Sunday, January 25, 2015

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ထူးခြားမှုမရှိသေးကြောင်း သိရ

ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေးဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်နေပြီး ထူးခြားမှုမရှိသေးကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ဇန်နဝါရီ ၂၄ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

“စစ်နေတုန်းပဲ ရှိပါသေးတယ်။ သံသယဖြစ်တဲ့သူတွေကို စစ်နေတာပါ။ ပြည့်ပြည့်စုံစုံ ပြောလို့မရသေးပါဘူး” ဟု အဆိုပါ အဆင့်မြင့်အရာရှိက ဆိုသည်။

ထို့အပြင် စစ်ဆေးမှုနှင့် ပတ်သက်ပြီး သံသယရှိသူများအနက် ဖမ်းဆီးထိန်းသိမ်းထားသူတစ်ဦးမျှ မရှိသေးကြောင်း သိရသည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အရပ်သား ၁ဝ ဦးနှင့် တပ်မတော်သား ၃ဝ ဦးကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်က တပ်မတော်သား လေးဦးနှင့် အရပ်သားအချို့၊ ဇန်နဝါရီ ၂၄ ရက်တွင် ဆရာမနှစ်ဦး နောက်ဆုံးသွားရောက်ခဲ့သော မွေးနေ့ပွဲနေအိမ်မှ တစ်ဦး၊ ဆရာမနှစ်ဦးနှင့်အတူ မွေးနေ့ပွဲမှ ပြန်လာသူအချို့၊ ဆရာနှစ်ဦး သတ်ဖြတ်ခံရသည့် ညသန်းခေါင်အချိန်တွင် အသံကြားသဖြင့် သွားရောက်ခဲ့သော မိသားစုမှ အိမ်ပိုင်ရှင်၏ သားတစ်ဦးတို့ကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဇန်နဝါရီ ၂၃ ရက်တွင် အမှုဖြစ်ပွားရာ ကောင်းခါကျေးရွာနှင့် သုံးမိုင်ကျော်ကွာဝေးသည့် နမ့်တောင်းကျေးရွာအုပ်စု အထက်ပိုင်းနှင့် မုံးပေါ်ဒေသတို့တွင် တိုက်ပွဲအချို့ဖြစ်ပွားနေကြောင်း၊ ကောင်းခါးကျေးရွာနှင့် နမ့်တောင်းကျေးရွာအုပ်စုကို ဆက်သွယ်ထားသော လမ်းနံဘေး၌ တပ်မတော်စစ်ကြောင်း ဆက်ရှိနေပြီး ကောင်းခါးကျေးရွာသို့ လူစိမ်းအဝင်မခံသည့် ပုံဖြစ်ကြောင်း ဒေသခံများက ပြောဆိုသော်လည်း ထိုကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ သီးခြားအတည်ပြုချက် မရရှိသေးပေ။

ထို့အပြင် ဆရာမနှစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီးချိန်၌ ကျန်ရှိခဲ့သော ဆံပင်များကို နမူနာယူ၍ စစ်ဆေးမှုပြုလုပ်ရန် လားရှိုးမြို့ဆေးရုံကြီး၊ ထိုမှတစ်ဆင့် ရန်ကုန်သို့ ပို့ဆောင်သည့် သတင်းများနှင့် ပတ်သက်၍လည်း အတည်ပြုပြောကြားသူ မရှိခဲ့ပေ။

“သိရသလောက်တော့ ဒီကိုရောက်မလာပါဘူး။ ဒီကမှုခင်းဆရာဝန်ကလည်း အဲဒီအမှုကို ကိုင်ထားတာမဟုတ်တော့ သူ့ဆီတော့ ရောက်မလာဘူး” ဟု လားရှိုးမြို့ဆေးရုံကြီးမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားသည်။

ထိုကိစ္စနှင့် ပတ်သက်၍ မူဆယ်ဆေးရုံအုပ်ကြီးထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင်ခဲ့ခြင်းမရှိဘဲ ဆေးရုံ၏ ကြိုးဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းရာ၌ ဖြေကြားခဲ့သူတစ်ဦးက ခွဲခန်းဝင်စရာရှိသည်ဟု ဆိုကာ ဖုန်းချသွားခဲ့သည်။

ကောင်းခါးကျေးရွာ ဒေသခံများ၏ ပြောကြားချက်အရ စစ်ဆေးမှုများ ပြုလုပ်ရာတွင် စစ်ဆေးခံရသူများ၏ ဆံပင်ကို နမူနာယူခဲ့ခြင်းများရှိကြောင်း သိရသည်။

ဆံပင်နမူနာယူ၍ စစ်ဆေးမှုများအပြင် အခြားသော ဆေးစစ်ချက် အခြေအနေများအတွက် မှတ်ချက်ပေးရန် မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိက ငြင်းဆိုခဲ့ပြီး ဆံပင်နမူနာများကို မည်သည့်နေရာသို့မျှ ပို့ထားခြင်း မရှိသေးကြောင်း သိရသည်ဟုသာ ဖြေကြားခဲ့သည်။

ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) ၏ တာဝန်ပေးစေလွှတ်ချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်တောင်းကျေးရွာအုပ်စု၊ ကောင်းခါရွာသို့ ရောက်ရှိနေသော အသက် ၂ဝ နှစ် အရွယ် ကချင်ခရစ်ယာန် သာသနာပြုလုပ်အားပေး ဆရာမနှစ်ဦးသည် ဇန်နဝါရီ ၁၉ ရက် ညပိုင်းက ဘုရားကျောင်းဝင်းအတွင်းရှိ ၎င်းတို့ နေထိုင်ရာအိမ်တွင် အဓမ္မပြုကျင့်သတ်ဖြတ် ခံခဲ့ရခြင်းဖြစ်သည်။


Credit - Eleven Media Group

No comments:

Post a Comment