ကွယ်လွန်သူ ပြည်သူ့စာရေးဆရာကြီး ဗန်းမော်တင်အောင်က နှိုင်းရဓမ္မတရား စာအုပ်ကို ရေးခဲ့ဖူးသည်။ နှိုင်းယှဉ်လို့ရသည်၊ နှိုင်းယှဉ်ဖို့လိုအပ်သည်ဆိုသည်မှာ နေဗဟိုပြု အဖွဲ့အစည်းတစ်ခုအတွက် အသက်တမျှ အရေးကြီးသော အခြေခံသဘောတရား တစ်ရပ်ဖြစ်သည်။
ဤအခြေခံသဘောတရားအပေါ်မူတည်ကာ ကမ္ဘာကြီးသည် ဆက်လက်ရှင်သန် ရပ်တည်နေနိုင်ခြင်း ဖြစ်သည်။ နှိုင်းယှဉ်ဖို့ လိုအပ်သည်ဟု ဆိုလိုက်သဖြင့် ဤ စကြာဝဠာတွင် တစ်ခုထက်မကသော အခြား အခြားသော အရာများသည်လည်း တည်ရှိနေကြသည် ဟူသည့် အဓိပ္ပာယ်ကို ဝန်ခံပြီးသားဖြစ်သည်။
ခြုံငုံပြီးပြောရမည်ဆိုလျှင် မိမိတို့သည် ထိုအခြေခံသဘောတရား အပေါ်ရပ်တည်ကာ မိမိတို့ ကြာရှည်စွာ ရပ်တည်နေနိုင်ခြင်းသည် ဗဟုအနေအထား ဗဟုအခြေခံဖြင့် ရပ်တည်နေသောကြောင့်သာ ဖြစ်သည်ဟု အခိုင်အမာ ဆိုနိုင်ပါသည်။ သို့သော် သည်နှစ်ပိုင်းများအတွင်း မိမိတို့တိုင်းပြည်တွင် ဗဟုဝါဒ သဘောကို ဆန့်ကျင်သည့် ဧကဝါဒ အယူအဆများ ခေါင်းထောင်ထလာနေသည်ကို တွေ့နေကြရပါသည်။
အထက်က ပြောဆိုခဲ့သည့်အတိုင်း အတူယှဉ်တွဲနေထိုင်မှသာ ကြာရှည်သဖြင့် တည်ငြိမ်ရပ်တည်နေလို့ ရသည်ဆိုသည့် အခြေခံသဘောတရားကို ဆန့်ကျင်ကာ နှစ်ခုအနက် တစ်ခုသာ ကျန်ရှိရမည်၊ တစ်ခုရှိလျှင် ပြီးသည်၊ တစ်ခု သို့မဟုတ် ဧကသည် ငြိမ်းချမ်းသည်ဟူသည့် ဧကဝါဒ အယူအဆ ခေါင်းထောင် ထလာနေသည်မှာ များစွာစိုးရိမ်ဖွယ် ဖြစ်သည်။
အတိအလင်းပြောရလျှင် ထို နှစ်ခုအနက် တစ်ခုတည်းသာ မှန်သည်၊ တစ်ခုသာရပ်တည်မည်၊ နောက်တစ်ခုကို ဖျက်ဆီးပစ်ရမည်ဟူသော အယူအဆမှာ အမှန်တကယ်တော့ မိမိကိုယ်ကိုယ် ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဧကဝါဒသည် အန္တရာယ် အကြီးဆုံး အယူအဆပင်ဖြစ်သည်။
ဟေတုပစ္စယော သဘောအရ ဘယ်အရာမဆို ဆက်စပ်မှု ရှိနေသည်။ တစ်ခုထက်မက အများအပြားရှိနေ၊ ဖြစ်နေ တည်တန့်နေခြင်း ကြောင့်ပင်လျှင် တစ်ခုနှင့်တစ်ခု ဆက်စပ်တည်ရှိဖို့ လိုအပ်လာခဲ့သည်။ နောက်ဆုံး တစ်ခုမရှိလျှင် အခြားတစ်ခုလည်း မရှိနိုင်ဟူသည်အထိ ဆက်စပ်နေမိကြရသည်။ ဥပမာ ထင်သာမြင်သာသည့် အဖြစ်အပျက် တစ်ခုကို ပြပါဆိုလျှင် မိမိတို့သည် သစ်ပင်များကို လိုအပ်သည်ထက် ပိုမိုပြီး ခုတ်ထွင်ပစ်လိုက်ခြင်းကြောင့် သစ်ပင်များနှင့် ဆက်စပ်ရပ်တည်နေသော ရာသီဥတုကို ဖျက်ဆီးပစ်သလို ဖြစ်ကြရသည်။
ထိုအခါ အခြား ဆက်စပ်နေသော သဘာဝ ဖြစ်တည်မှုများသည်လည်း ဆက်စပ်နေသည့်အတွက် ပျက်စီးကိန်းကြုံရသည်။ ယုတ်စွအဆုံး သစ်ပင်ခုတ်သူ လူသားများသည်လည်း သစ်ပင်များ မရှိသည့်နောက်ဆုံး ပျက်စီးခြင်းကိန်း ဆိုက်ရမည်မှာ မြေကြီးလက်ခတ် မလွဲချေ။ ဆိုလိုသည်မှာ မိမိတို့သည် တစ်ခုမရှိလျှင် ကျန်တစ်ခုလည်း မရှိနိုင်တော့ချေ ဟူသည့် အင်မတန် ခိုင်မာပြီး အခြေခံအကျဆုံး အယူအဆ တစ်ခုဖြစ်သည့် ဗဟုဝါဒကို ပစ်ပယ်လိုက်ကြသောကြောင့် ဖြစ်သည်။
နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးနှင့် စီးပွားရေး နယ်ပယ်တွင်လည်း သည်အတိုင်းပင် ဖြစ်သည်။ ရောင်းသူနှင့် ဝယ်သူ၊ အစိုးရနှင့် အတိုက်အခံ၊ ဘာသာအယူဝါဒ အမျိုးမျိုး၊ ရပ်ရေးရွာရေးကိစ္စ၊ မည်သူမဆို တစ်ဖက်သပ်တည်း ကျန်ရှိအောင်လုပ်လို့မရချေ။ ရောင်းသူချည်းပဲ ကျန်အောင်လုပ်ခြင်း၊
အတိုက်အခံကို အပြုတ်တိုက်ကာ အစိုးရချည်းပဲ ရှိနေစေခြင်း၊ ဘာသာတစ်ခုတည်းပဲ လွန်ကဲစွာ ခွင့်ပြုပြီး အခြားဘာသာများကို ဖျက်ဆီးခြင်း၊ ရွာလွန်ရွက်တိုက်ခြင်း အစရှိသော အပြုအမူ အယူအဆများမှာ တကယ်တော့ မှားယွင်းသော အယူအဆများပင် ဖြစ်သည်။
မိမိကိုယ်တိုင်သည်လည်း ပျက်စီးခြင်းကို မလွဲမသွေ ရောက်ရှိစေမည့်အပြင် ရပ်ကွက် ကျေးရွာတစ်ခု တိုင်းပြည်တစ်ခု ကမ္ဘာတစ်ခု ပျက်စီးကိန်း ဆိုက်မည်ဖြစ်သည်။ အမိုက်မဲဆုံးအဖြစ်မှာ လူသားတို့သည် မိမိကိုယ်ကိုမိမိ သေကြောင်းကြံစည်နေခြင်းသာဖြစ်သည်၊ ကမ္ဘာကြီးကို မိမိတို့ကိုယ်တိုင်က ဖျက်ဆီးနေကြခြင်းသာ ဖြစ်သည်ကို မသိနိုင်၊ သတိမပြုနိုင်လောက်အောင် ငါတည်းဟူသော အတ္တဝါဒ၊ ဧက ဒဿနအပေါ် ဖင်ခုထိုင်နေကြသည့် အဖြစ်မှာ တုန်လှုပ်ဖို့ကောင်းလှသည်။
ထို့ကြောင့် မိမိသည်လည်း အဆုံးစွန်တွင် ပျက်စီးကိန်းဆိုက်မှာ သေချာလှသည့် ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်မှ ကိုယ့်တိုင်းပြည်၊ ကိုယ့်ဘာသာမှ ကိုယ့်ဘာသာ၊ အစွန်းရောက် စွဲလန်းမြှင့်တင်လိုခြင်း ဧကဝါဒကို အသိရှိရှိ အမြင်ကျယ်ကျယ် ဝေဖန်သုံးသပ်ကြဖို့ လိုအပ်ကြောင်း
တိုက်တွန်းလိုက်ပါသည်။
Credit - Mizzima News
No comments:
Post a Comment