Saturday, April 4, 2015

ဇီးသီးဗန်းကိစ္စ စံချိန်စံညွှန်းမမီသည့် ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်၏ နာမည် သတင်းစာတွင် ဖော်ပြရန် လွှတ်တော် ဥက္ကဋ္ဌ ပြော

နေပြည်တော် (မဇ္ဈိမ)။ ။ နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်လျှက်ရှိသည့် အဆောက်အအုံများ စံချိန်စံညွှန်းမမှီသည့် ကုမ္ပဏီများကို စစ်ဆေးရေးအဖွဲ့ အမည်ပျက် စာရင်းသွင်းရာတွင် ကုမ္ပဏီနာမည်နှင့် လူပုဂ္ဂိုလ်နာမည်ပါ သတင်းစာတွင် ကြေညာပေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

“စစ်ဆေးရေးအဖွဲ့ အမည်ပျက်စာရင်း သွင်းသင်ပါသည်ဆိုတဲ့ ဥစ္စာလေးကို သတင်းစာမှာ ကြေညာဖို့ လိုပါတယ်။ ဒီကုမ္ပဏီ ဒီပုဂ္ဂိုလ်တွေ အမည်ပျက်စာရင်း သွင်းပါသည်။ ကုမ္ပဏီနာမည်နဲ့တင်
မရဘူး။ နောက်ကုမ္ပဏီ နာမည်နဲ့ ပြောင်းပြီး ဒီလူတွေက လုပ်နေမယ် တင်မရဘူး ။ ဒီကုမ္ပဏီ ဒီပုဂ္ဂိုလ်တွေကတော့ သတင်းစာမှာ ကြေညာဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား အမျိုးသားလွှတ်တွင် ထပ်ဆင့်မေးခွန်းအဖြစ် စံချိန်စံညွှန်မမှီသည့် ကုမ္ပဏီများကို မည်သို့အရေးယူ ဆောင်ရွက်လျက်ရှိသည်ကို သိလိုသည်ဟု မေးမြန်းခြင်းဖြစ်သည်။

ဒုတိယ၀န်ကြီး ဦးစိုးတင့်က အဆိုပါကိစ္စနှင့် ပတ်သက်ပြီး“ဝန်ကြီးဌာနပေါင်းစုံက ဆောင်ရွက်တဲ့အခါမှာ ဆောက်လုပ်ရေးတွေက စံချိန်စံညွှန်းမမီဘဲနဲ့ ဥက္ကဋ္ဌကြီး အမိန့်ရှိခဲ့သလိုပဲ ဇီးသီးဗန်းကိစ္စပေါ့။ တစ်ပြည်လုံး လိုက်စစ်ရပါတယ်။ ခုလည်း ဒုတိယအကြိမ် လိုက်စစ်ရမှာပါ။ လိုက်စစ်တဲ့အခါ တွေ့ရှိချက်တွေ ရှိပါတယ်။ ဒီတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တာဝန်ပေး စစ်ခိုင်းတဲ့  ပြည်ထောင်စုအစိုးရအဖွဲ့ကို အစီရင်ခံစာ တင်ထားပြီး ဖြစ်ပါတယ်”ဟု မေးမြန်းမှုကို ဖြေကြားသည်။

ထိုအပြင် အဆိုပါ စစ်ဆေးတွေ့ရှိချက်များကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားများအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဟု ဆက်ပြောသည်။ ပြည်ထောင်စု အစိုးရက အရေးယူမှုများနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်သို့ အကြောင်းကြားပေးလျှက်ရှိပြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ကိုယ်စားလှယ်များအား အသိပေးလျက်ရှိသည်ဟု ဦးခင်အောင်မြင့်က ပြောသည်။

ထို့အပြင် သတင်းစာများက လူနာမည်နှင့် ကုမ္ပဏီနာမည်များကိုပါ တိတိကျကျဖြင့် ကြေညာသွားရန် ထပ်မံ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ ယနေ့ကျင်းပသည့် လွှတ်တော်မှာ ကျန်းမာရေးဝန်ကြီးဌာနကို အဆောက်အအုံများ စံချိန်စံညွှန်းနှင့်အမီ ဆောက်လုပ်ခြင်း ရှိ မရှိကို သေချာစစ်ဆေးရန် တိုက်တွန်းခဲ့သည်။

မျိုးသားလွှတ်တော် ကိုယ်စားလှယ်များကလည်း မိမိမဲဆန္ဒနယ်များအတွင်းရှိ နိုင်ငံတော် ဘတ်ဂျက်ဖြင့် ဆောက်လုပ်လျက်ရှိသည့် အဆောက်အအုံများ စံချိန်စံညွှန်းမမီလျှင် ဓာတ်ပုံအထောက် အထားများနှင့်တကွ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ လက်မှတ်များဖြင့် နိုင်ငံတော် သမ္မတထံ တိုက်ရိုက်တိုင်ကြားလျက်ရှိသည်ဟု သိရသည်။


Credit - Mizzima News

No comments:

Post a Comment