Sunday, January 25, 2015

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

 ကျောင်းသားဝတ္တရား

ကျောင်းသားများသည် အရာအားလုံးအတွက် သိုလှောင်ထားသော အရန်အင်အားများဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် ကျောင်းသားများသည် မရှိမဖြစ်အရေးပါပြီး အလွန်အင်အားကြီးမားသည်။ ကျောင်းသားများအနေဖြင့် ယင်းကိုသိမြင်ရန် လိုအပ်ပြီး လူ့အဖွဲ့အစည်းအတွင်း သင့်လျော်သည့်နေရာမှ ပါဝင်ရန် အပြည့်အဝ ပြင်ဆင်မှုပြုလုပ်ရန် လိုအပ်သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားဘဝ၌ပင် “ကျောင်းသားဝတ္တရား” ဟူသည့် ဆောင်းပါးကို ရေးသားခဲ့သည်။ ယင်းဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်းက
“ကျောင်းသားဟူသည် အတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှ” ဟု ဟူသည့် အယူအဆမှာ များစွာသေးသိမ်ကြောင်းနှင့် ခေတ်အောက်ကျသည့် အယူအဆဖြစ်ကြောင်း ရေးသားခဲ့သည်။

ယင်းဆောင်းပါး၏ နိဂုံးတွင် ဗိုလ်ချုပ်အောင်ဆန်းက “ယနေ့ဖြစ်သော ကျောင်းသားများသည် မနက်ဖြန် ပြည်ကြီးသားများ ဖြစ်ကြ၏ဟု ဆိုရိုးစကားရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာတို့နှင့်ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေဝပ်နည်း၊ ကိုယ်လက်ကျန်းမာရေး စသည်ဖြင့် အမျိုးမျိုးစုံအောင် အသင်းအပင်းများ ကစားနည်းများကို ထွင်ကြရ၏။ ထိုမျှမက ယခုအခါ တစ်နိုင်ငံနှင့် တစ်နိုင်ငံမှာ ခွဲစပ်၍ မဖြစ်နိုင်။ တရုတ်ပြည်၊ စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်အများသည် ဤတိုင်းပြည်ကိုလည်းကောင်း၊ ကမ္ဘာ့ယဉ်ကျေးခြင်းကို လည်းကောင်း၊ လူသတ္တဝါတို့အား လည်းကောင်း၊ မည်သို့မည်ပုံထိခိုက်မည်ဟု သိနိုင်အောင် ကမ္ဘာ့အခြေအနေကိုလည်း မိမိရရသိရန်လို၏။ ဤသည်တို့ကား အကြမ်းမျှ ကျောင်းသားတို့ပြုလုပ်ရမည့် ဝတ္တရားများဖြစ်ကြ၏။ ထို့ကြောင့် ကမ္ဘာရှိကျောင်းသား အပေါင်းတို့သည် လှုပ်လှုပ်ရွရွဖြစ်၍ စစ်မက်တားမြစ်ရေး၊ အလုပ်လက်မဲ့ပပျောက်ရေး အကြောင်းစနစ်ကို ရှာဖွေနေကြ၏။ အခြေအထူးမလှသော စပိန်ပြည်နှင့် တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်နှင့်အခါအလျောက်လည်း ကျောင်းသား၏ ဝတ္တရားလည်း ကွဲလာ၏။ ဤသို့ပြဆိုခဲ့ပြီးသော ကျောင်းသားဝတ္တရား အားလုံးကို သိသည်နှင့်အညီ နောင်ခေတ်ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခုလူများကဲ့သို့ မညီမညွတ် မလုပ်တတ်မကိုင်တတ် မဖြစ်ရအောင် ကျွန်ုပ်တို့ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အသင်းကြီးကို အထင်အရှားတည်ထောင်ထား၏။ ထိုအသင်းကို ဝင်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း၊ တိုင်းပြည်ချစ်စိတ်ရှိသော သူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း” ဟု ဖော်ပြထားသည်။

အမှန်တကယ်၌ “ကျောင်းသားများ နိုင်ငံရေးကင်းရှင်းရမည်” ဟူသည့် အဆိုသည် လွန်စွာအဓိပ္ပာယ်မဲ့လှသည်။ နိုင်ငံရေးဟူသည် လူတို့၏ဘဝနှင့် ခွဲခြား၍ မရနိုင်သော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီက “ကျွန်တော် နိုင်ငံရေးမှာ ဘာကြောင့် ပါဝင်ရသလဲဆိုတော့ နိုင်ငံရေးဆိုတာ ကျွန်တော်တို့ကို မြွေတစ်ကောင်လို ရစ်ပတ်ထားလို့ပါပဲ” ဟု ဆိုခဲ့သည်။ ထို့ကြောင့် ကျောင်းသားများအနေဖြင့် အဘယ်ကဲ့သို့ နိုင်ငံရေးကင်းရှင်း၍ ရမည်နည်း။ ကျောင်းသားများအနေဖြင့် နိုင်ငံ၏အရေးနှင့် ကမ္ဘာ့အရေး၌ မလွှဲမရှောင်သာ ပါဝင်ပတ်သက် ရမည်သာဖြစ်သည်။ ယင်းသည်ပင်လျှင် ကျောင်းသားတို့၏ ဝတ္တရားဖြစ်သည်။ ထို့အတူ ကျောင်းသားများ အနေဖြင့် မိမိတို့၏ ကျောင်းသားအခွင့်အရေးအတွက် တိုက်ပွဲဝင်ရမည်သာဖြစ်သည်။ မိမိတို့၏ အခွင့်အရေးကို မသိဘဲ၊ ယင်းအခွင့်အရေးအတွက် တိုက်ပွဲဝင်ရကောင်းမှန်း မသိဘဲ ထုံထုံအအဖြင့် နေခဲ့သောကျောင်းသားများ လူကြီးဖြစ်လာပြီး နိုင်ငံတာဝန်များ ထမ်းဆောင်ပါက ၎င်းတို့၏ နိုင်ငံသည် ထုံထုံအအနိုင်ငံသာ ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် မိမိတို့၏ အခွင့်အရေးကို သိရှိခြင်းနှင့် ယင်းအခွင့်အရေးအတွက် တိုက်ပွဲဝင်ခြင်းသည် ကျောင်းသားဝတ္တရား ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Credit - Eleven Media Group

No comments:

Post a Comment