Saturday, April 4, 2015

ကချင်၊ တအာင်း၊ ကိုးကန့်ဒေသများတွင် ယခုရက်ပိုင်း နယ်မြေတည်ငြိမ်နေ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းတပ်မတော် (TNLA)နှင့် ကိုးကန့်တပ်ဖွဲ့တို့နှင့် အစိုးရ စစ်တပ်တို့အကြား ယခုရက်ပိုင်းအတွင်း နယ်မြေအခြေအနေ တည်ငြိမ်လျက်ရှိသည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြောခွင့်ရသူများက ပြောသည်။ 

မတ်လ ၃၀ ရက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှုကြမ်းပါ အချက်များ သဘောတူညီမှု ရရှိပြီးနောက်ပိုင်း အစိုးရ
တပ်မတော်က မန်စီမြို့နယ် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေအတွင်း ထိုးစစ်ဆင်မှု မရှိသဖြင့် သုံးရက်ခန့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိကြောင်း KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

“တပ်အင်အား အလုံးအရင်းနဲ့ ကျွန်တော်တို့ ဒေသဘက်ကို ဝင်လာတယ်ဆိုရင်တော့ တိုက်ပွဲတော့ ဖြစ်ရမှာပဲ။ ဒါပေမဲ့ ဒီနှစ်ရက် သုံးရက်အတွင်းမှာ သူတို့ လှုပ်ရှားမှုက ငြိမ်နေတယ်။ စစ်ကြောင်းတွေက လှုပ်လှုပ်ရှားရှား မရှိရင်တော့ တိုက်ပွဲက ငြိမ်သွားဖို့ ရှိတယ်”ဟု သူက ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိခြင်းသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း အပြီးသတ်သဘောတူညီမှုနှင့် ဆက်စပ်မှု မရှိဟု ဦးလနန်က ပြောသည်။

“NCA မူကြမ်း အပြီးသတ်နိုင်တယ်ဆိုတာနဲ့တော့ ဆက်စပ်မှု မရှိဘူး။ စစ်ကြောင်းတွေရဲ့ လှုပ်ရှားမှု ငြိမ်တဲ့အတွက်ကြောင့်ပါ။ ခဏ ငြိမ်တဲ့အတွက်ကြောင့် တိုက်ပွဲ မရှိဘူးဆိုပြီး ပြောလို့ ရတာပါ။ တိုက်ပွဲက ဆက်ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ သူတို့ တပ်တွေ အင်အားကို ပြန်ဆုတ်သွားတာမျိုး၊ ခွာလိုက်တာမျိုးမရှိဘူး”ဟု သူက ပြောသည်။ 

မကြာမီရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သော မန်စီမြို့နယ်အတွင်း အစိုးရ တပ်မတော်၏ လှုပ်ရှားမှုများ ရှိနေပြီး အင်အား ဖြည့်တင်းမှုများ ရှိနေဆဲ ဖြစ်ကာ မဒန်ယန်နှင့် ကိုင်ထိပ်ကျေးရွာအကြား ကားလမ်းပေါ်တွင် ဒေသခံများကို စစ်ဆေးမှုများ ရှိနေသည်ဟုဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းပြည်သူများ လ္ဘက်ခူးချိန်ဖြစ်၍ တအာင်းတပ်မတော် TNLA လှုပ်ရှားမှုမရှိဘဲ အစိုးရ စစ်တပ်နှင့် ထိတွေ့မှု မရှိသည်မှာ ရက်သတ္တပတ်ခန့်ရှိပြီဟု TNLA ၏ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က ပြောသည်။

“ထိုးစစ်ကတော့ ပုံမှန်ဘဲ။ ပြန်ဆုတ်သွားတာ မရှိသေးဘူး။ ဒီအချိန်မှာ လက်ဖက် ခူးတဲ့ အချိန်ဖြစ်လို့ ပြည်သူတွေ အလုပ်လုပ်တဲ့ လက်ဖက်ခူတဲ့နေရာ အနီးတွေကို ကျနော်တို့က မသွား တော့ဘူး။ ကျွန်တော်တို့ လှုပ်ရှားမှုနည်းတဲ့အတွက် ကျနော်တို့နဲ့ ထိတွေ့မှုက လျော့သွားတယ်ပေါ့နော်” သူက မဇ္ဈိမကို ပြောသည်။

အလားတူ ကိုးကန့်ဒေသတွင်လည်း မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ကိုးကန့် လက်နက်ကိုင်တပ် (MNDAA) နှင့် အစိုးရ စစ်တပ်တို့အကြား မတ်လ ၂၇ ရက်မှ ဧပြီ ၂ ရက်နေ့ထိ မြေပြင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် နှစ်ရက်ကြာ တိုက်ပွဲ မဖြစ်သော်လည်း အစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်လက် ရှိနေသည်ဟု MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ကိုယ်စားလှယ်တို့ ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်ပြုလုပ်၍ NCA မူကြမ်းပါအချက်များ သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment