Wednesday, April 1, 2015

နိုင်ငံရေးဆွေးနွေးပွဲကို ရွေးကောက်ပွဲမတိုင်မီ ကျင်းပနိုင်ရေး NBF တိုက်တွန်း

ရန်ကုန် (မဇ္ဈိမ) ။ ။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် စာချုပ်အပြီးသတ် လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာမူဘောင်နှင့် အညီ ပမာဏ နိုင်ငံရေးဆွေးနွေးပွဲကို ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ကျင်းပနိုင်ရေး ပူပေါင်းဆောင်ရွက်သင့်ကြောင်း ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း(NBF ) က ဧပြီ ၁ ရက် တွင် သဘောထားထုတ်ပြန်ချက်ထုတ်၍ တိုက်တွန်းလိုက် သည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းမှ ဒါရိုက်တာ မချင်းချင်းက “ အခုကရွေးကောက်ပွဲ အရမ်းနီးလာပြီလေ။ ဒီမတိုင်ခင်တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို စဖို့လိုပါတယ်။
ဒါစလုပ်ဖို့ကလည်း မူဘောင်တွေကလိုသေးတော့ မူဘောင်ေတွအဆင်သင့်ဖြစ်ဖို့ အမြန်ဆုံးအကောင် အထည်ဖော်စေချင်ပါတယ်”ဟုဆိုသည်။

ယင်းသဘောထားထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် စာချုပ်မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်ရေးအဖွဲ့ (NCCT)တို့ မတ်၃၁ရက်တွင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခြင်းကို NBF က ကြိုဆိုသည်ဟု ဖော်ပြထားသည်။

ယင်းအပြင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် နိုင်ရန်အတွက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် အမြန်ဆုံးချမှတ်၍ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပကာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်သည့် NCA (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်စာချုပ်)ကို အမြန်ဆုံးလက်မှတ်ရေးထိုး သင့်သည်ဟုလည်း တိုက်တွန်းထားသည်။

အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလအတွင်း ပြုလုပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
NBF အဖွဲ့ဝင်ပါတီများမှာ ရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းအမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ အရှိုချင်းအမျိုးသား ပါတီ၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီ၊ ‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့ဖြစ်ကြသည်။


Credit - Mizzima News

No comments:

Post a Comment