Sunday, January 25, 2015

ပညာရေးနှင့် ကျန်းမာရေးအသုံးစရိတ်သည် နိုင်ငံ့စုစုပေါင်း ဘတ်ဂျက်၏ ၁၃ ရာခိုင်နှုန်းထက် မနည်းစေရဟု ဥပဒေမူကြမ်းတွင် သတ်မှတ်

ရန်ကုန် (မဇ္ဈိမ)။ ။ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်သည် နိုင်ငံ့စုစုပေါင်းအသုံးစရိတ်၏ ၁၃ ရာခိုင်နှုန်းထက် မနည်းစေရဟု
နှစ်စဉ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲခြင်း တင်ပြခြင်းဆိုင်ရာ ဥပဒေ (အကြမ်း) ၌ ကန့်သတ်ချက်အဖြစ် သတ်မှတ်ထားသည်ဟု ဇန်နဝါရီ ၁၆ ရက်ထုတ် နိုင်ငံတော်ပြန် တမ်းတွင် ဖော်ပြထားသည်။

School-1
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှ ကျောင်းသူ၊ ကျောင်းသားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရမည)၊ မဇ္ဈိမ) မြန်မာနိုင်ငံတွင် ပညာရေးနှင့် ကျန်းမာရေးဏ္ဍ၌ အစိုးရအသုံးစရိတ်သည် အစဉ်အဆက်နည်းပါးခဲ့ပြီး ယုခုဥပဒေပြဋ္ဌာန်းပြီးပါက အသုံးစရိတ် နှစ်ဆကျော် တိုးမြင့်လာမည်ဖြစ်သည်။



နှစ်စဉ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေမူကြမ်းတွင် ကန့်သတ်ချက်များအဖြစ် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများကို အသုံးစရိတ် မနည်းစေရန် သတ်မှတ်ချက်အပါအဝင် အခြားကန့်သတ် ချက်များကိုလည်း ထည့်သွင်းရေးဆွဲထား ခြင်းဖြစ်သည်။

သာမန်သုံးငွေသည် စုစုပေါင်းသုံးငွေ၏ ၇ဝ ရာခိုင်နှုန်းထက် မပိုရဘဲ ငွေလုံး ငွေရင်းသုံးငွေသည် စုစုပေါင်း သုံးငွေ၏ ၃ဝ ရာခိုင်နှုန်းထက် မလျှော့ရဟု ကန့်သတ်ထားပြီး ဘတ်ဂျက်လိုငွေသည် ဂျီဒီပီ၏ ငါးရာခိုင်နှုန်း ထက် မကျော်ရဟု ကန့်သတ်ထားသည်။

နိုင်ငံတော်၏ နှစ်ကုန်တွင် ကြွေးမြီ စုစုပေါင်းသည် ဂျီဒီပီ၏ ၅ဝ ရာခိုင်နှုန်းထက် မကျော်ရဘဲ ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် ဗဟိုဘဏ် မှ ငွေချေးခြင်းကို လျှော့ချရမည်ဖြစ်ကာ ၂ဝ၂ဝ-၂၁ ဘဏ္ဍာ နှစ်မှစတင်ကာ ဗဟိုဘဏ်မှ ငွေချေးယူခြင်းမပြုရဟု သတ်မှတ်ထားသည်။

ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုသည် မူလဘတ်ဂျက်၏ ရှစ်ရာခိုင်နှုန်းထက် မကျော်စေရဘဲ နှစ်စဉ် သီးသန့် ရန်ပုံငွေသည် စုစုပေါင်းအသုံးစရိတ်၏ သုံးရာခိုင်နှုန်းထက် မကျော်ရဟု သတ်မှတ်ထားသည်။

ထို့အပြင် နှစ်စဉ် ပြည်တွင်း(သို့မဟုတ်) ပြည်ပမှ စုစုပေါင်းချေး ငွေပမာဏသည် စုစုပေါင်းဝင်ငွေ၏ ၂ဝ ရာ ခိုင်နှုန်းထက် မကျော်စေရဘဲ
ပြည်ပချေးငွေနှင့် ပြည်ပထောက်ပံ့ငွေများကို ဝန်ကြီးဌာနအလိုက် အသေးစိတ်ဖော်ပြရမည် ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းစီ၏ လိုငွေသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဂျီဒီပီ၏ ငါးရာခိုင်နှုန်းထက် မကျော်စေရဟု ကန့်သတ်ချက်တွင် ထည့်သွင်းထားသည်။

နှစ်စဉ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို မတ်လ ၁ ရက်၌ ပြည်ထောင်စု လွှတ်တော်အတွင်း စတင်ဆွေးနွေးမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများက မတ်လ ၁၅ ရက်တွင် ပြန် လည်ရှင်းလင်းတင်ပြမည်ဖြစ်သည်။

ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များနှင့်ပတ်သက်၍ ပြည်ထောင်စု၏ ပညာရေးအသုံးစရိတ်ကို ၂ဝ၁၃-၁၄ ခုနှစ် ရှေ့ပြေးအမှန်စာရင်းအရ ကျပ် ၈၉၂ ဒသမ ၈၇၅ ဘီလီယံ၊ ၂ဝ၁၄-၁၅ ခုနှစ် ပြုပြင်ပြီး ခန့်မှန်း ခြေစာရင်းအရ ကျပ် ၁,၁၅၈ ဒသမ ၄၃၇ ဘီလီယံအထိ နှစ်စဉ်တိုးမြှင့်သုံးစွဲခဲ့သည်။

ကျန်းမာရေးအသုံးစရိတ်သည်လည်း ၂ဝ၁၃-၁၄ ခုနှစ် ရှေ့ပြေးအမှန်စာရင်းအရ ကျပ် ၄၈၅ ဒသမ ၃၇၁ ဘီလီယံ၊ ၂ဝ၁၄-၁၅ ခုနှစ် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းအရ ကျပ် ၇ဝ၈ ဒသမ ၉၄၉ ဘီလီယံအထိ တိုးမြှင့်သုံးစွဲခဲ့သည်။ ယင်းဘဏ္ဍာငွေအရ အသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကို အစိုးရ၏ ဘတ်ဂျက်သုံးစွဲမှု ပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်ခံမှုရှိရေး၊ နိုင်ငံတော်၏ စီးပွားရေးနှင့် ငွေကြေးအခြေအနေ တိုးတက် တည်ငြိမ်ရေး၊ ပြည်တွင်း၊ ပြည်ပကြွေးမြီများ လျော့နည်းရေး အတွက် ရေးဆွဲခဲ့ခြင်းဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment