Thursday, January 29, 2015

မန္တလေး ကျောင်းသား သပိတ်စစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက် ရပ်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေးကို ကန့်ကွက် သပိတ်မှောက်သည့် မန္တလေး ကျောင်းသား သပိတ်စစ်ကြောင်းကို  ဖေဖော်ဝါရီ ၁ ရက်တွင် ရပ်ဆိုင်းမည်ဟု ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု  ဦးဆောင်ကော်မတီမှ ကိုနန္ဒာစစ်အောင်က မဇ္ဈိမကို ပြောသည်။

Student-Strike-Mandalay-Began-Marching-12
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့် သပိတ်မှောက်ကျောင်းသား ၁၀၀ ခန့်က မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝန်းမှ စတင်ကာ ဇန်နဝါရီ ၂၀ ရက် နံနက်က ရန်ကုန်မြို့သို့ လမ်းလျှောက်ချီတက်စဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)



"ကျွန်တော်တို့ ဒီနေ့ဆွေးနွေးခဲ့တာ ၁၁ ချက်ကို မူဝါဒပိုင်း သဘောတူထားတယ်။ ဥပဒေပိုင်း ညှိနှိုင်းမှုကို စိန်ရတုခန်းမမှာ ဆွေးနွေးမယ်။ အဲဒီနေ့ကျမှ မန္တလေးသပိတ်စစ်ကြောင်းရပ်မယ်။ အခုကတော့ သပိတ်စစ်ကြောင်းက ဆက်ထွက်သွားမှာပါ"ဟု ၎င်းက ပြောသည်။

နေပြည်တော်၌ ကျောင်းသား ခေါင်းဆောင်များနှင့် ဝန်ကြီး ဦးအောင်မင်း၊ ပညာရေး ဒုဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်တို့
တွေ့ဆုံအပြီး ဖေဖော်ဝါရီ ၁ရက်တွင် ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမ၌ လေးပွင့်ဆိုင် တွေ့ဆုံရန် သဘောတူညီပြီး
နောက်ပိုင်း ယခုကဲ့သို့ သပိတ်စစ်ကြောင်း ရပ်ဆိုင်းရန် ဆုံးဖြတ်ခြင်း ဖြစ်သည်။

အလားတူ ပခုက္ကူ ကျောင်းသား သပိတ်စစ်ကြောင်းကိုလည်း ယနေ့ (ဇန်နဝါရီ ၂၈ ရက်) ၌ပင် ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

ထားဝယ်သပိတ် စစ်ကြောင်းမှာလည်း ဇန်နဝါရီ  ၂၄ရက်က စတင်ရပ်ဆိုင်း၍ ထားဝယ်မြို့ပေါ်ရှိတက္ကသိုလ် ၃ခုနှင့် ကောလိပ်တခုတွင် စည်ရုံးလှုံ့ဆော်မှုများ ပြုလုပ်လျှက်ရှိသည်ဟု ထားဝယ်သပိတ် ခေါင်းဆောင် ကိုမင်းလွင်က ပြောသည်။

"ဖေဖော်ဝါရီ ၁ ရက်နေ့ အခြေအနေကို ကြည့်ပြီး ဆန္ဒထုတ်ဖော်မယ် မဖော်ဘူးဆိုတာ ပြောလို့ရမယ်။ အခုရပ်ဆိုင်းထားတယ်" ဟု ယင်းက ဆိုသည်။

ဧရာဝတီိတိုင်း သပိတ်စစ်ကြောင်းကမူ ဇန်နဝါရီ ၃၀ ရက်တွင် ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာမည်ဟု ဆိုသည်။

Credit - Mizzima News

No comments:

Post a Comment