နေပြည်တော် (မဇ္ဈိမ)။ ။ လာမည့်ဧပြီ ၁ ရက်ကစပြီး နိုင်ငံ့ဝန်ထမ်းများကို
ကျန်းမားရေး အခမဲ့ ဆေးကုသပေးနိုင်ရန် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၃၆ ဘီလီယံ
တောင်းခံထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
သန်းအောင်က ပြည်ထောင်စု လွှတ်တော်တွင် ရှင်းပြသည်။

(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
''ဝန်ထမ်းအင်အား ကိုးသိန်းကျော်အတွက် ပျမ်းမျှလေးသောင်းနှုန်းဖြင့် တွက်ချက်ခဲ့ခြင်းဖြစ်ပါတယ်'' ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအားလုံး၊ နိုင်ငံ့ဝန်ထမ်းအားလုံး၊ လွှတ်တော် အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ် အားလုံးအတွက် တောင်းခံခြင်း ဖြစ်သည်။
အခမဲ့ ဆေးကုသမှုပေးရာတွင် ဓာတ်ခွဲ စမ်းသပ်မှုအားလုံးကို အခမဲ့ဆောင်ရွက်ပေးခြင်း၊ ဆေးဝါးများအခမဲ့ ကုသပေးခြင်း၊ နာတာရှည်ဆေးဝါးများကို အခမဲ့ထုတ်ပေးခြင်း ခွဲစိတ်မှုအားလုံး အခမဲ့ကုသပေးခြင်းနှင့် အထူးခွဲစိတ်ကုသမှုများကိုပါ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
''အကျုံးမဝင်သော ကုသမှုများကိုလည်း သတ်မှတ်ထားပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်က ဆက်ပြောသည်။
နိုင်ငံ့ဝန်ထမ်းများ၏ သွားအတုစိုက် ခြင်းလုပ်ငန်းများ၊ မျက်မှန်တပ်ဆင်ခြင်း လုပ်ငန်းများ၊ အလှဆိုင်ရာ ခွဲစိတ်ကုသမှု လုပ်ငန်းများ၊ အစားအသောက် ခရီးစရိတ်များ၊ လူနာစောင့်စရိတ်များ၊ အထူးခန်းစရိတ်များကို ကျန်းမာရေးဝန်ကြီးဌာနက ကျခံပေးမည်မဟုတ်ဟု ဆိုသည်။
ဆောင်ရွက်ပေးမည့် ဆေးရုံများအဖြစ် ဗဟိုအဆင့်ဆေးရုံကြီး ၃ဝ ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဆေးရုံ ၃၇ ခု၊ ခရိုင်ဆေးရုံကြီး ၂၉ ခု၊ မြို့နယ်ဆေးရုံကြီး ၃၅၂ ခုနှင့် တိုက်နယ်ဆေးရုံ ၃၅၂ ခုတွင် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဒေါက်တာ သန်းအောင်က ပြောသည်။
Credit - Mizzima News
No comments:
Post a Comment