတ်ဆွဲထားခြင်း မရှိပါဘူး။ မြန်မာနိုင်ငံက ဆရာဝန်တွေက အပြင် လူပုံအလယ်ရောက်သွားရင် နားကြပ်ကိုချွတ်ပြီး အိတ်ထဲမှာ သိမ်းထားတတ်ကြတယ်။ လူပုံအလယ်နဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေမှာ နားကြပ်တပ်မထားရဘူးဆိုတဲ့ စည်းကမ်းတော့ မရှိဘူး။ လူပုံအလယ်မှာ အရေးပေါ်လူနာရှိလာခဲ့ရင် ပြုစုချင်လို့ ကိုယ့်ကိုဆရာဝန်မှန်းသိအောင် နားကြပ်ချိတ်ဆွဲထားတယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိရင်တော့ ကောင်းပါတယ်။ ဒီလိုမဟုတ်ဘဲ ဆရာဝန်တစ်ယောက်ဖြစ်တာ ကြွားချင်လို့ ချိတ်ဆွဲထားတယ်ဆိုရင်တော့ ဆေးပညာကျင့်ဝတ်က ကိုယ့်ဂုဏ်ကိုယ်ဖော်တဲ့ Self Promotion မျိုးကိုတော့ အားမပေးပါဘူး” ဟု သုံးသပ်ပြောကြားသည်။
အဆိုပါ အနောက်ပိုင်းခရိုင်စည်ပင်ဥက္ကဠသည် ဇန်နဝါရီ ၆ ရက်က မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားနှင့် ဇန်နဝါရီ ၂၄ ရက်က Strand Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် Asia New Star Model Contest 2015 Face of Myanmar နောက်ဆုံးအဆင့် အလှမယ်ရွေးချယ်ပွဲများသို့ ဆရာဝန်သုံးနားကြပ်တပ်ဆင်ကာ တက်ရောက်ခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ဝေဖန်ချက်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီလို ပွဲလမ်းသဘင်တွေမှာ နားကြပ်တပ်တယ်ဆိုတာက သူရဲ့ရည်ရွယ်ချက်က ဆေးသွားကုတာ မဟုတ်ဘူး။ နားကြပ်ဆိုတာက လူနာကို စမ်းတဲ့အခါမှာပဲ အသုံးပြု တာ။ သူက ဆရာဝန်ဆိုပေမယ့် ဆေးကုသွားတာ မဟုတ်တဲ့အတွက် လုံးဝမတပ်ရတာပေါ့။ ဆရာဝန်တွေက ကိုယ့် ကိုယ်ကိုယ် မကြော်ငြာရဘူး။ ကိုယ့်ဂုဏ်ကို မဖော်ပြရဘူးဆိုတဲ့ ဆရာဝန်တွေလိုက်နာရမယ့် အခြေခံသဘောတရားတွေ ရှိတယ်။ အရင်ကဆို ဆေးခန်းတွေမှာ ဆိုင်းဘုတ်ကအစ မကြော်ငြာရဘူး။ နောက်စည်ပင်ပွဲမှာ သူအရွေးခံတာနဲ့ သူအခုလုပ်နေတဲ့အလုပ်နဲ့ကလည်း ဘာမှမဆိုင်ဘူး။ ဆေးကုနေတဲ့အချိန်မဟုတ်ရင် ဂျူတီကုတ်လည်း မဝတ်ရဘူး။ အဲဒါကတော့ ဆရာဝန်တစ်ယောက်ဖြစ်လာတဲ့အခါမှာ ဒါက ဆေးကုတဲ့နေရာမှာပဲ သုံးရမယ်ဆိုတာ အားလုံးက နားလည်သိထားပြီးသားပါ” ဟု ဒေါက်တာ မီမီကိုက ဆိုသည်။
ယင်းပုံရိပ်များနှင့် ပတ်သက်၍ ဆရာဝန်အချို့မှာ ၎င်းတို့၏ ဆရာဝန်ဆိုသည့် Professional အား ထိခိုက်ကြောင်း၊ ဆရာဝန်များ လိုက်နာစောင့်ထိန်းရမည့် အခြေခံသဘောတရားများအား ချိုးဖောက်ခြင်းဖြစ်ကြောင်း နှင့် ဆေးကုသရာတွင်အသုံးပြုသည့် ပစ္စည်းများကို လူနာများ၏ အကျိုးအတွက်မဟုတ်ဘဲ မိမိ၏ဂုဏ်မြှင့်တင်ရေးအတွက် သွယ်ဝိုက်သောနည်းဖြင့် အသုံးပြုခဲ့ခြင်းကြောင့် ဆရာဝန်များမှာ ယင်းလုပ်ရပ်အပေါ် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ ကာယကံရှင် ဆရာဝန်အား ဆက်သွယ်မေးမြန်းခဲ့ရာ “ဝေဖန်သူတွေကတော့ ဝေဖန်တာပေါ့။ ကိုယ်ကလည်း ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ကိုယ့်နားကြပ် ကိုယ်တပ်နေတာပဲ” ဟု မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။
ဆရာဝန်အချို့ကမူ ယင်းကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် ဆရာဝန်ကျင့်ဝတ် နှင့် တိုက်ရိုက်ပတ်သက်နေခြင်း၊ ဆန့်ကျင်နေခြင်းမျိုး မဟုတ်သော်လည်း မိမိတို့၏ ဆရာဝန်ဂုဏ်ပုဒ်ကို ဖော်ထုတ်ကြွားဝါလိုသည့် ပုံစံသက်သက်သာဖြစ်ကြောင်းနှင့် ပွဲလမ်းသဘင်များတွင် ယင်းကဲ့သို့ နားကြပ်တပ်ဆင်ခြင်းမှာ ဆရာဝန်ဂုဏ်သိက္ခာနှင့် လျော်ညီခြင်းမရှိကြောင်း ဝေဖန်ထောက်ပြထားသည်။

Credit - Eleven Media Group
No comments:
Post a Comment