Saturday, April 4, 2015

၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲထည့်မှာလဲ

– ထက်မြက်

နွား ၂ ကောင်ဆွဲသော နွားလှည်းကြီးပေါ်၌ ခမောက်ဆောင်းကာ တိုက်ပုံအင်္ကျီ ၀တ်ထားသော ယောက်ျား၊ သူ့နောက်မှ မိန်းမ၊ နောက်သားလေး တစ်ယောက်ပါသည် . . . ခမောက်ဆောင်းထားသောသူက နွားလှည်းကြိုးကိုကိုင်ပြီး နှင်တံပါကိုင်ထားသည် . . . ထို ၃ ယောက်ပေါ်တွင် တိုင်းသူပြည်သားဟု ရေးထားပြီး နွား ၂ ကောင်ကို အစိုးရဟု ရေးထားလေ သည် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ မဲဆန္ဒရှင်များက ပြည်ခိုင်ဖြိုးပါတီကို တစ်ခဲနက် မဲထည့်လိုက်သည်ဖြစ်စေ၊ မဲမထည့် သည် ဖြစ်စေ ၂၀၁၀ ပါတီရွေးကောက်ပွဲမှာမူ လူထုဆန္ဒနှင့် ရွေးကောက်လိုက်သော လူထုကိုယ်စား လှယ်များက လူထု၏ အကျိုးကို ဆောင်ကြဉ်းပေးဖို့ အစိုးရအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးလိုက်သည် ဆိုခြင်းမှာ ဥပဒေအရ၊ သတ်မှတ်ချက် အရ အားလုံး အသိအမှတ် ပြုခဲ့ကြရပါတော့သည်။ မည်သို့ပင်ဖြစ်စေ ယနေ့ ၄ နှစ်ကျော် သည်အထိ မြန်မာနိုင်ငံ ကိုအုပ်ချုပ်နေသော သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့မှာ စစ်အစိုးရ မဟုတ်တော့ဘဲ လူထုက ရွေးချယ် လိုက်သည့် အရပ်သား အစိုးရဖြစ်သည်ကို လက်ခံပြီး အစစအရာရာကို သုံးသပ် ကြည့်ရေ ပတော့မည်။ တစ်နည်း ပြောရလျှင် ယနေ့မြန်မာအစိုးရသည် အာဏာသိမ်း အုပ်ချုပ်နေသော စစ်အစိုးရ မဟုတ်သော လူထုကဆန္ဒမဲပေး တင်မြှောက်ထားသည့် အရပ်သားအစိုးရ ဆိုပါစို့။

သမ္မတဦးသိန်းစိန်ကို ယခုအခါ၌ ပြည်သူလူထုက တစ်လလျှင် သိန်း ၅၀ လခပေးပြီး ပြည်သူကို ကာကွယ်ဖို့၊ ပြည်သူများတွင် အလုပ်လက်မဲ့ မရှိစေဖို့၊ လျှပ်စစ်မီးမှန်မှန်ရဖို့၊ ပြည်သူကို ဒုက္ခပေးမည့်သူခိုး၊ ဓားပြ၊ လူရမ်းကားများ၏ အန္တရာယ်မှ ကာကွယ်ပေးဖို့ တာဝန်ပေး ခိုင်းစေထားသော သမ္မတဖြစ်လေသည်။ သူ့ကို ထိုက်သင့်သော ၀န်ကြီးများရွေးချယ်စေပြီး ““ကျုပ်တို့အတွက် အလုပ်လုပ်ပေးပါ။ ထိုဝန်ကြီးများကိုလည်း ကျုပ်တို့ပြည်သူတွေက လခပေးပါ့မယ်””ဟု ပြည်သူက ခန့်ထားသော ၀န်ကြီးများ ဖြစ်သည်ကို သမ္မတ ဦးသိန်းစိန် သဘောပေါက်ဖို့ လိုသလို ပြည်သူကလည်း အကြွင်းမဲ့ ယုံကြည်သဘောပေါက်ဖို့ လိုအပ်ပါသည်။ ထိုသို့ပြည်သူက ခန့်အပ်သော အစိုးရကို Public Servant (ပြည့်စေခံ)ဟု ခေါ်လေသည်။ ထိုသည်နှင့် ပတ်သက်ပြီး ဆရာကြီး သခင်ဘသောင်းက ဤကဲ့သို့ ရေးထားခဲ့ပါသည်။

● ““အုပ်ချုပ်မှု ပြည့်စေခံရွေးခြင်း””

ဥပဒေပြုမည့် ကိုယ်စားလှယ်များကို ရွေးပြီးနောက် နိုင်ငံကို ကိုယ်ထိလက်ရောက် စောင့်ထိန်းဖို့ (၀ါ)အုပ်ချုပ် ဖို့ ပြည့်စေခံများကို ခန့်ရသည်။ အချို့ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံကို စောင့်ထိန်းဖို့အတွက် သမ္မတခေါ် ပြည့်စေခံချုပ် တစ်ယောက်နှင့် လက်ထောက် ပြည့်စေခံချုပ် တစ်ယောက်ကို နိုင်ငံသားတို့က တိုက်ရိုက် မဲပေးပြီး ခန့်ထားသည်။ အချို့ကရေစီနိုင်ငံတွင် ပြည်သူ့ကိုယ်စားလှယ် (ဥပဒေပြု)အဖွဲ့ဝင်များအား သူတို့ဟာ သူတို့ကြိုက်ရာ ပြည့်စေခံ ချုပ်နှင့် အဖော်တစ်စုကို ခန့်နိုင်ဖို့ အာဏာကို မူလ ရွေးကောက်စဉ် ကတည်းက လွှဲအပ် ပေးထားသည်။

● တိုင်းသူပြည်သားတို့ကသာ အာဏာကို ပိုင်သည်

မည်သို့ပင် ပြည့်စေခံကို ရွေးကောက်သည်ဖြစ်စေ အချုပ်အခြာ အာဏာကို ပိုင်သူများမှာ သူလိုကိုယ် လိုနိုင်ငံသူ နိုင်ငံသားများသာဖြစ် သည်။ ပြည့်စေခံချုပ်နှင့် တကွ ပြည့်စေခံအဖွဲ့(၀ါ) ၀န်ကြီးအဖွဲ့သည် အာဏာရှင်များ မဟုတ်။ နိုင်ငံသူ နိုင်ငံသားတို့၏ အစေခံများသာဖြစ်သည်။ ဒီမိုကရေစီ မဟုတ်သော နိုင်ငံ(၀ါ) ဒီမိုကရေစီ မစစ်သော နိုင်ငံများတွင် ပြည့်စေခံတို့က မိမိကိုယ်ကိုယ် မိမိတို့ အာဏာရှင်များကဲ့သို့ သဘောထား တတ်ကြသည်။ နိုင်ငံသူ နိုင်ငံသား တို့ကလည်း မသိနားမလည်ခြင်းကြောင့် ပြည့်စေခံတို့ကိုပင် အာဏာရှင်များ၊ မင်းများဟု ထင်နေတတ်ကြသည်။ ထို့ကြောင့် နိုင်ငံတစ်ခုခုတွင် ဒီမိုကရေစီ ရှိသည် မရှိသည်ကို သိလိုလျှင် နိုင်ငံ စောင့်ထိန်းမှုအဖွဲ့ (၀ါ) အစိုးရအဖွဲ့ (၀ါ) ၀န်ကြီးများအဖွဲ့သည် ပြည့်စေခံ ကျင့်မကျင့်ကို ကြည့်ရာသည်”” ဟု ရေးထားသဖြင့် ယနေ့မြန်မာအစိုးရသည် ပြည်သူလူထု ခိုင်းရာလုပ်သော ပြည့်စေခံ (Public Servant) ဟုတ်မဟုတ်ကို ပြည်သူလူထုက ချိန်ထိုးကြည့်၍ ရပါသည်။ ပြည်သူလူထု ရွေးချယ်လိုက်သော လွှတ်တော် အမတ်များကို ပြည်သူလူထုက တာဝန် ၃ ရပ် ပေးအပ်လေသည်။

ထိုတာဝန်များမှာ အုပ်ချုပ်ရေး အာဏာကို ကိုင်စွဲဖို့၊ ဥပဒေပြုရေး အာဏာကို ဆောင်ရွက်ဖို့၊ တရားစီရင်ရေး အာဏာကို အကောင်အထည်ဖော်ဖို့စသည့် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများအတိုင်း ရွေးချယ်ကာ တာဝန်ပေး လိုက်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲမှ ရွေးချယ်ပေးလိုက်သော အမတ်များသည် တိုင်းသူပြည်သား များကို အကာအကွယ်ပေးသည့် ဥပဒေများ ရေးဆွဲရလေသည်။ ထိုဥပဒေများအား ထိန်းသိမ်းပြီး တရားစီရင်ရေး အတွက် တရားသူကြီးများကို ရွေးချယ်ရလေသည်။ ထိုတရားသူကြီးများက အကျင့်ပျက် လူရမ်းကားများကို တရားဥပဒေအတိုင်း အရေးယူ ပေးရသည်။ ထိုအခါ ကျွန်တော်တို့ကို အန္တရာယ်ပေးမည့် လူများရန်မှ ကာကွယ်ရန် ရဲတပ်ဖွဲ့ကိုလည်း ခန့်ထား၏။ ရဲတပ်ဖွဲ့မှာ ကျွန်တော်တို့ ပြည်သူများ၏ အလုပ်သမားများဖြစ် သည်။ ပြည်သူက လစာပေးထားကာ သူတို့သည် ရန်သူမျိုး ၅ ပါးရန်မှ ပြည်သူကို အကာအကွယ် ပေးရမည့် သူများဖြစ်၏။ ထို့ပြင် ပြည်သူကို ဒုက္ခပေးမည့် လူမိုက်လူရမ်းကားများကို ဖမ်းဆီးကာ ထားရှိမည့် ထောင်ကို ထားရှိကြသည်။ ထိုထောင်ထဲ ရှိရမည့်သူများတွင် ကျောင်းသားများ မပါ။ နိုင်ငံရေးသမားများမပါပေ။ လွှတ်တော်ထဲရှိ ကိုယ်စားလှယ်များ မှာလည်း ပြည်သူက ရွေးချယ်ထားသော သူများဖြစ်သဖြင့် လွှတ်တော်တွင် ဘယ်သူ အိပ်ငိုက်နေသလဲ။ ဘယ်သူက မတရားသည့် ဥပဒေများ တင်သွင်းနေသလဲကို ကြည့်ကာလိုအပ်လျှင် ထိုအမတ်ကို ထုတ်ပယ်ခွင့် ရှိပါသည်။ ထိုအမတ်များကို ပြည်သူက လစာ ၁၀ သိန်းပေးကာ ရွေးချယ်ခန့် အပ်ထားခြင်းလည်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ ခန့်လိုက်သော သမ္မတနှင့် အစိုးရအဖွဲ့ကို ဆရာကြီးသခင်ဘသောင်းက ယခုလို သတ်မှတ်ထားခြင်း ဖြစ်ပါသည်။

““အချုပ်တွင် ဒီမိုကရေစီဝါဒအရဆိုလျှင် အစိုးရ (၀ါ) နိုင်ငံတော်ထိန်းမှု အဖွဲ့သည် နိုင်ငံသူ နိုင်ငံသားတို့၏ အစေခံအဖွဲ့ (၀ါ) ပြည့်စေခံ အဖွဲ့သာဖြစ်ပြီးလျှင် နိုင်ငံသူ နိုင်ငံသားတို့မှာ အရှင်သခင်များ ဖြစ်ကြသည်။ ဤကား တိတိကျကျ မှန်ကန်သော စကားပေတည်း။

ဒီမိုကရေစီနိုင်ငံက ပြည့်စေခံချုပ်ကို သမ္မတဟုခေါ်သည်။ အဓိပ္ပာယ်မှာ ကမ္ဘာဦးသူတို့မဲဖြင့် တင်မြှောက် ကြသော (၀ါ) သမုတိကြသော (၀ါ) သမုတ်ကြသော သဘောပင်ဖြစ်သည်။ သမ္မတကို အင်္ဂလိပ်ကို “ပြီစင်ဒင်” (President) ဟုခေါ်သည်။ အဓိပ္ပာယ်မှာ ဥက္ကဋ္ဌဖြစ်သည်။ အသင်းဥက္ကဋ္ဌနှင့် အဓိပ္ပာယ်ရော၊ စကားလုံးရော အတူတူပင်ဖြစ်သည်။

ဒီမိုကရေစီနိုင်ငံက သမ္မတတို့သည် မိမိတို့ကိုယ်ကိုယ် မိမိတို့ ရှင်ဘုရင်ကဲ့သို့၊ အာဏာရှင်ကဲ့သို့ မမှတ်ကြ။ ပြည့်စေခံချုပ်ဟူ၍သာ ဟုတ်မှန်သည့်အတိုင်း မှတ်ကြသည်။ ဒီမိုကရေစီနိုင်ငံက သမ္မတများသည် သူတို့ကိုယ် သူတို့ ပြည့်စေခံဟု မှတ်ယူရသည်ကို အင်မတိအင်မတန် ဂုဏ်ယူကြသည်။ ပြည့်စေခံလုပ်ရသည့် အရသာကို လည်း များစွာ နှစ်ခြိုက်ကြသည်။ ထို့ကြောင့် သူတို့ကို နိုင်ငံသူနိုင်ငံသားတို့က ရန်သူမျိုးငါးပါး အပါအ၀င်ဟု မမှတ်ကြဘဲ ချစ်ခင်ကြည်ညိုကြသည်။

● ရွေးကောက်ပွဲသည် အရေးအကြီးဆုံးအလုပ်

ဒီမိုကရေစီ နိုင်ငံများတွင် နိုင်ငံသူနိုင်ငံသားတို့သည် မိမိတို့၏ လူ့ဘ၀၊ လူ့ကတိ၊ လူ့အဖြစ်ကို မိမိတို့ အသက်ပမာ တန်ဖိုးထားကြ၊ မြတ်နိုးကြသည်။ ထိုနည်းတူ မိမိတို့အာဏာကို လွှဲပေးပွဲဖြစ်သော သမ္မတရွေးပွဲ၊ ပြည်သူ့ ကိုယ်စားလှယ် ရွေးပွဲများကိုလည်း အရေးအကြီးဆုံး အလုပ်ဖြစ်သည်ဟု ယူဆကြသည်။ မိမိတို့၏ မဲကိုလည်း မိမိတို့ပေးလိုသူကိုသာ လွတ်လပ်စွာပေး၍ အဂတိလေးပါးလိုက်စား၍ မဲပေးခြင်းကို မိမိတို့ဘ၀ကို မိမိတို့ ရောင်းစားသော အလုပ်ကဲ့သို့ စက်ဆုပ်ရွံရှာကြသည်””ဟု သူ၏ “ဒီမိုကရေစီဆိုတာ”ဆိုသော စာအုပ်ထဲ တွင် ပွင့်ပွင့်လင်းလင်း ၊ မှန်မှန်ကန်ကန် အချက်နှင့်အလက်နှင့် ရေးထားခြင်းဖြစ်၏။ သရုပ်ဖော်ပုံကိုလည်း ဆွဲထား၏။ ထိုပုံထဲတွင် နွား ၂ ကောင်ဆွဲသော နွားလှည်းကြီးပေါ်၌ ခမောက်ဆောင်းကာ တိုက်ပုံအင်္ကျီ ၀တ်ထားသော ယောက်ျား၊ သူ့နောက်မှ မိန်းမ၊ နောက်သားလေး တစ်ယောက်ပါသည်။ ခမောက်ဆောင်း ထားသော သူက နွားလှည်းကြိုးကို ကိုင်ပြီး နှင်တံပါကိုင်ထားသည်။ ထို ၃ ယောက်ပေါ်တွင် တိုင်းသူပြည်သား ဟု ရေးထားပြီး နွား ၂ ကောင်ကို အစိုးရဟု ရေးထားလေသည်။ ဒီမိုကရေစီ အစိုးရဆိုသည်မှာ ဆရာကြီး သခင်ဘသောင်း ရေးထားသည့် အတိုင်းပင် ဖြစ်ပါသည်။ ပြည်သူက မိမိတို့၏ လိုအပ်ချက် မှန်သမျှကို အစိုးရ အဖွဲ့ထံ တင်ပြတောင်းဆိုပြီး အစိုးရကို ခိုင်းစေရပေမည်။

ယခုမူ ကျွန်တော်တို့ တစ်လလျှင် သိန်း ၅၀ လခပေးပြီး ကျွန်တော်တို့ကို ကာကွယ် စောင့်ရှောက်ရန်၊ ကျွန်တော်တို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများ တိုးတက်အောင် လုပ်ရမည့် သမ္မတဦးသိန်းစိန်ကို ကျွန်တော်တို့ မထောက်ခံနိုင်တော့ပေ။ နောက်ထပ် ၅ နှစ် ဆက်ပြီး အစိုးရအဖွဲ့တွင် တာဝန်ယူပါဟု ကျွန်တော်က အစိုးရအဖွဲ့တွင် မခိုင်းနိုင်တော့ပေ။ သူသည် လက်ပံတန်းမြို့တွင် ဒီမိုကရေစီ ပညာရေးအတွက် အေးအေး ချမ်းချမ်း၊ မှန်မှန်ကန်ကန် ဆန္ဒပြနေသော ကျောင်းသူကျောင်းသားများကို အကြမ်းဖက်ရိုက်နှက် ဖမ်းဆီး သွားသောကြောင့် ဖြစ်ပါသည်။ သူကသူ့လက်အောက် ရဲတပ်ဖွဲ့ကို ခိုင်းစေခဲ့သည်။ ထိုရဲတပ်ဖွဲ့မှာ လည်း ကျွန်တော်တို့ လခပေးထားသော ပြည့်စေခံများ ဖြစ်၏။ ထိုရဲများကိုလည်း အရေးယူဖို့၊ ရက်စက် သူများကို အလုပ်မှ ထုတ်ပယ်ပစ်ဖို့၊ တချို့ကို နယ်ပြောင်းပစ်ဖို့ သမ္မတအား ကျွန်တော်တို့က ထပ်၍ အကြောင်းကြားရ ပေဦးမည်။

မကြာခင်လပိုင်းအတွင်း၌ ဒုတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပေတော့မည်။ ကျွန်တော်တို့က အာဏာပေးထားသော အစိုးရအဖွဲ့၊ တိုင်းပြည် ကာကွယ်ရေးအတွက် ကျွန်တော်တို့က ခန့်ထားသော စစ်တပ်၊ စစ်တပ်ဦးစီးချုပ်တို့ ၅ နှစ်ကာလအတွင်း သူတို့ လုပ်ရပ်များမှန်မမှန်၊ ပြည်သူပေးသော လစာနှင့်သူတို့ လုပ်ရပ်ကိုက်မကိုက်ကို ကြည့်ပြီး ဆက်ခန့်သင့်သူကိုခန့်ကာ မခန့်သင့်သော သူများကို တာဝန်မှ အနားပေး ရပေမည်။ သူတို့သည် ပြည်သူအထက်တွင် မရှိစေရ။ ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှ တအောင် ကျင်းပပေးရပေမည်။ ထိုသို့ မဟုတ်ဘဲ မဲလိမ်ခြင်း၊ မသိနားမလည်သူများကို သေနတ်ဖြင့်ချိန်ကာ မဲအတင်းထည့်ခိုင်းခြင်း၊ ကြိုတင်မဲစသည်များဖြင့် မတရား အနိုင်ကျင့် မဲထည့်ခိုင်းသော် ထိုရွေးကောက်ပွဲ ကို ပြည်သူက အသိအမှတ်ပြုစရာ မလိုတော့ပေ။ လူမိုက်များငှား၍ ကျောင်းသားများကို ရိုက်ခိုင်းသော၊ ဖမ်းခိုင်းသော သမ္မတဦးသိန်းစိန် အစိုးရ၊ အေးအေးချမ်းချမ်း ဆန္ဒပြနေသော ကျောင်းသား များကို အကြမ်းဖက်ရိုက်နှက်သော ထိုအစိုးရကို လာမည့်ရွေးကောက်ပွဲတွင် ကျွန်တော်ကတော့ မဲမထည့်မှာ သေချာနေ ပါတော့သည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 

No comments:

Post a Comment