ရန်ကုန် (မဇ္ဈိမ)။ ။ အလေးချိန် ကတ္တားများနှင့် အစိုဓာတ်တိုင်းတာရေး
ကိရိယာများကို မမှန်မကန် အသုံးချမှုကြောင့် တောင်သူနှင့် ကုန်သည်များ
နစ်နာမှုများဖြစ်ပေါ်နေကြောင်း စိုက်ပျိုးရေးပညာရှင်များနှင့်
ဆန်စပါးလုပ်ငန်းရှင်များက ပြောသည်။

ဧရာဝတီတိုင်းအတွင်း
ရိတ်သိမ်းပြီးစပါးများကို ခြွေလှေ့နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ -
မင်းမင်း၊ မဇ္ဈိမ) သုံးစွဲသူများအလိုကျ အလေးကတ္တားနှင့် အစိုဓာတ်တိုင်း
ကိရိယာများကို ရောင်းချသူများက ပြုလုပ်ပေးနေသောကြောင့် တောင်သူများ
နစ်နာမှုများရှိနေခြင်း ဖြစ်သည်။
ဇန်နဝါရီ ၂ဝ ရက်က မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ်၌ ပြုလုပ်ခဲ့သည့် သီးနှံအစိုဓာတ်တိုင်းတာ ရေးကိရိယာများနှင့် ၎င်းတို့ကို မှန်ကန်စွာအသုံးပြုခြင်း ဆိုင်ရာဆွေးနွေးပွဲတွင် ပြောကြားကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ဈေးကွက်အတွင်း လက်ရှိအချိန်၌ ဒစ်ဂျစ်တယ်ကတ္တား အမျိုးအစားပေါင်းများစွာကို ကျယ်ပြန့်စွာ ရောင်းချနေပြီး အချို့က ယင်းကတ္တားများကို လိုသလိုအတိုးအလျှော့ ပြုလုပ်အသုံးပြုနေကြခြင်း ဖြစ်သည်။ ထို့အပြင် ဒစ်ဂျစ်တယ်ကတ္တား ရောင်းချသူအချို့ကလည်း သုံးစွဲသူများအလိုကျ ဝန်ဆောင်မှုပေးပြီး ပစ္စည်း ရောင်းရရေးကိုသာ လုပ်ဆောင်နေကြသည်ဟု ဆိုသည်။
စိုက်ပျိုးရေးပညာရှင် ဒေါက်တာမျိုးအောင်ကျော်က ''ဒါဟာ တကယ်တမ်းကျတော့ လုပ်ငန်းရဲ့ကျင့်ဝတ်အရ မလုပ်သင့် မလုပ်ထိုက်တဲ့ လုံးဝကိုမလုပ်အပ်တဲ့ လုပ်ရပ်ဆိုတာကို ဒီလိုရောင်းချပေးသူတွေအနေနဲ့ သိကို သိရမှာဖြစ်ပါတယ်။ အခု ဆန်ကုန်သည်တွေက ဈေးကွက်ထဲမှာ ဘယ်ဒစ်ဂျစ် တယ်ကတ္တားက မှန်တယ်ဆို တာကို ပြောလို့မရလောက်အောင် ဖြစ်နေတယ်လို့ ဆိုပါတယ်''ဟု ပြောသည်။
လက်ရှိတွင် ထိုသို့ မမှန်မကန်အသုံးချ နိုင်ခြင်းမရှိစေရန် သက်ဆိုင်ရာဌာနများနှင့် ဥပဒေပိုင်းအရ မည်သို့ ထိန်းကျောင်း ပြုပြင်သွားမည်ကို ဆန်စပါးအသင်းချုပ်က ဆွေးနွေးလျက်ရှိသည်။
ထိုင်းနိုင်ငံတွင်လည်း ထိုသို့ ဆန်စပါး ရောင်းဝယ်ရေးလုပ်ငန်းများ၌ မမှန်မကန် ပြုလုပ်ကြခြင်းများကြောင့် လယ်သမားများ နစ်နာမှုမရှိစေရန် ထိုင်းအစိုးရက ဥပဒေစည်းကမ်းများ ချမှတ်ပြီး အစိုဓာတ်တိုင်း ကိရိယာ များကို လိုတိုးပိုလျှော့ လုပ်မထားနိုင်အောင် ထိန်းကျောင်းပေးထားကြောင်း ပညာရှင်များက ရှင်းပြသည်။
''ကျွန်တော်တို့ဆီမှာလည်း ဒေသအသီးသီးမှာ မမှန်ကန်တဲ့ တရုတ်ပြည်ကလာတဲ့ ထိုးတံတွေနဲ့ အစိုဓာတ် တိုင်းတာပြီး ကြိုက်သလို ဈေးဖြတ် ဝယ်ယူနေကြတာတွေကို ထိန်းကျောင်းပေးဖို့ လိုအပ်လာမှာပါ''ဟု ဒေါက်တာမျိုးအောင်ကျော်က ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ အလေးချိန်တိုင်းတာရေးစံနှုန်းနှင့် ပတ်သက်ပြီး မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသနဌာန၌ ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး သမာဓိစံယူနစ်ကို စံကိုက်ညီအောင် ပြုလုပ်သွားရန်စီစဉ် ဆောင်ရွက်နေသည်။
Credit - Mizzima News
No comments:
Post a Comment