Tuesday, January 27, 2015

၂၀၁၅ အစိုးရကို စောင့်ကြည့်ပါ (အယ်ဒီတာ့အာဘော်)

ဦးသိန်းစိန် အစိုးရသက်တမ်းကား တစ်နှစ်စွန်းသာ ကျန်တော့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကား လာလေပြီ။ နိုင်ငံရေး
ပါတီများကား ပြင်ဆင်နေကြပြီ။ ရွေးကောက်ပွဲအတွက် မီဒီယာများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကလည်း ပိုမိုစိတ်ဝင်တစား စောင့်ကြည့်လာကြသည်။ ဤတွင် အရေးတကြီး လုပ်ဆောင်သင့်သည်မှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မှန်ကန် မျှတရေးအတွက် ပံ့ပိုး ဆောင်ရွက်ခြင်းပင် ဖြစ်သည်။

ဦးသိန်းစိန် အစိုးရအတွက် သက်တမ်းနောက်ဆုံးနှစ် အစိုးရဘဏ္ဍာရေး လိုအပ်ချက် (၀ါ) ဘတ်ဂျက်တောင်းဆိုမှုကို ယခု ကျင်းပဆဲလွှတ်တော်တွင်း ဆွေးနွေးကြမည်ဖြစ်သည်။ ဦးသိန်းစိန် အစိုးရသည် အာဏာရကြံ့ခိုင်ရေးပါတီမှ ထွက်ပေါ်လာခြင်းဖြစ်ရာ ကြံ့ခိုင်ရေးပါတီ နောက်တစ်ကြိမ် အာဏာပြန်ရစေရန် အနည်းနှင့် အများဆိုသလို ကြိုးပမ်းပေးရတော့မည် ဖြစ်သည်။

ဦးသိန်းစိန်အစိုးရသက်တမ်းနောက်ဆုံးနှစ်တွင် တိုင်းပြည်နှင့်လူထုအကျိုးရည်လုပ်ငန်းများထက် နောက်တစ်ကြိမ်အာဏာရရေးအတွက် ပြည်သူ့ဘဏ္ဍာများကို မသိမသာမှ သိသိသာသာသုံးစွဲသွားနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ယင်းအလုပ်ကို အဓိကအားဖြင့် အတိုက်အခံပါတီများနှင့် မီဒီယာများ၊ မဏ္ဍိုင်လေးရပ်ကို စောင့်ကြည့်စစ်ဆေး၊ သုတေသနပြု၊ ဖော်ထုတ်တင်ပြနေသည့် အရပ်ဖက်အဖွဲ့အစည်းများက လုပ်ဆောင်သင့်သည်။

အိမ်နီးချင်းနိုင်ငံများတွင်ရော ကမ္ဘာတစ်ဝန်းရှိ အာဏာရှင်နိုင်ငံများတွင်ပါ လက်ရှိအစိုးရများသည် ရွေးကောက်ပွဲတွင် နောက်တစ်ကြိမ်သက်တမ်းအတွက် အာဏာဆက်လက် ကိုင်စွဲခွင့်ရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းတတ်ကြသည်။ ပါးနပ်သည့်အစိုးရများက ပါးနပ်သည့် နည်းများကို သုံးစွဲပြီး၊ လူမိုက်အစိုးရများက အကြမ်းဖက်၊ သတ်ဖြတ်သည်အထိ လုပ်ဆောင်တတ်ကြသည်။ ထိုအချိန်တွင် အတိုက်အခံသည် ရန်သူ၊ မီဒီယာသည် ရန်သူ၊ စောင့်ကြည့်စစ်ဆေးသူသည် ရန်သူ၊ မှတ်တမ်းတင်နေသူသည် ရန်သူ ဖြစ်သွားတတ်သည်။

အစိုးရသည် သက်တမ်းနောက်ဆုံးအတွက် လွှတ်တော်တွင်း တောင်းခံသည့် ဘတ်ဂျက်တွင် ပိုပိုသာသာ တောင်းခံတတ်ပြီး ပြည်သူ့အကျိုးထက် ပြည်သူ့အကြိုက် လုပ်ငန်းများကို ပိုမိုလုပ်ဆောင်တော့သည်။ ဥပမာအားဖြင့် ဆေးရုံများတွင် ဆေးဝါးဖြည့်ဆည်းပေးခြင်းဆိုသော လက်တွေ့အကျိုးထက် ဆေးရုံကုတင်နှင့် အဆောက်အအုံတိုးချဲ့ခြင်းမျိုးစသည့် အပြများကို ပိုမိုလုပ်ဆောင်တတ်ကြသည်။ အကျိုးထက် ဟန်ပြလုပ်ပြီး မဲဆန္ဒရှင်များကို လှည့်စားတတ်သည်။ လမ်းတစ်ခြမ်းခင်းပြခြင်း၊ ရုတ်တရက် ဓာတ်ကြိုးထသွယ်ခြင်း၊ ချက်ချင်းရေတွင်းတူးပြခြင်းမျိုးများဖြစ်သည်။

ရေရှည်အတွက် မရည်ရွယ်၊ ပြည်သူ့အကျိုး တကယ်ကြည့်ခြင်းမျိုးလည်း မဟုတ်၊ ရွေးကောက်ပွဲတွင် အောင်နိုင်ရေးအတွက်သာဖြစ်သည်။ ပြည်သူများကလည်း ဒီအစိုးရနှင့် ကြာရှည်လက်တွဲခဲ့ဖူးပြီးဖြစ်သဖြင့် ပါးနပ်နေတတ်သည်။ ရေရလျှင် ရေယူသည်၊ မီးရလျှင် မီးယူသည်၊ လမ်းရလျှင် လမ်းယူသည်။ ဘာမဆို ရလျှင်ယူလိုက်မည်။ မဲကိုတော့ တခြားထည့်ကြသည်သာဖြစ်သည်။ ပြည်သူများသည် ပေါ်ပေါ်တင်တင်ကိစ္စများတွင်တော့ အထာနပ်ကုန်ပြီဖြစ်သည်။ ပါးပါးနပ်နပ်လုပ်တတ်သည့်အခါ မသိသဖြင့် ခံလိုက်ရတတ်သည်။

၂၀၁၅ အစိုးရကို စောင့်ကြည့်ရန်တာဝန်မှာ အထက်တွင်ဆိုခဲ့သူများတွင် တာဝန်ရှိပါသည်။ သတင်းစာများကား တာဝန်အရှိဆုံးဖြစ်သည်ကို ခံယူနိုင်ကြရန် မဇ္ဈိမက တိုက်တွန်းသည်။


Credit - Mizzima News

No comments:

Post a Comment