Monday, January 26, 2015

ကျောက်ဆည်တွင် ဗိုလ်ချုပ်ရုပ်ထုအတွက် နေရာမပေး၍ အစိုးရနှင့် ပူးပေါင်းလိုက်ရ

ရန်ကုန် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ကျောက်ဆည်မြို့တွင် ဗိုလ်ချုပ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ကြေးသွန်းရုပ်ထု နေရာအတွက် ခွင့်ပြုချက်မရ၍ အစိုးရဌာနများ ပါဝင်သည့် ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် ကြေးသွန်းရုပ်ထု ဖြစ်မြောက်ရေး ကော်မတီကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ရသည်ဟု ကျောက်ဆည်ခရိုင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုစောသီဟက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ မနေ့က ပန်ခြံ (ကျောက်ဆည်ပန်းခြံ) ထောင့်မှာပေးမယ်လို့ အတည်ပြုထားတာ စည်ပင်သာယာနဲ့ ခရိုင်မှူးက မသင့်တော်ဘူး ဆိုပြီး ပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါမယ်လို့ နောက်ဆုံး စာတင်လိုက်တာ။  အခုလို ပြန်အသစ်ဖွဲ့ဖြစ်သွားတယ်" ဟု ၎င်းကဆိုသည်။

ကော်မတီအသစ်တွင် မန္တလေးတိုင်း အစိုးရအဖွဲ့မှ သတ္တုနှင့် သစ်တောရေးရာဝန်ကြီး ဦးသန်းစိုးမြင့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မန္တလေးတိုင်း လွှတ်တော်အမတ် ဦးအောင်မြင့်သန်းက ဒု-ဥက္ကဋ္ဌ၊ ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အတွင်းရေးမှူး၊ ကျောက်ဆည်ခရိုင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ နာယက ဦးဝင်းမြင့်က အတွင်းရေးမှူး (၂) အဖြစ် တာဝန်ယူကာ တွဲဖက်အတွင်းရေးမှူး အဖြစ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးသံမဏိက တာဝန်ယူကာ ဇန်နဝါရီ ၂၅ ရက်တွင် ပြန်လည်ဖွဲ့စည်းလိုက်သည်။

ဗိုလ်ချုပ်ရုပ်ထုကို ကျောက်ဆည်မြို့ ပန်းခြံတွင် ထားရှိမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ ဖွင့်ပွဲပြုလုပ်ကာ ကျင်းပမည် ဖြစ်သည်။

ဖေဖော်ဝါရီ ၁၃ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲ ဗိုလ်ချုပ်ဇာတိ မကွေးတိုင်း နတ်မောက်မြို့အပြင် ရန်ကုန်၊ မန္တလေးအပါအဝင် ပြည်နယ်နှင့် တိုင်း အသီးသီးမှ မြို့ကြီးများ၌ စည်စည်ကားကား ကျင်းပမည် ဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment