Wednesday, January 28, 2015

အစိုးရ၀န်ထမ်းများ မဲပေးမည့် မဲဆန္ဒနယ်စာရင်းကောက်ယူ

၂၀၁၅ ရွေးကောက်ပွဲတွင် အစိုးရ၀န်ထမ်းများ မဲပေးမည့် မဲဆန္ဒနယ်၊ ၀န်ထမ်းအိမ်ထောင်စုစာရင်းဝင်နယ်မြေများ နှင့် ၀န်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များပြုစုခြင်းကို ၀န်ကြီးဌာနများက စတင်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

‘‘ဒီရက်ပိုင်းမှာပဲ ဌာနက ဖောင်တစ်ခုဖြည့်ခိုင်းပါတယ်။ အိမ်ထောင်စုစာရင်းကို ပြန်ပြီး Comfirm (အတည်ပြု)လုပ်တာပါ။ အဓိကက ၀န်ထမ်းကို မဲပေးမယ့် မဲဆန္ဒနယ်မြေပေါ်မှာ စာရင်းဝင်အောင်လုပ်တဲ့ သဘောပါပဲ။ မိသားစုဝင်တွေနဲ့ အသက် (၁၈) နှစ်ပြည့်၊ မပြည့်၊
မှတ်ပုံတင်နံပါတ်တွေ ဖြည့်ရတယ်။ ဖောင်ကတော့ ရိုးရိုးပါပဲ။ မဲပေးမလား၊ မပေးဘူးလားဆိုတာလည်း မပါပါဘူး’’ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ အရာရှိတစ်ဦးက ပြောသည်။

ဝန်ထမ်းအများစုမှာ နေပြည်တော်တွင်ရှိနေသော်လည်း အိမ် ထောင်စုစာရင်းမှာ ရန်ကုန်၊ မန္တ လေးဖြစ်နေ၍ မဲစာရင်းမထပ်စေရန် စာရင်းပြုစုခြင်းသာဖြစ်ပြီး ကြိုတင်မဲပေးခြင်းနှင့် လုံးဝမသက်ဆိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးတစ်ဦးက အတည်ပြုပြောကြားသည်။

‘‘ရန်ကုန်၊ နေပြည်တော် ဘယ်မှာမဲပေးမှာလဲ ခွဲခြားနိုင်ဖို့ ဖြစ်တယ်။ တချို့ဝန်ထမ်းတွေက ရန်ကုန်မှာ ပုံစံ (၁၀) ရှိနေတာတွေရှိတယ်။ ကျွန်တော်ဆိုရင် ပုံစံ (၁၀) က ရန်ကုန်မှာ။ ဒါကြောင့် ရန်ကုန်မဲစာရင်းမှာ မပါအောင်လို့ အိမ်ကိုမှာထားရတယ်’’ဟု ၎င်းကပြောသည်။

ဝန်ထမ်းများအနေဖြင့် ရန်ကုန်တွင် အိမ်ထောင်စုစာရင်းရှိသော်လည်း ရွေးကောက်ပွဲနေ့၌ ရန်ကုန်မပြန်လိုဘဲ နေပြည်တော်တွင်သာ မဲပေးလိုပါကလည်း ၀န်ကြီးဌာနများ၏ မဲစာရင်း ပြုစုစဉ် တစ်ပါတည်း ဆန္ဒပြုနိုင်ကြောင်း သိရသည်။ ထို့ပြင် နေပြည်တော်ရှိ ၀န်ထမ်းများအတွက် ရပ်ကွက်အလိုက် မဲစာရင်းများပြု စုမည်ဖြစ်ပြီး မိမိနေရပ်မြို့ကို ပြန်မည်ဆိုပါက နေပြည်တော်မဲစာရင်းတွင် ထည့်သွင်းပေးမည်မဟုတ်ကြောင်း အဆိုပါဝန်ကြီးက ထပ်မံပြောကြားသည်။

‘‘မဟုတ်ရင် မဲစာရင်းထပ်နေမယ်လေ။ အခုစာရင်းတွေက နေပြည်တော်၊ မြို့နယ်အလိုက် ကော်မရှင်တွေကို ပို့ရမယ်။ ဒါမှ သူတို့ က မဲစာရင်းပြုစုလို့ရမယ်။ ရန်ကုန်မှာရော၊ တခြားမြို့တွေမှာပါရှိတဲ့ဝန်ထမ်းတွေကတော့ သူတို့မြို့မှာလာကောက်ရင် မဲစာရင်းထည့် လိုက်ရုံပဲလေ။ နေပြည်တော်မှာသာ ၀န်ထမ်းတွေက ပုံစံ (၁၀) အရ တခြားမှာ စာရင်းပေါက်နေတာရှိ တာကိုး’’ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ၀န်ထမ်းများ၏ မဲစာရင်းပြုစုခြင်းကို ၂၀၁၀ ရွေး ကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပစဉ်ကလည်း ပြုလုပ်ခဲ့ပြီး နေပြည်တော် ရှိ ၀န်ထမ်းအများစုမှာ အခြားတွင် အိမ်ထောင်စုစာရင်းပေါက်နေခြင်းကြောင့် မဲစာရင်းပြုစုရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဝန်ကြီးဌာနအချို့က ပုံစံစာရွက်ဖြင့် ဖြည့်ခိုင်းကာ လက်မှတ်ရေးထိုးစေခြင်းကြောင့် ထိုဖောင်ကို ဖြည့်ရသည်မှာ စိုးရိမ်မှုအနည်းငယ်ရှိကြောင်း အမည်မဖော်လိုသည့် အမှုထမ်းက 7Day Daily အား ပြောသည်။

‘‘ဖောင်ကတော့ ရိုးရိုးပါပဲ။ အပေါ်မှာ သက်ဆိုင်ရာဝန်ကြီးဌာန နာမည်ပါတယ်။ တံဆိပ်တုံးပါတယ်။ ပြီးရင် ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာဖြည့်ရတယ်။ ပြီးရင် မဲဘယ်မှာပေးမလဲဆိုတာ ဖြည့်ရတယ်။ အောက်မှာ လက်မှတ်ထိုးရတယ်။ ဖောင်က ရိုးရှင်းပေမယ့် ကိုယ့်လက်မှတ်တစ်ချက်က ရွေးကောက်ပွဲမှာ ဘယ်လိုသက်ရောက်မလဲ တွေး စိတ်ပူတာပါ။ လွတ်လပ်စွာ မဲပေးခွင့်ကို မထိခိုက်ဘူးဆိုရင်တော့ ပူစရာမလိုဘူးပေါ့’’ဟု ၎င်းက ပြောသည်။

အိမ်ထောင်စုစာရင်းနှင့် မဲပေးလိုသည့် မဲဆန္ဒနယ်ကိုသာ ဖြည့်ရသည်ဆိုသော်လည်း အိမ်ထောင်ဖက်နှင့် ၎င်း၏ မိသားစုဝင်များ၏ အမည်၊ လိပ်စာများကိုပါ ထည့်သွင်းဖြေကြားရကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အမှုထမ်းတစ်ဦးက ဆိုသည်။

‘‘အမျိုးသမီးနာမည်နှင့် မှတ်ပုံတင်ပါမေးတယ်။ ကျွန်တော်တို့က ဖောင်တော့မဖြည့်ရဘူး။ ဒီတိုင်း ပါးစပ်နဲ့ပဲ ပြောရတာပါ။ မဲ ပေး၊ မပေးဆိုတာလည်း ပါတယ်။ ဘာရယ်လို့တော့ မခန့်မှန်းတတ်ပါဘူး’’ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၅၁သန်းအနက် အစိုးရ၀န် ထမ်းပေါင်း ၁ ဒသမ ၄ သန်း ကျော် ရှိသည်။


Credit - 7DAY DAILY

No comments:

Post a Comment