Saturday, April 4, 2015

ရွေးကောက်ပွဲ တရားမျှတရေးအတွက် နေပြည်တော် ရဲတပ်ဖွဲ့ ၏ ၅၀ ရာနှုန်းထိ သုံးစွဲမည်ဟု နေပြည်တော်တိုင်း ရဲမှူးကြီး ပြော

နေပြည်တော် (မဇ္ဈိမ)။ ။ ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရေးအတွက် နေပြည်တော်တိုင်း ရဲတပ်ဖွဲ့သည် တပ်ဖွဲ့ ဖွဲ့စည်းပုံ၏ ၅၀ ရာနှုန်းကို အသုံးပြုကာ နေပြည်တော် ရှစ်မြို့နယ်ရှိ ကျေးရွာ အုပ်စုများအထိ အင်အားဖြန့်ကြက် ဆောင်ရွက်သွားမည်ဟု ဒုတိယတပ်ဖွဲ့ မှူး ရဲမှူးကြီး ဇော်ခင်အောင်က ယနေ့ နံနက် တိုင်းတပ်ဖွဲ့ ရုံးခန်း၌ မီဒီယာကို ပြောသည်။

“လာမယ့် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲ့ မှန်ကန်တဲ့ ရပ်တည်ချက်ကို ပြနိုင်ဖို့  စခန်းတွေ အားလုံးက ရဲတပ်ဖွဲ့ဝင်တွေကို ခေါ်ထား ပါတယ်၊ ရွေးကောက်ပွဲမှာ ရဲတွေ ကြုံရနိုင်တဲ့
စိန်ခေါ်မှုတွေ ဖော်ထုတ်ထားပြီး ရဲအရေးပိုင်တဲ့ ရွေးကောက်ပွဲ မှုခင်းမှန်သမျှမှာ ဘက်လိုက်မှု မရှိရအောင် ဘယ်လောက်အထိ တည့်တည့် မတ်မတ် ဆောင်ရွက်တယ်ဆိုတာကို သက်သေပြရမှာ ဖြစ်တယ်။ ဒါကြောင့် ရှိရင်း ဖွဲ့ စည်းပုံအင်အားရဲ့  ၅၀ ရာခိုင်နှုန်းအထိ အသုံးပြုသွားမယ်။ ရဲတပ်ဖွဲ့ က နိုင်နိုင်နင်းနင်း လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ရဲမှူးကြီးက ပြောသည်။

နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ တွင် ယနေ့ ပြုလုပ်သော မဟာသင်္ကြန် အကြိုကာလနှင့် သင်္ကြန်ရက်များ အတွင်း မှုခင်း လျော့နည်းကျဆင်းရေး၊ လိင်စိတ်နိုးကြွစေသော ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှု မရှိစေရေး အသိပညာပေးသည့် အခမ်းအနားတွင် ရဲမှူးကြီးက မီဒီယာကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မဲရုံရဲ့ ကိုက်ငါးရာအတွင်း မဲဆွယ်စည်းရုံးမှုတွေ ရှိလာရင် တစ်ဘက်ပါတီက ပြောလာမှ အရေးယူ တာမျိုးပါ။ ကိုယ်ကစပြီး သွားအရေးယူစရာ မလိုပါဘူး။ တိုင်လာရင် အမှုဖွင့်ပြီး တရားရုံးကိုတင်၊ တရားရုံးကပဲ ဆုံးဖြတ်ရတာပါ။ ရဲတပ်ဖွဲ့ ဝင်တွေအနေနဲ့ မမျှော်လင့်တဲ့ အမှားမျိုး မရှိအောင် အောက်ခြေအဆင့်အထိ ထိန်းသိမ်းဖို့ လိုပါတယ။ ရွေးကောက်ပွဲကို တရားမျှတအောင် ဆောင်ရွက်နိုင်တာနဲ အမျှ နိုင်ငံရဲ့ Image ရော လူမှုစီးပွားဟာ မြင့်တက်လာမှာ ဖြစ်ပါတယ်”

ရဲတပ်ဖွဲ့ ဝင်တို့ ရပ်တည်ချက် မှန်ကန်တည့်မတ်စေရန် ဥရောပသမဂ္ဂနှင့် အမေရိကန် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟုလည်း ၎င်းက ရှင်းပြသည်။

“၂၀၁၀ ရွေးကောက်ပွဲက နဝတ အစိုးရက ကျင်းပတာ၊ ၂၀၁၂ ကျတော့ အစိုးရသစ်က ကျင်းပတာ ဆိုပေမယ့် ရဲတပ်ဖွဲ့ ဝင်တွေအတွက် ပထမဆုံး အတွေ့အကြုံ၊ အခု ၂၀၁၅ ရွေးကောက်ပွဲကိုတော့ ရဲတပ်ဖွဲ့က ဦးစီးကျင်းပရမှာ ဖြစ်လို့  နှစ်နှစ်လောက် ကြိုပြီးပြင်ဆင်ထားပါတယ။ သင်တန်းတွေလည်း ပို့ချထားပါတယ်။ ရွေးကောက်ပွဲ လုံခြုံရေးကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့  ဆိုရင် ၇၀ ရာခိုနှုန်း လေ့ကျင့်ပေးပြီးပါပြီ” ဟုလည်း ရဲမှူးကြီးက ရှင်းပြသည်။
ယခုကဲ့သို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အရ ယခင်မျှော်လင့်မထားသည့် တိုင်းရင်းသား ဒေသများအထိ ရွေးကောက်ပွဲကို တိုးချဲ့ ကျင်းပနိုင်ရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။

ထို့အပြင် ယခုနှစ် နေပြည်တော် မဟာသင်္ကြန်၏ လုံခြုံရေးအတွက် ယမန်နှစ်ကထက် တပ်ဖွဲ့  အင်အား တိုးမြှင့်ချထားကြောင်း ရဲမှူးကြီးက ပြောသော်လည်း အင်အား အရေအတွက်ကိုမူ လုံခြုံရေး ကန့်သတ်ချက်အရ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။


Credit - Mizzima News

No comments:

Post a Comment